
ကိုဗစ်-၁၉ ရောဂါကပ်ဘေးကြောင့် ၅ နှစ်ကြာ ပိတ်ထားရတဲ့ နီပေါနိုင်ငံက ကွန်ဖူးသီလရှင်ကျောင်းကို အသက် ၁၇ နှစ်ကနေ ၃၀ အရွယ်ရှိ သီလရှင်တွေက ကွန်ဖူး စွမ်းရည်ပြသပြီး ပြန်လည်ဖွင့်ခဲ့ပါတယ်။
အစောပိုင်းက နီပေါမှာ သီလရှင်တွေဟာ ချက်ပြုတ်၊ သန့်ရှင်းရေး လုပ်ငန်းတွေကိုသာ လုပ်ခွင့်ရှိပြီး ကိုယ်ခံပညာသင်ကြားခွင့် မရှိပါဘူး။
ဒါပေမဲ့ နီပေါဘုန်းတော်ကြီးတပါးက အမျိုးသမီးတွေကို ကျန်းမာရေးနဲ့ စိတ်ကြံ့ခိုင်ဖို့ ကွန်ဖူးသင်ကြားခွင့် ပြုခဲ့တာဖြစ်ပါတယ်။
အသက် ၂၄ နှစ်အရွယ် သီလရှင် ဂါမိုက “ကွန်ဖူးကနေ ယုံကြည်မှုတွေ ရပါတယ်။ လူ့အဖွဲ့အစည်းကို ကျမအနေနဲ့ အမှန်တကယ် ကူညီစေချင်ပါတယ်။ အမျိုးသမီးငယ်တွေ သူတို့ရဲ့ ကိုယ်ပိုင်အင်အားကို တည်ဆောက်နိုင်ဖို့ ကူညီပေးချင်ပါတယ်” လို့ ပြောပါတယ်။
၂၀၀၉ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့တဲ့ သီလရှင်ကျောင်းဟာ အခုအချိန်မှာ အသက် ၆ နှစ်ကနေ ၅၄ နှစ် အရွယ်ရှိ အမျိုးသမီးပေါင်း ၃၀၀ အထိ ရှိပြီ ဖြစ်ပါတယ်။
ဒီကျောင်းက သီလရှင်အများစုဟာ ဘူတန်၊ အိန္ဒိယနဲ့ နီပေါနိုင်ငံတို့က လာရောက်ကြတာဖြစ်ပြီး တရုတ် ကိုယ်ခံပညာဖြစ်တဲ့ ကွန်ဖူးကို လေ့ကျင့်ရပါတယ်။
Source : Reuters