DVB Logo
Home
မြန်မာသတင်း
ဆီဂါလန် ၆၀၀၀၀ ကျော်ကို စစ်ကောင်စီဖမ်းဆီး  
DVB
·
January 3, 2025
ဆီဂါလန် ၆၀၀၀၀ ကျော်ကို စစ်ကောင်စီဖမ်းဆီး  
Donate to DVB

ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်(မြောက်ပိုင်း)ကို စက်သုံးဆီ ပို့ဆောင်ရောင်းဝယ်နေသူတွေနဲ့ ဆီဂါလန် ၆၀၀၀၀ ကျော်ကို ဖမ်းဆီးခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

စစ်ကောင်စီက သူတို့အနေနဲ့ ပြည်တွင်းမှာ စက်သုံးဆီဖူလုံမှုရှိစေရေးအတွက် စဉ်ဆက်မပြတ် ကြိုးပမ်းနေတာကြောင့် MNDAA၊ TNLA၊ KIA နဲ့ PDF အဖွဲ့တွေ အခြေပြုနေထိုင်နေတဲ့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်(မြောက်ပိုင်း)က တချို့ဒေသတွေဆီ ပြည်မအတွင်းက စက်သုံးဆီတွေ သယ်ဆောင်ရောင်းမချနိုင်အောင် ပိတ်ဆို့တားဆီးထားတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ တချို့ဒေသတွေမှာ လုံခြုံရေးဆိုင်ရာအကန့်အသတ်ရှိတာကို အခွင့်ကောင်းယူပြီး ရှောင်ကွင်းလမ်းတွေကနေ နည်းမျိုးစုံနဲ့သယ်ဆောင်ပြီး စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်(မြောက်ပိုင်း)ဒေသတွေမှာ ဈေးနှုန်းအဆမတန် မြှင့်တင်ရောင်းချနေတာကို တာဝန်သိပြည်သူတွေရဲ့ သတင်းပေးပို့မှုအရ သိရကြောင်းလည်း ထုတ်ပြန်ပါတယ်။

သူတို့ထုတ်ပြန်ချက်အရ သူတို့ကပိတ်ပင်ထားလို့ အဲဒီဒေသကပြည်သူတွေအတွက် စက်သုံးဆီကို နည်းမျိုးစုံနဲ့ သယ်ဆောင်ရောင်းချပေးနေသူတွေကို ဖမ်းဆီးလိုက်တာပေါ်လွင်နေပါတယ်။

ဒီဇင်ဘာ ၂၇ ရက်က မန္တလေးမြို့နေပိုင်ရှင် ဦးသိန်းသန်းဝင်း ပိုင်ဆိုင်တဲ့ သိန်းသန်းစက်သုံးဆီခြံ၊ ဆားတောင်မြို့နေ ဒေါ်ထက်ထက်မျိုးဆွေ ဦးစီးလုပ်ကိုင်နေတဲ့ စက်သုံးဆီခြံ၊ မြင်းမူမြို့နေ ဒေါ်ဇင်မာမြင့် ဦးစီးလုပ်ကိုင်နေတဲ့ စက်သုံးဆီခြံ၊ မြစ်ငယ်မြို့နေ ကိုမျိုးမင်း ပိုင်ဆိုင်တဲ့ စက်သုံးဆီခြံနဲ့ Golden Star စားသောက်ဆိုင်နားမှာ ရပ်တန့်ထားတဲ့ စက်သုံးဆီရောင်းဝယ်တဲ့ ယာဉ်တွေ စတဲ့ ၅ နေရာကို စစ်ကောင်စီက ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနေရာကနေ လူ ၁၇ ယောက်၊ ၂၂ ဘီး ဆီသယ်ယာဉ် ၄ စီး၊ ဆီနောက်တွဲယာဉ် ၁ စီး၊ ဘီ ၂ဝ ဆီသယ်ယာဉ် ၃ စီး၊ ၁၂ ဘီး ဆီသယ်ယာဉ် ၁ စီး၊ ၁ဝ ဘီး ဆီသယ်ယာဉ် ၃ စီး၊ ၈ ဘီးဆီသယ်ယာဉ် ၁ စီး၊ ၆ ဘီး ဆီသယ်ယာဉ် ၃ စီး၊ Light Truck ယာဉ် ၅ စီး၊ Toyota Van ၁ စီး၊ စုစုပေါင်းယာဉ် ၂၂ စီး၊ ပရီမီယမ်ဒီဇယ် ၃ဝ,ဝ၈၃ ဂါလန်၊ အောက်တိန်း 92 ဓာတ်ဆီ ၃၀,၄၆၂ ဂါလန်၊ စုစုပေါင်း စက်သုံးဆီမျိုးစုံ ၆၀,၅၄၅ ဂါလန်နဲ့ စက်သုံးဆီ အရောင်းအဝယ်လုပ်တဲ့ ငွေတွေကို ဖမ်းဆီးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

ဒီဆီတွေကို ဖားကန့်ဒေသက ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းတွေ၊ တနိုင်းဒေသက ရွှေနဲ့ ပယင်းမှော်လုပ်ငန်းတွေ၊ ကောလင်းဒေသက ရွှေလုပ်ကွက်တွေနဲ့ ချင်းတွင်း မြစ်ကြောင်းတလျှောက်က ရွှေလုပ်ကွက်တွေ၊ စဉ့်ကူးမြို့နယ်၊ သပိတ်ကျင်းဒေသက ရွှေလုပ်ကွက်တွေ၊ မိုးကုတ်ဒေသက ကျောက်မျက်တူးဖော်ရေးလုပ်ကွက်တွေဆီ ပို့ဆောင်ရောင်းချနေတာလို့လည်း ဆိုပါတယ်။

စစ်ကိုင်းတိုင်းက ဒေသခံတွေဟာလည်း တရားဝင်ဖွင့်ထားတဲ့စက်သုံးဆီဆိုင်တွေက ဆီတွေကို ဝယ်ယူစုဆောင်းပြီး အရေအတွက်များလာရင်  တရားမဝင်ဆီသိုလှောင်ခြံတွေဆီမှာ သွားရောင်း တာကြောင့် ပြည်တွင်းဈေးကွက်မှာ စက်သုံးဆီဈေးနှုန်းမြင့်တက်လာခဲ့ပြီး ဆီဈေးနှုန်းကြီးမြင့်တာပေါ် အခြေခံပြီး အခြေခံစားသောက်ကုန်တွေရဲ့ဈေးနှုန်းတွေလည်း မြင့်တက်နေတာကို စိစစ်တွေ့ရှိရတယ်လို့ ပြည်ဖျက်နေတဲ့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013