DVB Logo
Home
မြန်မာသတင်း
ရခိုင်တွင် ၁၈ နှစ်အောက် ကလေးငယ်များကို ယာဉ်မောင်းနှင်ခွင့် ပိတ်ပင်
DVB
·
August 10, 2026
Photo: APM
Photo: APM
Donate to DVB

ရခိုင်ပြည်နယ်က အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ အသက် ၁၈ နှစ်အောက် ကလေးတွေ စက်တပ်ယာဉ်မောင်းနှင်တာ အပါအဝင် ပြည်သူတွေ လိုက်နာရမဲ့ စည်းကမ်းတွေကို အာရက္ခ ပြည်သူ့တော်လှန်ရေးအစိုးရရဲ့ ပို့ဆောင်ရေးဌာနက ထုတ်ပြန်လိုက်ပါတယ်။

အသက် ၁၈ နှစ်အောက် ကလေးငယ်တွေအနေနဲ့ ကားနဲ့ တခြားစက်တပ်ယာဉ်တွေ မမောင်းဖို့၊ အသက် ၁၆ နှစ်အောက် ကလေးတွေ ဆိုင်ကယ်မမောင်းဖို့၊ ဆိုင်ကယ်ကို လူ ၂ ယောက်ထက် ပိုမစီးဖို့၊ မြို့တွင်း ကီလိုမီတာ ၃၀ နဲ့ မြို့ပြင် ကီလိုမီတာ ၅၀ နဲ့ ၈၀ ထက် အရှိန်တင်မမောင်းဖို့၊ ကားစီးသူတိုင်း ခါးပတ် ပတ်ပြီးကြဖို့၊ ဆိုင်ကယ်စီးနင်းသူတိုင်း ဦးထုပ်ဆောင်းကြဖို့နဲ့ သောက်စားမူးယစ်ပြီး ယာဉ်မမောင်းကြဖို့ စတဲ့ အချက်အလက်တချို့ကို ထုတ်ပြန်လိုက်တာပါ။

ရခိုင်ပြည်နယ်က အာရက္ခတပ်တော် ထိန်းချုပ်မြို့နယ်တွေဟာ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေဟာ ဆိုင်ကယ် အပါအဝင် စက်တပ်ယာဉ်တချို့ကို စည်းကမ်းမဲ့စွာ မောင်းနှင်နေလို့ အခုလို စည်းကမ်းချက်တွေ ထုတ်ပြန်ပြီး ကန့်သတ်လိုက်တာဟာ ယာဉ်တိုက်မှုကို အများကြီး လျော့ကျသွားနိုင်တယ်လို့ မြောက်ဦးမြို့ခံ လူငယ်အမျိုးသမီးငယ်တယောက်က ပြောပါတယ်။

“ရခိုင်ကမြို့တွေ ကျောင်းသားတွေက‌အစ ဆိုင်ကယ်တွေ တကားကားနဲ့ အရှိန်ဟုန်မြင့် မောင်းနေကြတာ အရမ်းကြောက်ဖို့ကောင်းတယ်။ လူကြီးတွေက ယာဉ်မောင်းရင် ဆုံးဖြတ်နိုင်စွမ်း ရှိပေမဲ့ အသက်မပြည့်သေးတဲ့ ကလေးတွေက ဆုံးဖြတ်ချ ကောင်းကောင်းချမှတ်နိုင်တဲ့ အရွယ်မဟုတ်သေးဘူး။ အဲဒီတော့ ယာဉ်တိုက်မှုတွေ လျော့ကျစေဖို့ ကလေးငယ်တွေကို ယာဉ်မောင်းနှင်ခွင့် ပိတ်ပင်လိုက်တာက ယာဉ်တိုက်မှုတွေ အများကြီး လျော့ကျစေနိုင်တယ်။ မိဘတွေ အနေနဲ့လည်း ကလေးတွေကို ဆိုင်ကယ်တွေ စီးနင်းခွင့် ပြုထားတာထက် စက်ဘီးတွေကိုပဲ စီးနင်းခွင့် ပြုစေချင်တယ်။”

ယာဉ်စည်းကမ်းတွေကို လိုက်နာမှုမရှိဘဲ စည်းကမ်းမဲ့ မောင်းနှင်တာတွေက လူ့အသက် ဆုံးရှုံးစေမှု၊ မသန်စွမ်းဖြစ်စေမှု၊ ပြစ်ဒဏ်ကျခံရနိုင်မှု၊ မိသားစုတွေ ပူပန်သောက ရောက်စေမှု၊ ထောင်ကျစေမှု စတဲ့ပြစ်မှုတွေ ကျခံရနိုင်တယ်လို့ ပို့ဆောင်ရေးဌာနက ဆိုထားပါတယ်။

အာရက္ခတပ်တော် ထိန်းချုပ်မြို့နယ်တွေမှာ ယာဉ်မောင်းနှင်ခွင့်နဲ့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းတွေကိုလည်း တဆင့်ချင်းစီ စည်းကမ်းတင်းကျပ်လာနေသလို စစ်ဆေးရေးဂိတ်တွေကိုလည်း ပိုမိုတိုးချဲ့ ချမှတ်လာတဲ့အတွက် စည်းကမ်းလိုက်နာမှု အပိုင်းတွေမှာ အရင်ကထက် မြင့်တက်လာပြီး ယာဉ်တိုက်မှုတွေလည်း လျော့နည်းလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အာရက္ခတပ်တော်ဟာ သူတို့ထိန်းချုပ်မြို့နယ်တွေမှာ သူတို့ထိန်းချုပ်ထားတဲ့ အုပ်ချုပ်ရေး ယန္တရားတွေကို ကောင်းစွာလည်ပတ်နေတာဖြစ်ပြီး မြူနီစီပယ်လုပ်ငန်းတွေကိုလည်း တဆင့်မြှင့်တင်ပြီး ဆောင်ရွက်လာနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013