
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့၊ ရပ်ကွက် ၇ က နေအိမ် တလုံးမှာ အရပ်သား တယောက်မြေဖို့ဖို့ မြေကြီးတူးနေရင်း မြေမြှုပ်မိုင်း ပေါက်ကွဲလာလို့ သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မုံးကိုး မန်ဂျေက အရပ်သား တယောက် ဒီဇင်ဘာ ၃၀ ရက် မွန်းလွဲ ၁ နာရီ ခွဲလောက်က အိမ်နားမှာ မြေကြီးတူးနေချိန် မြေမြှုပ်မိုင်း ပေါက်ကွဲလာလို့ အသက်သေဆုံးသွားတယ်လို့ ဒေသခံက ပြောပါတယ်။
"သူ့မြေး မိန်းမယူဖို့ ပြင်ဆင်နေတာကြောင့် အဲဒီ သူ့မြေးသတို့သားရဲ့ အခန်း လုပ်နေတာ။ အဲဒီ အခန်း နေရာမြေဖို့ဖို့ မြေကြီးတူးပြီး သယ်နေတာ။ တခြားလူတွေလည်း တူးနေကြတာ။ ဘာမှ မဖြစ်ဘူး။ သူ့ အလှည့်ကျမှ မိုင်းပေါက်သွားတာ။”
သေဆုံးသွားသူက ခေါင်းပိုင်းမြေမြှုပ်မိုင်း ပေါက်ကွဲ ထိမှန်သွားတာဖြစ်ပြီး မုံးကို ရပ်ကွက် ၇၊ မန်ဂျေရွာဘက်က အသက် ၆၀ ဝန်းကျင် အရွယ် အမျိုးသားကြီး တယောက် ဖြစ်ပါတယ်။
မျက်မြင် ဒေသခံက "အိမ်ရှေ့နား မိုင်းတူးမိလို့ ဆုံးသွားတာ။ ဟို ဘိလပ်တိုင်ရှိတဲ့နား သွားတူး နေတာ။ လူက ဒီဘက်ထိ လွှင့်လာတယ်” လို့ ပြောပါတယ်။
မြေကြီးတူးနေချိန် မိုင်းကို ထိမိသွားတာဖြစ်ပြီး မိုင်းပေါက်ကွဲလာတာကြောင့် တအိမ်လုံး မြေကြီးတွေ စင်ကုန်တယ်လို့ ပြောပါတယ်။
မုံးကိုးမှာ MNDAA တပ်ဖွဲ့ သိမ်းပိုက်လိုက်ပြီးနောက် စစ်ကျန်လက်နက်ပစ္စည်းကြောင့် ထိခိုက် သေဆုံးသူတွေ ရှိသလို ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိခဲ့ဖူးပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းက MNDAA, TNLA နဲ့ KIA ထိန်းချုပ် နယ်မြေတွေအပြင် စစ်ကောင်စီတပ်ဖွဲ့တွေ အုပ်ချုပ်နေတဲ့ မူဆယ်မြို့ အစပ်တွေမှာ မြောက်ပိုင်း မဟာမိတ် ညီနောင်တွေရဲ့ ၁၀၂၇ စစ်ဆင်ရေး စတင်ခဲ့တဲ့နောက်ပိုင်း မြေမြှုပ်မိုင်း အပါအဝင် စစ်ကျန် လက်နက် ပစ္စည်းကြောင့် ဒေသခံ အရပ်သားတွေ ထိခိုက်ဒဏ်ရာရ၊ သေဆုံးသူတွေ ရာချီ ရှိနေပြီ ဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Pra Jaw











