စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ညသပိတ်လှုပ်ရှားမှုတခုကို “ကြောက်စိတ်တွေကိုဖယ်ရှား အမှောင်ခေတ်ကို ရဲရဲကျော်လွှား” ဆိုတဲ့ ကြွေးကြော်သံနဲ့ ဒီဇင်ဘာ ၃၁ ရက် နှစ်သစ်ကူးကြိုဆိုတဲ့ညမှာ ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီက ဦးဆောင် ပြုလုပ်ခဲ့ပါတယ်။
ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်မှာ ဒီဇင်ဘာ ၃၁ ရက် ညသပိတ်လှုပ်ရှားမှုအချိန်အတွင်း လောင်းလုံးမြို့ အောက်ဘက်ကျေးရွာအနီး ပင်လယ်ပြင်မှာ စစ်ကောင်စီတပ် စစ်သင်္ဘောတွေကို နေရာအနှံ့ ချထားတာလည်း ဖြစ်ပါတယ်။
ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီရဲ့ တာဝန်ခံ ကိုမင်းလွင်ဦးက “အခြေအနေကတော့ လုံခြုံတယ်ရယ်လို့တော့ မဟုတ်ဘူး။ မလုံခြုံတဲ့ ကြားကပဲ လူထုသပိတ်တွေ တောက်လျှောက်လှုပ်ရှားရတဲ့ အခြေအနေ ဖြစ်တာပေါ့။ လှုပ်ရှားတဲ့အခါမှာ ပွင့်ပွင့်လင်းလင်း ပြောရရင် ပြည်သူတွေက လုံခြုံရေးအတွက် စိုးရိမ်မှုက မကင်းဘူးဗျာ။ စိုးရိမ်ရတဲ့ အနေအထားမျိုး ရှိနေတယ် ဆိုတဲ့အခါကျတော့ သပိတ်မှာ လူအင်အားတွေက အရင်ကထက် အင်အားနည်းလာတာမျိုးတွေ ကြုံလာရတယ်။ မကြာသေးခင်ကလည်း ကျောက်နီမော်ဘက်မှာ ဂျက်ဖိုက်တာတွေ ပျံပြီးတော့ ဗုံးတွေချထားတဲ့ အခြေအနေဆိုတော့ ပြည်သူလူထုက စိုးရိမ်တာတွေ ကြုံလာရတဲ့ အနေအထားမျိုးတော့ ရှိတာပေါ့ဗျာ” လို့ ပြောပါတယ်။
ဒီညသပိတ်မှာတော့ စစ်ခေါင်းဆောင်တွေရဲ့ ယုတ်မာမိုက်မဲမှုတွေကြောင့် ပြည်သူတရပ်လုံး ဒုက္ခပေါင်းစုံ ကြုံခဲ့ရတဲ့ နှစ်ဟောင်းကနေ လာမယ့်နှစ်သစ်မှာ အာဏာရှင်တွေကို ဖြုတ်ချနိုင်ဖို့ အင်တိုက်အားတိုက် ဆက်လက်ချီတက်ကြမယ်ဆိုတဲ့ ကြွေးကြော်သံတွေနဲ့ ချီတက်ခဲ့ကြပြီး လက်ရှိ တော်လှန်ရေးအခင်းအကျင်း ဖြစ်ပေါ်ပြောင်းလဲမှုတွေနဲ့ ပတ်သက်ပြီး ဟောပြောတာတွေ ပြုလုပ်ခဲ့ကြပါတယ်။
ကိုမင်းလွင်ဦးက “ထားဝယ်မြို့ပေါ် ဧရိယာမှာ စစ်ရေးအရရော၊ နိုင်ငံရေးအရရော၊ လုံလောက်တဲ့ ဖိအားပေးမှု မဖြစ်သေးဘူး။ စစ်ရေးနည်းလမ်းတခုတည်းနဲ့ အာဏာရှင် အဆုံးသတ်ရေးက မြန်မြန်ဆန်ဆန် ပြီးသွားနိုင်လားလို့ မေးမယ်ဆိုရင် ကျနော်တဦးတယောက်တည်းရဲ့ အမြင်က မပြီးနိုင်ဘူးဗျ။ ဆိုတော့ လာမယ့် နှစ်သစ်မှာ စစ်ရေးအရ တော်လှန်သလိုပဲ နိုင်ငံရေးအရလည်း ပြင်းပြင်းထန်ထန် တော်လှန်ဖို့ လိုတယ်ဆိုတာကို အဓိကထားပြီး ပြောချင်တယ်” လို့ ပြောပါတယ်။
ဒီညသပိတ်လှုပ်ရှားမှုမှာ နွေဦးတော်လှန်ရေး အပါအဝင် ခေတ်အဆက်ဆက် ဒီမိုကရေစီအရေး တိုက်ပွဲတွေအတွင်း ကျဆုံးခဲ့ရတဲ့ အာဇာနည်သူရဲကောင်းတွေအတွက်လည်း တမိနစ်ငြိမ်သက်ပြီး ဆုတောင်းပေးခဲ့ကြပါတယ်။
မြတ်သဇင်