DVB Logo
Home
မြန်မာသတင်း
ဘုတလင် ကူတော်ရွာရဲစခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များ စခန်းစွန့်ထွက်ပြေး
DVB
·
January 2, 2025
ဘုတလင် ကူတော်ရွာရဲစခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များ စခန်းစွန့်ထွက်ပြေး
Donate to DVB

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် မြောက်ဘက်မှာရှိတဲ့ ကူတော်ရွာနယ်မြေခံရဲစခန်းက စစ်ကာင်စီတပ်ဖွဲ့ဝင်တွေဟာ ဒီဇင်ဘာ ၃၁ ရက် မနက်ပိုင်းက စခန်းစွန့်ခွာ ထွက်ပြေးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

အဆိုပါစစ်သားတွေဟာ စခန်းစွန့်ခွာသွားပြီး ဘုတလင်မြို့ပေါ်ကို သွားရောက်ပူးပေါင်းတာလည်း ဖြစ်ပါတယ်။

ဒေသခံရွာသားတယောက်က “စခန်းထဲက စစ်သားတွကို စစ်ကြောင်းနဲ့ လာခေါ်သွားတာ ဖြစ်မယ်ဗျ။ စခန်းထဲမှာ စစ်သားမရှိတော့ဘူး ဆိုတာကိုတော့ ဒီနေ့ ဇန်နဝါရီ ၁ ရက် နေ့ခင်း ၂ နာရီလောက်မှ သိရတယ်။ စခန်းထဲကိုတော့ အခုမှ ပြည်သူ့ကာကွယ်ရေးတပ်တွေက ရှင်းလင်းရေးလုပ်နေတယ်ဗျ။ ဒါပြီးတော့ သူတို့စစ်ကြောင်းနဲ့အတူ ခေါ်လာတဲ့ ဘုတလင်မြို့ပေါ်က အသက် ၃၁ နှစ် ဝန်းကျင် အမျိုးသားတဦးကိုလည်း တလိုင်းရွာအနီး အုန်းခြံအတွင်းမှာ သတ်ထားခဲ့ကြတယ်။ အလောင်းကိုတော့ ဒီနေ့ ဇန်နဝါရီ ၁ ရက်နေ့ ညနေပိုင်းမှ တွေ့ခဲ့ရတယ်ဗျ။ စစ်ကြောင်းကတော့ ဒီဇင်ဘာ ၃၁ ရက်နေ့ ညနေပိုင်းကတည်းက ဘုတလင်မြို့‌ထဲကို ဝင်သွားတာ” လို့ ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ ကူတော်ရွာ နယ်မြေခံရဲစခန်းက စစ်သားတွေကို ခေါ်ယူဖို့ ဒီဇင်ဘာ ၂၅ ရက်က နမခတပ်အတွင်းက‌နေ စစ်ကြောင်းထိုးလာပြီး ပြည်သူ ၂၅၀ ကိုလည်း စစ်ကြောင်းနဲ့အတူ ဖမ်းဆီးခဲ့ပါသေးတယ်။

အဆိုပါ ဓားစာခံပြည်သူ ၂၅၀ ထဲက ပြည်သူ ၈ ယောက်ကိုတော့ ဒီနေ့ ဇန်နဝါရီ ၁ ရက် မနက်ပိုင်းက ပြန်လွှတ်ပေးပြီး ကျန်တဲ့ ၂၄၀ ကျော်ကိုတော့ ဖမ်းဆီးထားဆဲဖြစ်တယ်လို့လည်း သိရပါတယ်။

ဇီးတောရွာက ပြည်သူတယောက်က “ကျနော်တို့ ဇီးတောရွာက ဓားစာခံ ၈ ဦးတော့ ဒီနေ့မနက်မှာ ပြန်လွှတ်ပေးလိုက်တာကတော့ အတိအကျ ပြောလို့ရတယ်။ လွတ်တဲ့ပြည်သူ ၈ ဦးထဲမှာက အမျိုးသား ၂ ဦး၊ အမျိုးသမီး ၆ ဦးကို ပြန်လွှတ်ပေးလိုက်တာပါဗျ။ ကျန်တဲ့ရွာကပြည်သူတွေကိုတော့ ပြန်လွှတ်ပေးသံလည်း မကြားရသေးဘူး။ လွတ်သံလည်း မကြားရသေးဘူး။ ဘုတလင်မြို့ကနေ မုံရွာနမခအထိ ခေါ်သွားဦးမယ်လို့လည်း သိထားရတယ်” လို့ ပြောပါတယ်။

တော်လှန်ရေးအင်အားစုနဲ့ နီးစပ်သူတယောက်က “မနေ့ကတော့ ဘုတလင်နယ် ကူတော်ခြံကနေ ပြန်ထွက်လာတဲ့ စခတွေကို BGA တပ်ပေါင်းစုက မိုင်းဆွဲတိုက်ခိုက်တာတွေ ပြုလုပ်ခဲ့သေးတယ်ဗျ။ စခတွေ ထိခိုက်ဒဏ်ရာရပြီး တလိုင်းရွာဘုန်းကြီးကျောင်းထဲကို ဝင်ရောက် ဆေးကုနေကြသေးတယ်။ အဲဒီအချိန်မှာလည်း တော်လှန်ရေးဘက်က ဒရုန်းယာဉ်နဲ့ ဗုံးသီးချပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ကြသေးတယ်။ စစ်တပ်ကတော့ အထိအခိုက် အကျအဆုံးများစွာနဲ့ ဘုတလင်မြို့ထဲ ဝင်သွားကြတယ်” လို့ ပြောပါတယ်။

ကူတော်ရွာ နယ်မြေခံရဲစခန်းအတွင်းကို ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ရှင်းလင်းရေး ပြုလုပ်ခဲ့ပြီး လက်နက်ခဲယမ်းတွေနဲ့ ပစ္စည်းတချို့ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

ဒေသခံ တိုက်နယ်အတွင်းက ရဲဘော်တယောက်က “သူတို့ စခန်းစွန့်ခွာသွားတာသိလို့ ကျနော်တို့ စခန်းအတွင်း ရှင်းလင်းရေးသွားလုပ်ခဲ့တယ်ဗျ။ ဒီကောင်တွေ စခန်းကို ဖျက်ဆီးထားခဲ့ပြီး စခန်းအတွင်းရော၊ ရွာအဝင်အထွက်လမ်းတွေကိုရော နင်းမိုင်းတွေ၊ တိုက်မိုင်းတွေ ထောင်ထားခဲ့တယ်ဗျ။ အဲဒါတွေကို ကျနော်တို့အဖွဲ့တွေက ရှင်းလင်းပြီး သိမ်းဆည်းခဲ့ပါတယ်ဗျ။ စခန်းအတွင်းက ပြည်သူတွေဆီကနေ ဖမ်းဆီးထားတဲ့ ဆိုင်ကယ် ၅ စီး၊ ကားမျိုးစုံ၊ မီးစက်‌တွေကိုလည်း သိမ်းဆည်းခဲ့တယ်ဗျ။ ကျည်ဆန်က 502 ကျည် ၅ ဘူးလည်း သိမ်းဆည်းရမိခဲ့တယ်ဗျ။ စခန်းထဲက သိမ်းဆည်းရမိတဲ့ ပြည်သူပစ္စည်းတွေကိုလည်း ပိုင်ရှင်တွေထံ ပြန်လည်ပေးအပ်သွားမယ်” လို့ ပြောပါတယ်။

ကူတော်ရွာနယ်မြေခံရဲစခန်းကို ၂၀၂၂ ခုနှစ် ဧပြီ ၈ ရက်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းပြီး စခန်းသိမ်းနိုင်ခဲ့ကာ စစ်တပ်က ၂၀၂၃ ခုနှစ် ဇွန် ၁၀ ရက်မှာ လေကြောင်းတိုက်ခိုက်မှုအပြင် အင်အားအများအပြားနဲ့ ကူတော်ရွာရဲစခန်းထဲ နောက်တကြိမ် ပြန်လည်ဝင်ရောက်လာကာ အထိုင်ချ တပ်စွဲခဲ့တာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013