DVB Logo
Home
မြန်မာသတင်း
မုံးကိုးရှိ စစ်ဘေးရှောင်များကို  MNDAA က မောင်းထုတ်
DVB
·
February 19, 2024
မုံးကိုးရှိ စစ်ဘေးရှောင်များကို  MNDAA က မောင်းထုတ်
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့ပေါ်ရှိ စစ်ဘေးရှောင်မိသားစုတွေကို  MNDAA ကိုးကန့်တပ်ဖွဲ့က အမြန်ပြောင်းရွှေ့ဖို့ မောင်းထုတ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မုံးကိုး ရပ်ကွက် ၄၊ မုံးပေါ် ပြည်သူ့စစ်ရုံးဝင်းအတွင်း ‌ခိုလှုံနေတဲ့ စစ်ရှောင်ပြည်သူ မိသားစု ၁၅ စုလောက်ကို ဖေဖော်ဝါရီ ၁၇ ရက် မနက် ၁၁ နာရီလောက်မှာ MNDAA တပ်ဖွဲ့က အမြန်ရွှေ့ပေးဖို့ ခြိမ်းခြောက် မောင်းထုတ်တာကြောင့် စစ်ရှောင်တွေ ဒုက္ခရောက်နေကြတာလို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတဦးက “စစ်ရှောင်တွေနေတဲ့နေရာက အရင်က ဦးမုန်ဆာလ လက်ထက်ကတည်းက ရုံးဆောက်ထားတာ။ သူပြုတ်သွားတော့ မုန်းပေါ်ပြည်သူ့စစ်တွေ နေတာ။ ပြည်သူ့စစ်တွေ မရှိတော့ စစ်ရှောင်တွေ လာနေတာ။ နေရာအကောင်းမှန်သမျှ သူတို့ (ကိုးကန့်တွေ) နေချင်‌နေတာ” လို့ ပြောပါတယ်။

အဲဒီစစ်ရှောင်တွေဟာ ၂၀၂၂ နှစ်ကုန်ပိုင်းတုန်းက စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တို့အကြား တိုက်ပွဲပြင်းထန်လာလို့ စစ်ဘေးလွတ်ရာ ထွက်ပြေးလာတဲ့ မုံးကိုးမြို့နယ် နမ်ဟာနဲ့ ကောင်းလုံရွာတွေဘက်က ရွာသားတွေဖြစ်ပြီး တိုက်ပွဲအတွင်း နေအိမ်တွေ ပျက်စီးဆုံးရှုံးသွားခဲ့ရတဲ့ မိသားစုတွေ ဖြစ်ပါတယ်။

ဒေသခံအမျိုးသားတဦးက “အိမ်တွေ ဆောက်နေဆဲ ဖြစ်တယ်။ အကြာဆုံး တလကျော်လောက် ဆိုရင်တော့ အိမ်တွေ ဆောက်ပြီးလောက်ပြီလို့ မျှော်မှန်းထားတာ။ သူတို့ (MNDAA အဖွဲ့) ကို အချိန်တောင်းကြည့်တော့ အချိန်မပေးတော့ဘူး။ အခုက နေစရာနေရာလည်း သူတို့ (MNDAA တွေ) ကိုယ်တိုင် အဲလို လာမောင်းထုတ်တာကြောင့် ဘာမှမတတ်နိုင်ဘူး။ ကိုယ့်အသိ ဆွေမျိုးတွေဆီ ကိုယ့်အစီအစဉ်နဲ့ကိုယ် တတ်နိုင်သလောက် အကူအညီတောင်းပြီး ပစ္စည်းထားဖို့၊ ယာယီ မှီခိုနေထိုင်ဖို့ ဖြစ်သွားရတာပေါ့” လို့ ပြောပါတယ်။

အရင် နေရပ်ရွာဘက်လည်း ပြန်လို့မရ၊ ဆောက်လုပ်နေတဲ့ နေအိမ်တွေကလည်း အမိုး၊ အကာ အလုံအလောက် မတတ်နိုင်တာကြောင့် ခက်ခဲကြန့်ကြာနေချိန် ၁၀၂၇ စစ်ဆင်ရေးကြောင့် တိုက်ပွဲ ပြန်လည်ပြင်းထန်လာပြီး နေအိမ်တွေ အချိန်မီ မဆောက်ပြီးနိုင်လို့ မရွှေ့နိုင်သေးတာလို့ ဒေသခံက ပြောပါတယ်။

“၂၀၂၃ ဒီဇင်ဘာမကျော်ခင် နေအိမ်တွေဆောက်ပြီးနိုင်အောင် ကြိုးစားနေချိန် တိုက်ပွဲ ပြန်ဖြစ်သွားတာကြောင့်လေ။ တိုက်ပွဲဖြစ်သွားတဲ့နောက်တော့ မြန်မြန် ပြန်သွား မဆောက်နိုင်ခဲ့လို့လေ။ တိုက်ပွဲပြီးသွားတဲ့နောက် တတ်နိုင်သလောက်တော့ ကြိုးစားဆောက်တာ။” 

မူလရွာ ပြန်လို့မရတော့တဲ့ စစ်ရှောင်တွေဟာ မုံးကိုးမြို့ အနီးနားတွေမှာ မြို့မိ၊ မြို့ဖတွေဆီ ညှိနှိုင်း နေရာတောင်းဝယ်ပြီး ရွာသစ်တည်ကာ နေထိုင်ကြပြီး တချို့စစ်ရှောင်တွေက အခက်အခဲ အမျိုးမျိုးကြောင့်နေအိမ်တွေ ဆောက်လုပ်နေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီစစ်ရှောင်တွေ ခိုလှုံနေတဲ့ ပြည်သူ့စစ်ခြံဝင်းကို MNDAA အဖွဲ့က သူတို့ရုံး လုပ်မယ်ဆိုတာ ကြားသိရကြောင်း ဒေသခံတွေက ပြောပါတယ်။

မုံးကိုးမြို့ကို ပြီးခဲ့တဲ့ ၂၀၂၃ နိုဝင်ဘာလမှာ MNDAA အဖွဲ့က သိမ်းပိုက်ခဲ့ပြီး လက်ရှိ MNDAA အဖွဲ့က အုပ်ချုပ်ရေးယန္တရား စတင်လည်ပတ်နေတဲ့မြို့ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013