DVB Logo
Home
မြန်မာသတင်း
ကလေးငယ်နှင့်အတူ စစ်တပ်ကဖမ်းဆီးထားသည့် နိုင်ငံရေးအကျဉ်းသူ ၃၅ ဦးရှိ
DVB
·
December 31, 2024
ကလေးငယ်နှင့်အတူ စစ်တပ်ကဖမ်းဆီးထားသည့် နိုင်ငံရေးအကျဉ်းသူ ၃၅ ဦးရှိ
Donate to DVB

စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတဝန်းမှာ စစ်ကောင်စီကို ပုံစံမျိုးစုံနဲ့ ဆန့်ကျင်သူတွေကို စစ်တပ်က တောက်လျှောက်ဖမ်းဆီး အကျဉ်းချထားရာမှာ ကလေးငယ်နဲ့အတူတူ အကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသူ ၃၅ ယောက်ထက်မနည်း ရှိတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်က ဒီဇင်ဘာ ၃၁ ရက်မှာ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီက သူ့ကို ဆန့်ကျင်သူတွေကို ဖမ်းဆီးရာမှာ တချို့ အမျိုးသမီးငယ်တွေဟာ ကိုယ်ဝန်နဲ့ ဖမ်းဆီးခံရတာတွေ ရှိသလို တချို့ကတော့ ကလေးငယ်နဲ့အတူတူ ဖမ်းဆီးခံလိုက်ရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခု ဧပြီလမှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်တခုမှာဆိုရင်လည်း ရန်ကုန်တိုင်း အလုံမြို့နယ်မှာ စစ်တပ်ကိုဆန့်ကျင်တဲ့ အမျိုးသမီးတယောက်ကို ဖမ်းဆီးဖို့ ရှာမတွေ့တာကြောင့် သူမကလေးရှိရာ မူကြိုကျောင်းတခုကို စစ်ကောင်စီတပ်တွေက ဝင်ရောက်ဖမ်းဆီးတဲ့ ဖြစ်ရပ်လည်း ဖြစ်ခဲ့ပါတယ်။

ရန်ကုန်မြို့က နာမည်ကျော်ဖြစ်ရပ်တခုဖြစ်တဲ့ ၄၄ လမ်းဖြစ်စဉ်မှာ ဆိုရင်လည်း ဖမ်းဆီးခံလိုက်ရတဲ့ မပိုးကျော့ကျော့ခန့်ဟာ ဖမ်းဆီးခံရချိန်မှာ ကိုယ်ဝန်နဲ့ ဖမ်းဆီးခံလိုက်ရတာ ဖြစ်ပြီး ကလေးငယ်ကို အင်းစိန်အကျဉ်းထောင်ထဲမှာပဲ မွေးဖွားခဲ့ရတာပါ။

ကိုယ်ဝန်ဆောင်မိခင်တွေဟာ အကျဉ်းထောင်ထဲမှာ ကျန်းမာရေးစောင့်ရှောက်ခွင့်နဲ့ အကျဉ်းထောင်ပြင်ပမှာ ကလေးမွေးဖွားခွင့် အပါအဝင် မွေးကင်းစကလေးငယ်နဲ့ ၆ နှစ်အထိ အတူနေထိုင်ခွင့် ရှိတယ်လို့ အကျဉ်းထောင်လက်စွဲဥပဒေမှာ ဖော်ပြထားပါတယ်။

ဒါပေမဲ့ စစ်အာဏာသိမ်းပြီးနောက် အကျဉ်းထောင်တွေအတွင်းမှာ ပုံစံမျိုးစုံနဲ့ အခွင့်အရေး ချိုးဖောက်ခံရတာတွေနဲ့ ဆေးကုသခွင့် မရတာတွေ၊ ထောင်တွင်းသေဆုံးရတဲ့ ဖြစ်စဉ်တွေကြောင့် ကိုယ်ဝန်ဆောင်နဲ့ ကလေးငယ်တွေ အရေးဟာလည်း စိုးရိမ်စရာကောင်းတယ်လို့ နိုင်ကျဉ်းအခွင့်အရေး လှုပ်ရှားသူတွေက ဆိုပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက “အကျဉ်းထောင်တွေထဲမှာရှိနေတဲ့ ကလေးငယ်တွေက များသောအားဖြင့် ထောင်တွင်းက မိခင်တွေက မိသားစုနဲ့ အဆက်အသွယ်ပြတ်နေတာမျိုး များတယ်။ သူတို့က ပြင်ပကို ထုတ်ခွင့်မရလို့ မိခင်နဲ့အတူ ထားရတာဖြစ်တယ်။ အဲဒီကလေးတွေဟာ အာဟာရပြည့်ဝစွာ စားခွင့်မရဘူး။ ကလေးငယ်ဖြစ်ပေမဲ့ တခြားအကျဉ်းသားတွေနည်းတူပဲ နေရတယ်။ အပြင်ထွက် သွားလာခွင့်မရဘူး။ ဒါက နိုင်ကျဉ်းမိခင်တွေနဲ့အတူ ကလေးငယ်တွေက ကလေးသူငယ် အခွင့်အရေး အပြည့်အဝ မရကြဘူး” လို့ ပြောပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်က ကောက်ခံထားတဲ့ အချက်တွေအရ မန္တလေး အိုးဘိုထောင်အတွင်းမှာ ကလေးငယ်နဲ့အတူ အကျဉ်းချခံထားရသူ ၂၇ ယောက်နဲ့ ကိုယ်ဝန်ဆောင် နိုင်ငံရေးအကျဉ်းသူ ၇ ယောက်ရှိပြီး သာယာဝတီထောင်၊ ဒိုက်ဦးထောင်၊ မုံရွာနဲ့ ပေါင်းတည်ထောင်တွေမှာလည်း ကိုယ်ဝန်ဆောင်နဲ့ ကလေးငယ်နဲ့အတူ အကျဉ်းကျနေသူတွေ ရှိနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013