
ချင်းပြည်နယ် မင်းတပ်မြို့ကို စစ်အာဏာရှင်တပ်က အောက်တိုဘာ ၃ ရက်နေ့က လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အသက် ၉၀ အရွယ် အဘိုးအိုတယောက် သေဆုံးပြီး နေအိမ်အများအပြားလည်း ထိခိုက်ပျက်စီးသွားတယ်လို့ မင်းတပ်ဒေသခံတွေဆီက သိရပါတယ်။
စစ်အာဏာရှင်တပ်က အောက်တိုဘာ ၃ ရက်နေ့ မွန်းလွဲ ၁ နာရီ ၅၀ မိနစ်၊ ၁ နာရီ ၅၅ မိနစ်နဲ့ ၂ နာရီခန့်တို့မှာ ဂျက်ဖိုက်တာ ၃ စင်းနဲ့ မင်းတပ်မြို့တွင်း နေရာ ၂ ခုနဲ့ မြို့အနီး နေရာတခုကို ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သားတယောက်သေဆုံးကာ နေအိမ်အချို့လည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ မင်းတပ်ဒေသခံ HKL Mindat က သူရဲ့ လူမှုရက်ကွန်စာမျက်နှာမှာ ရေးသားထားပါတယ်။
လက်ရှိမှာ မင်းတပ်မြို့နယ်အတွင်း နှစ်ဖက်ထိတွေ့ တိုက်ပွဲတွေမရှိဘဲ စစ်အာဏာရှင်တပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ မင်းတပ်ဒေသခံတွေက ပြောကြပါတယ်။
စစ်အာဏာရှင်တပ်ဟာ ချင်းပြည်နယ် တောင်ပိုင်းက မင်းတပ်၊ ကန်ပက်လက်နဲ့ ကျင်းဒွေးမြို့တွေကို သိမ်းပိုက်ရရှိနိုင်ဖို့ စစ်ကြောင်း ၃ ခုနဲ့အတူ ဆောမြို့နယ်အတွင်းကနေ မေလကတည်းက ထိုးဖောက်နိုင်ဖို့ ကြိုးပမ်းနေတာဖြစ်ပြီး ချင်းပြည်သူ့တပ်မတော်(CPU/CPA)နဲ့ မဟာမိတ် ပူးပေါင်းတပ်တွေက အကောင်းဆုံး ခုခံထားကြတာကြောင့် စစ်ကြောင်းတွေဟာ အထိနာပြီး ရှေ့မတိုးနိုင် ဖြစ်နေကြပါတယ်။
စစ်အာဏာရှင်တပ်ဟာ မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တွေကို ထိုးစစ်ဆင်နေတဲ့ ၂၀၂၆ ခုနှစ် မေလကတည်းက လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်နေလို့ မြို့ခံအများစုဟာလည်း ဘေးလွတ်ရာ နေရာတွေကို စစ်ဘေးရှောင်နေကြရပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ချင်းပြည်နယ် မြောက်ပိုင်းက ဖမ်းလမ်း၊ တွန်းဇံမြို့နယ်တွေကို သိမ်းပိုက်ပြီးနောက် ချင်းပြည်နယ် တောင်ပိုင်းက မင်းတပ်၊ ကန်ပက်လက်မြို့နယ်တွေကတဆင့် ရခိုင်ပြည်နယ်က မြို့နယ်တွေအထိ စစ်ရေးအရ မျှော်မှန်းပြီး ထိုးစစ်ဆင် တိုက်ခိုက်လာနေတာလည်း ဖြစ်ပါတယ်။










