DVB Logo
Home
မြန်မာသတင်း
ဂန့်ဂေါတွင် စစ်တပ်ပေါ်တာဆွဲခံရသည့် ၁၄ နှစ်အရွယ် ပျူစောထီး ၁ ဦး အလင်းဝင်
DVB
·
January 3, 2025
ဂန့်ဂေါတွင် စစ်တပ်ပေါ်တာဆွဲခံရသည့် ၁၄ နှစ်အရွယ် ပျူစောထီး ၁ ဦး အလင်းဝင်
Donate to DVB

မကွေးတိုင်း၊ ဂန့်ဂေါမြို့မှာ ဒီဇင်ဘာ ၃၀ ရက် မနက် ၁၀ နာရီဝန်းကျင်က စစ်ကောင်စီတပ်က ပေါ်တာဆွဲခံရတဲ့ အသက် ၁၄ နှစ်အရွယ် ပျူစောထီးတယောက် အလင်းဝင်လာတယ်လို့ သိရပါတယ်။

ဂန့်ဂေါ ပကဖ ပြောရေးဆိုခွင့်ရှိသူက “ပေါ်တာဆွဲခံရတာကတော့ ကျန်ခဲ့တဲ့ ၃ လကျော်လောက်ကလို့ သိရတယ်။ လက်နက်တွေဘာတွေတော့ ပါမလာပါဘူး။ ဂန့်ဂေါမြို့ပေါ် ပျူစောထီးဂိတ်ကနေ ထွက်ပြေးပြီး အလင်းဝင်လာတာပါ” လို့ ပြောပါတယ်။

ဂန့်ဂေါ ပကဖ ဆီကို အလင်းဝင်လာသူဟာ စစ်ကောင်စီတပ်ရဲ့ ပေါ်တာဆွဲခံရပြီး ပျူစောထီးအဖွဲ့ထဲ ထည့်သွင်းခံရသူ အသက် ၁၄ နှစ်အရွယ် မောင်ဖြိုးဝင်းသန့် ဖြစ်တယ်လို့ ဆိုပါတယ်။

ဂန့်ဂေါခရိုင် ပကဖ တာဝန်ခံ ဆရာကျော်က “သူ့ကို ဂန့်ဂေါမြို့ တောင်ဘက်နားက ပျူစောထီးခေါင်းဆောင် P2 ဖိုးဇော်ရဲ့ လောင်ထောင်ဂိတ်မှာ ဂိတ်စောင့်အခိုင်းခံထားရတာ ၃ လလောက်ရှိပြီ။ တာဝန်ချိန်မှာတော့ သေနတ်ပေးကိုင်တယ်လို့ သိရတယ်ဗျ။ ဒါပေမဲ့ အဲဒီအလုပ်တွေကို မလုပ်ချင်တော့လို့ဆိုပြီး ပအဖ၊ ပကဖက ရဲဘော်တွေနဲ့ချိတ်ပြီး အလင်းဝင်လာတာဖြစ်ပါတယ်။ အခုထိတော့ သူ့ကို ဂန့်ဂေါမြို့နယ် ပကဖ ဆီမှာပဲ ကောင်းကောင်မွန်မွန် ထိန်းသိမ်းစောင့်ရှောက်ပေးထားပါတယ်” လို့ DVB ကို ပြောပါတယ်။

ဒီဇင်ဘာ ၁၈ ရက်ကလည်း ချင်းပြည်နယ်၊ တီးတိန်မြို့အခြေစိုက် ခလရ ၂၆၈ က တပ်သား စစ်ပိုင်ဖြိုး (ခေါ်) ကိုဖြိုး၊ ကိုယ်ပိုင်နံပါတ် - တ/၅၇၁၄၉၅ ဟာလည်း လက်နက်ခဲယမ်းတွေနဲ့အတူ ဂန့်ဂေါမြို့နယ် ပကဖ ဆီကို အလင်းဝင်ရောက်လာခဲ့တဲ့အတွက် ဆုကြေးငွေ သိန်း ၅၀ ချီးမြှင့်ပေးခဲ့ပါတယ်။

စစ်ကောင်စီတပ်ရဲ့ လက်အောက်ခံတွေအနေနဲ့ အမြန်ဆုံး အလင်းဝင်ရောက်ကြဖို့နဲ့ လက်နက်နဲ့ အလင်းဝင်ရောက်လာသူတွေကို ထိုက်သင့်တဲ့ဆုကြေးငွေတွေ ချီးမြှင့်သွားမှာဖြစ်ပြီး အလင်းဝင်ရောက်လာကြသူတွေကိုလည်း အစစအရာရာ အဆင်ပြေအောင် စီမံဆောင်ရွက်ပေးသွားမှာ ဖြစ်တယ်လို့လည်း ဂန့်ဂေါခရိုင် ပကဖ ဆီကနေ သိရပါတယ်။

နိုဝင်ဘာ ၂၇ ရက်ကလည်း ဂန့်ဂေါမြို့မရဲစခန်းက ရဲတပ်သားတယောက် လက်နက်ခဲယမ်းတွေနဲ့အတူ ထွက်ပြေးလာပြီး ဒေသခံတော်လှန်ရေးအဖွဲ့တခုဆီကို လက်နက်အပ်နှံပြီး အလင်းဝင်ရောက်ခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013