
အီသီယိုးပီးယားနိုင်ငံ၊ ဘိုနာခရိုင်မှာ ခရီးသည်တွေကို တင်ဆောင်လာတဲ့ ထရပ်ကားတစီး မြစ်ထဲထိုးကျမှုကြောင့် အနည်းဆုံး လူ ၇၁ ယောက် သေဆုံးခဲ့ကြောင်း တောင်ပိုင်း ဆီဒမာဒေသ အစိုးရပြောရေးဆိုခွင့်ရှိသူနဲ့ ဒီဇင်ဘာ ၂၉ ရက် ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
တနင်္ဂနွေနေ့ ညနေ ၄ နာရီ မိနစ် ၅၀ လောက်က ဖြစ်ပွားခဲ့တဲ့ ယာဉ်မတော်တဆမှုမှာ အမျိုးသား ၆၈ ယောက်နဲ့ အမျိုးသမီး ၃ ယောက် အပါအဝင် အနည်းဆုံး လူ ၇၁ ယောက် သေဆုံးခဲ့ကြောင်း ဆီဒမာဒေသ အစိုးရပြောရေးဆိုခွင့်ရှိသူ ဝိုဆန်ယေလေး ဆီမြွန်က တနင်္လာနေ့မှာ ရိုက်တာ သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
ထရပ်ကားဟာ တံတားတစင်းကို ကျော်ထွက်သွားကာ မြစ်ထဲကို ပြုတ်ကျခဲ့ပြီး လမ်းမှာလည်း အကွေ့အကောက် ခပ်များများ ရှိနေကြောင်းလည်း သူကဆိုပါတယ်။ တချို့မိသားစုတွေမှာ မိသားစုဝင် အများအပြား ဆုံးရှုံးခဲ့ရတယ်လို့လည်း ပြောပါတယ်။
ဒေသဆိုင်ရာ ယာဉ်ထိန်းရဲကတော့ ဒီထရပ်ကားဟာ ယာဉ်မတော်တဆမှု ဖြစ်နိုင်လောက်အောင် ဝန်ပိုသယ်ဆောင်ခဲ့တာဖြစ်ကြောင်း မှတ်ချက်ပေးပါတယ်။
မီယာဒေရွာကနေ ဝါယိုရွာက မင်္ဂလာဆောင်ကို သွားတဲ့ ထရပ်ကားဟာ လူ ၇၁ ယောက်ကို တင်ဆောင်လာခဲ့ပြီး အရှိန်လွန်မှုကြောင့် ယာဉ်ပေါ်ပါသူအားလုံး အသက်ဆုံးရှုံးခဲ့ကြရတယ်လို့ ယာဉ်ထိန်းရဲ ဆာဂင်န် အဲဂျီဂု ယီလ်မာက ပြောပါတယ်။
ကားဟာ မြစ်ထဲကို တည့်တည့်ကျသွားပြီး ယောက်ျား၊ မိန်းမ ဘယ်သူမှ အသက်မရှင်ကြဘဲ အလောင်းအများစုမှာ ကိုယ်အင်္ဂါ အစုံအလင်တောင် မရှိကြဘူးလို့ မျက်မြင်သက်သေ မန်ဂီစ်တူ မယ်ဘရာတူက ပြောပါတယ်။
မတော်တဆဖြစ်ချိန်မှာ သူလည်းရှိနေပြီး အလောင်းတွေကို ကောက်ယူစုဆောင်းပြီးတော့ ကားပေါ် တင်ပေးခဲ့တယ်လို့ ဆိုပါတယ်။
အီသီယိုးပီးယားနိုင်ငံမှာ လူအသေအပျောက်များတဲ့ ယာဉ်မတော်တဆမှုတွေ အဖြစ်များပြီး ယာဉ်မောင်းနှင်မှု စံနှုန်းရော မော်တော်ယာဉ်အများအပြားကို ပြုပြင်ထိန်းသိမ်းမှုတွေပါ ညံ့ဖျင်းတယ်လို့ ဆိုပါတယ်။
Source : Reuters