DVB Logo
Home
မြန်မာသတင်း
မင်းတပ်မြို့က ထွက်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးကို ဖမ်းမိ
DVB
·
January 1, 2025
မင်းတပ်မြို့က ထွက်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးကို ဖမ်းမိ
Donate to DVB

ချင်းပြည်နယ်၊ မင်းတပ်မြို့ကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ ဗျူဟာအမှတ် ၈၁ (ယောဗျူဟာ) က ဒီဇင်ဘာ ၃၁ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

ဗျူဟာအမှတ် ၈၁ (ယောဗျူဟာ) ရဲ့ ပြန်ကြားရေးတာဝန်ခံက “သူတို့က မင်းတပ်အခြေစိုက် ခလရ ၂၇၄ တပ်ရင်းကပါ။ မင်းတပ်တိုက်ပွဲတွေအတွင်း စခန်းစွန့်ခွာ ထွက်ပြေးလာကြရင်း ကျနော်တို့နယ်မြေထဲမှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်” လို့ ပြောပါတယ်။

အဆိုပါ ဖမ်းဆီးရမိသူတွေဟာ စစ်ကောင်စီတပ်သားတွေဖြစ်ကြတဲ့ ဇော်မျိုးထွဋ် (တတ-၁၃၁၈၈၉)၊ ကျော်လတ် (တတ-၁၃၁၇၄၄)၊ လှခိုင် (တတ-၁၂၃၆၇၀) တို့ ဖြစ်တယ်လို့ သိရပါတယ်။

ဗျူဟာအမှတ် ၈၁ (ယောဗျူဟာ) ရဲ့ ယာယီဗျူဟာမှူး သခင်ဇော်က “သူတို့မှာ လက်နက်ခဲယမ်းတွေတော့ ပါမလာကြဘူး။ လမ်းမှာ ဝှက်ထားခဲ့တာလို့တော့ သိရတယ်ဗျ။ အခုလောလောဆယ်မှာ သူတို့ကို ကျနော်တို့ဆီမှာပဲ ထိန်းသိမ်းထားပြီးတော့ အရေးယူ ဆောင်ရွက်မယ့်အပိုင်းကို ခရိုင်ကွပ်ကဲရေးရဲ့ အစီအမံနဲ့ ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” လို့ DVB ကို ပြောပါတယ်။

ကျောက်ထု-ဆော-လောင်းရှည် လမ်းပိုင်းတွေကို ဒေသခံ တော်လှန်ရေးတပ်ဖွဲ့တွေက စိုးမိုးထိန်းချုပ်ထားတဲ့အတွက် မင်းတပ်နဲ့ ကန်ပက်လက် မြို့သိမ်းတိုက်ပွဲတွေအတွင်း ထွက်ပြေးလာကြတဲ့ စစ်ကောင်စီလက်အောက်ခံတွေဟာ တောလမ်းတွေကနေ ထွက်ပြေးနေကြတယ်လို့လည်း သူက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၇ ရက်ကလည်း မင်းတပ်မြို့အခြေစိုက် ခလရ ၂၇၄ ကနေ ထွက်ပြေးလာကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ယောက်နဲ့ မိသားစုဝင် ၄ ယောက်ကို အရှင်ဖမ်းဆီးရမိခဲ့ပါသေးတယ်။

မင်းတပ်မြို့နဲ့ ကန်ပက်လက် မြို့သိမ်းတိုက်ပွဲတွေကနေ ထွက်ပြေးလာကြတဲ့ စစ်ကောင်စီလက်အောက်ခံတွေဟာ မကွေးတိုင်းအတွင်းက ကျောက်ထုမြို့နယ်ဘက်ကိုလည်း ထွက်ပြေးသွားကြသူတွေ ရှိကြတယ်လို့ ဒေသခံ ပကဖ တွေဆီကနေ သိရပေမဲ့ DVB အနေနဲ့တော့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဗျူဟာအမှတ် ၈၁ (ယောဗျူဟာ) တပ်ရင်းဟာ ဂန့်ဂေါခရိုင်အမှတ် ၁၃၊ ၁၅၊ ၁၆၊ ၁၇၊ ၁၈ တပ်ရင်းတွေ စုပေါင်းဖွဲ့စည်းထားကြတာဖြစ်ပြီး ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေကို စစ်ဥပဒေနဲ့အညီ ထိန်းသိမ်းထားပြီး လိုအပ်တဲ့ တကိုယ်ရေအသုံးအဆောင်ပစ္စည်းတွေ ဖြည့်ဆည်းပေးတာတွေအပြင် ကျန်းမာရေးစောင့်ရှောက်မှုတွေနဲ့ ဆေးဝါးကုသမှုပေးတာတွေကိုပါ ဆောင်ရွက်ပေးထားတယ်လို့ ဆိုပါတယ်။

ယောဒေသအတွင်း စစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်းဆောင်နေကြတဲ့ စစ်ကောင်စီ လက်အောက်ခံတွေအနေနဲ့ ပြည်သူ့ရင်ခွင်ကို ခိုလှုံလိုပါက ဗျူဟာ ၈၁ (ယောဗျူဟာ) ဆီကို ဆက်သွယ်နိုင်ပြီး လက်နက်အပြည့်အစုံနဲ့ အလင်းဝင်ရောက်လာသူတွေကို ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်ပေးသွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

ချင်းညီနောင်အဖွဲ့တွေဟာ မင်းတပ်မြို့အခြေစိုက် စစ်ကောင်စီလက်အောက်ခံ ခလရ ၂၇၄ တပ်ရင်းကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၁ ရက်မှာ တိုက်ခိုက်သိမ်းပိုက် ရရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013