DVB Logo
Home
မြန်မာသတင်း
မုံးကိုးတွင် မိုင်းပေါက်ကွဲပြီး ကလေး ၃ ဦးသေဆုံး၊ ရွှေကူ၌ လက်နက်ကြီးကြောင့် ပြည်သူ ၄ ဦး ဒဏ်ရာရ
DVB
·
November 17, 2023
မုံးကိုးတွင် မိုင်းပေါက်ကွဲပြီး ကလေး ၃ ဦးသေဆုံး၊ ရွှေကူ၌ လက်နက်ကြီးကြောင့် ပြည်သူ ၄ ဦး ဒဏ်ရာရ
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့၊ ရပ်ကွက် ၆၊ ဖောက်ဂျုံးပါမှာ ကလေး ၃ ဦး နိုဝင်ဘာ ၁၆ ရက်နေ့ ညနေ ၂ နာရီခွဲလောက်က လယ်ကွင်းမှာ နွားသွားကျောင်းရင်း စစ်ကျန်လက်နက် ပေါက်ကွဲ ထိမှန်ပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

"နွားကျောင်းတဲ့ ကလေးတွေ။ မိုင်း စိုက်ထားတာ တုတ်နဲ့ သွားထိုးကြည့်ကြလို့ ပေါက်ကွဲသွားတာ။ သုံးယောက်စလုံး ဆုံးသွားပြီ။ ဖောက်ဂျုံးမှာ ဟုတ်တယ်" လို့ ဒေသခံတဦးက ပြောပါတယ်။

သေဆုံးသွားသူတွေကတော့ အသက် ၁၃ နှစ်အရွယ် မောင်ဒေါင်ဝ်ခေါင်၊ အသက် ၁၂ နှစ်အရွယ် မောင်ဇော်မျိုးအောင်နဲ့ အသက် ၁၂ နှစ်အရွယ် ဂျန်ဇီး‌ခွေ တို့ဖြစ်တယ်လို့ ဆိုပါတယ်။

ဒေသခံ နောက်တဦးကတော့ "မိုင်း မဟုတ်ဘူးတဲ့။ သူတို့ ကောက်ရတာက Bazooka လက်နက်ကျည်၊ လယ်ကွင်း ရွှံ့ထဲကနေကောက်လာပြီး ရွာထိပ်‌က လယ်ကွင်းမှာ ဟိုပစ် ဒီပစ် ဆော့ကစားရင်း ပေါက်ကွဲတာ၊ ၂ ယောက်က ပွဲချင်းပြီး ဆုံးသွားတာ။ ၁ ယောက်က ဆေးရုံပို့တဲ့ လမ်းမှာ ဆုံးသွားတယ်။ ဒီနေ့တော့ မုံးကိုး စစ်ရှောင်တွေ‌လည်း အိမ်ပြန်ကြပြီလေ" လို့ ပြောပါတယ်။

အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူတွေက မြေမြှုပ်မိုင်းနဲ့ ပတ်သက်ပြီး လူကြီးတွေကိုတော့ အစည်းဝေးခေါ်ကာ ပြောပြထားတာ ရှိပေမဲ့ ကလေးတွေကို မပြောပြနိုင်ခင်မှာ အဲဒီလို ဖြစ်သွားတာလို့ နောက်ထပ် ဒေသခံ တဦးကလည်း ပြောပါတယ်။

မိုင်းနဲ့ ပတ်သတ်ပြီး အသိပညာပေးတာတွေကို ကချင်၊ တရုတ်၊ ပလောင် စတဲ့ တိုင်းရင်းသားဘာသာတွေနဲ့ပါ အသိပညာပေး ပြောပြဖို့ လိုအပ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

ကချင်ပြည်နယ်၊ ရွှေကူမြို့မှာ နိုဝင်ဘာ ၁၆ ရက် မနက်ပိုင်းက ရွှေကူမြို့မ ရဲစခန်းက‌ ပစ်ခတ်တဲ့ လက်နက်ကြီး နေအိမ်တလုံးပေါ် ကျရောက်ပေါက်ကွဲပြီး မိသားစုဝင်လေးဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရွှေကူမြို့မရဲစခန်းအနီး တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်တပ်က လက်နက်ကြီးနဲ့ လှည့်ပတ် ပစ်ခတ်နေတဲ့အတွက် ရဲစခန်းအနီး နေအိမ်တလုံးပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး မိသားစုဝင်လေးဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဆိုပါတယ်။

ဒေသခံ အမျိုးသားတဦးက “ရွှေကူရဲစခန်းနားမှာ တိုက်ပွဲဖြစ်တာမရှိဘူး။ အထက်လေးလမ်းဆုံနားမှာ PDF တွေ ရောက်နေတယ်ဆိုပြီး သတင်းထွက်နေလို့ လှမ်းပစ်တာ။ ည ၁၁ နာရီလောက်ကတည်းက စပစ်တယ်။ မနက် ၄ နာရီလောက်မှာ ပစ်တဲ့အလုံးက အထက်လေးလမ်းဆုံနား မရောက်ဘဲ ရဲစခန်းအနောက်က အိမ်ပေါ်ကျတာ။ မိသားစုဝင်လေးဦး ထိခိုက်ဒဏ်ရာရတယ်” လို့ ပြောပါတယ်။

ရွှေကူမြို့မရဲစခန်းက လက်နက်ကြီးနဲ့ ငါးကြိမ်ထက်မနည်း ပစ်ခတ်ခဲ့တဲ့အတွက် လက်နက်ကြီးကျည်တလုံးဟာ ရဲစခန်းအနီးမှာ နေထိုင်တဲ့ ဦးလှမြင့် ဆိုသူရဲ့ နေအိမ်ပေါ် ကျရောက်ပေါက်ကွဲပြီး ဇနီးနဲ့ သမီးနှစ်ဦး အပါအဝင် မိသားစုဝင်လေးဦး လက်၊ ကျောကုန်း၊ ဦးခေါင်းတွေမှာ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၄ ရက်ကလည်း ရွှေကူမြို့မရဲစခန်းက ပစ်ခတ်တဲ့ လက်နက်ကြီး အမှတ် ၂ ရပ်ကွက်က နေအိမ်တလုံးပေါ် ကျရောက်ပြီး အမျိုးသားတဦး ဦးခေါင်းပွင့် သေဆုံးကာ ဇနီးနဲ့ ကလေးငယ်တဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013