
ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်မှာ စစ်ကောင်စီတပ်ကစစ်ကြောင်း ထိုးနေတာကြောင့် ဒေသခံတွေ ထွက်ပြေတိမ်းရှာင်နေရ ပါတယ်။
ဒီဇင်ဘာ ၃၀ ရက်ကစတင်ပြီး စစ်ကောင်စီတပ်က ကျုံပျော်မြို့နယ်ထဲက အင်းတယော်ရွာ၊ ပုလင်းကျေးရွာ၊ သဌေးကုန်းကျေးရွာ၊ ညောင်ကုန်းကျေးရွာစတဲ့ရွာတွေမှာ စစ်ကြောင်းထိုးကာ လယ်ယာလုပ်ငန်းခွင်တွေဘက်ကို ပစ်ခတ်နေတာလို့ ဒေသခံတွေက ဆိုပါတယ်။
ဒေသခံ အမျိုးသမီး တယောက်က“သေနတ်တွေနဲ့ ပစ်နေတာ၊ ဘာလုပ်ရဲမှာလဲ။ စစ်သားတွေ တော်တော်များတယ်။ PDF ဝင်လာတယ်ဆိုပြီး တော်နင်း ပစ်ခတ်နေတာလို့သိရတာဘဲ။ ဒီဘက်မှာ တိုက်ပွဲတွေဖြစ် လာလောက်တယ်။ ကြောက်နေတယ်၊ အခု အလုပ်ပြစ်ထားပြီးရှောင်နေတာ”လို့ ပြောပါတယ်။
စစ်ကောင်စီ တပ်ကခန့်မှန်း အင်အား ၄၀ နဲ့ ၅၀ လောက်နဲ့ စစ်ကြောင်းထိုးနေတဲ့အပြင် နေ့အိမ်တွေမှာရှိတဲ့ အမျိုးသားတိုင်းကို အခုရက်ပိုင်းထဲ ခရီးမသွားဖို့ အုပ်ချုပ်ရေးအဖွဲ့က ပြောဆိုထားလို့ အလုပ်တွေပါ ကောင်းကောင်း မလုပ်ရဘူးဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်တပ်နဲ့ နီးစပ်သူတယောက်က ''စစ်ကြောင်းထိုးတာအခု ၂ ရက်ရှိပြီလေ။ အဲ့ဒီကျေးရွာတွေမှာ PDF ရှိတယ်ဆိုပြီး စစ်ကြောင်းထိုးနေတာလို့သိရတယ်။ ကျုံပျော်အခြေစိုက်တပ်က စကစတပ်တွေနဲ့စစ်မှုထမ်း တပ်သားတွေပေါင်းပြီး နယ်မြေရှင်းလင်းတာပေါ့''လို့ ပြောပါတယ်။
ကျုံပျော်မြို့နယ် ကျေးရွာတွေဘက်မှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေတဲ့အပြင် မြို့ပေါ်ရပ်ကွက်နဲ့မြို့အဝင် နေရာတွေမှာ စစ်ကောင်စီတပ် ၊ ရဲတွေ တင်းတင်းကျပ်ကျပ် စစ်ဆေးနေ ပါတယ်။
၂၀၂၄ ခုနှစ် ဖေဖော်ဝါရီကလည်း ကြံခင်းနဲ့ မြန်အောင် စတဲ့ရခိုင်ရိုးမနဲ့ ထိစပ်နေတဲ့ မြို့နယ်တွေထဲက ကျေးရွာတွေကို စစ်ကောင်စီတပ်က ရခိုင်ပြည်နယ်က PDF တွေ လာတိမ်း ရှောင်နေတယ် လို့ဆိုကာ စစ်ကြောင်းထိုးပြီး ဒေသခံ အရပ်သား ၁၂ ယောက်ကို ဖမ်းဆီး စစ်ဆေးခဲ့ ပါတယ်။










