DVB Logo
Home
နိုင်ငံတကာ
ကမ္ဘာတဝန်း ကာလဝမ်းရောဂါ အရေးပေါ်အခြေအနေအဖြစ် တကျော့ပြန်ကူးစက်နေ
DVB
·
December 30, 2024
ကမ္ဘာတဝန်း ကာလဝမ်းရောဂါ အရေးပေါ်အခြေအနေအဖြစ် တကျော့ပြန်ကူးစက်နေ
Donate to DVB

ကမ္ဘာတဝန်း ကာလဝမ်းရောဂါဟာ အကြီးစား အရေးပေါ်အခြေအနေအဖြစ် တကျော့ပြန် ကူးစက်ပြန့်ပွားလာလို့ ကာကွယ်ဆေးထိုးတာတွေနဲ့ ပိုကောင်းတဲ့ ရေနဲ့ သန့်ရှင်းရေးစနစ်တွေ အပါအဝင် လိုအပ်ချက်တွေကို ချက်ချင်း အရေးယူဆောင်ရွက်ဖို့ လိုတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ ပြောရေးဆိုခွင့်ရှိသူ မာဂရက် ဟာရစ်က ဒီဇင်ဘာ ၂၈ ရက်မှာ ပြောလိုက်ပါတယ်။

ကာလဝမ်းရောဂါထိန်းချုပ်ရေးက ဆယ်စုနှစ်များစွာ တိုးတက်လာပြီးတဲ့နောက် ရောဂါကူးစက်ဖြစ်ပွားတာကို နှစ်ပေါင်းများစွာ မကြုံဘူးတဲ့ နိုင်ငံတွေမှာပါ ကူးစက်ခံရသူ အရေအတွက် ပြန်မြင့်တက်လာတယ်လို့ WHO က ဆိုပါတယ်။

၂၀၂၂ ခုနှစ်က နိုင်ငံပေါင်း ၄၄ နိုင်ငံမှာ ကာလဝမ်းရောဂါဖြစ်ခဲ့တာကို အစီရင်ခံခဲ့ပြီး ၂၀၂၁ ခုနှစ်မှာ နိုင်ငံ ၃၅ နိုင်ငံမှာ ကူးစက်ခဲ့လို့ တနှစ်အတွင်း ၂၅ ရာခိုင်နှုန်း တိုးလာခဲ့တာပါ။

မကြာသေးမီက ကူးစက်မှုတွေမှာ လူသေဆုံးမှု ပိုများလာခဲ့ပြီး ဆယ်စုနှစ်တခုအတွင်း သေဆုံးမှုနှုန်းက အမြင့်ဆုံးအဆင့်ကို ရောက်သွားခဲ့တယ်လို့ WHO က ပြောပါတယ်။

ပဋိပက္ခဖြစ်နေတဲ့ နိုင်ငံတွေမှာ ရေနဲ့ သန့်ရှင်းရေးစနစ်တွေ မလုံလောက်တာ ထင်ရှားပေါ်လွင်နေပြီး အရင်းအမြစ် အကန့်အသတ်တွေကြောင့် ရောဂါပြန်ပေါ်လာရတာလို့ သူက သုံးသပ်ခဲ့ပါတယ်။

တောင်ဆူဒန်နိုင်ငံဟာ အပြင်းထန်ဆုံး ကာလဝမ်းရောဂါကို ရင်ဆိုင်နေရပြီး အိမ်နီးချင်း ဆူဒန်နိုင်ငံက ပဋိပက္ခတွေကနေ ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေနဲ့ ပြန်ရောက်လာသူတွေအတွက် ခရီးတထောက်နားရာ ကြားစခန်း ရန့်ခ်မှာ နောက်ဆုံး ကူးစက်နေတာလို့ အစီရင်ခံ တင်ပြထားပါတယ်။

ဆူဒန်မှာ ထိခိုက်ခံရသူ အများစုဟာ မိလ္လာစနစ်ညံ့ဖျင်းတဲ့ ပြည်တွင်း စစ်ပြေးဒုက္ခသည် စခန်းတွေမှာ နေသူတွေဖြစ်ပြီး သူတို့ကို ကူးစက်နိုင်ခြေ ပိုများနေတာပါ။

တောင်ဆူဒန်အစိုးရနဲ့ WHO တို့က ရောဂါပြန့်ပွားမှုကို ထိန်းချုပ်ဖို့ ကြိုးပမ်းနေပါတယ်။ မြို့တော် ဂျူဘာနဲ့ အနားက ဒေသတွေမှာ ပြည်တွင်း နေရပ်စွန့်ခွာသူတွေကို ကာလဝမ်းရောဂါ ကာကွယ်ဆေးထိုးဖို့ အပြိုင်အဆိုင် လုပ်ဆောင်နေကြပါတယ်။

ကာလဝမ်းရောဂါဟာ ဗီဘရီယို ခိုလာရေ ဘက်တီးရီးယားပိုးကြောင့် ဖြစ်တဲ့ ပြင်းထန်တဲ့ အူလမ်းကြောင်း ပိုးဝင်ခြင်းကြောင့် ဖြစ်တာပါ။

မစင်တွေကနေတဆင့် ညစ်ညမ်းနေတဲ့ အစားအစာနဲ့ ရေတွေကနေတဆင့် ပျံ့နှံ့လေ့ရှိပါတယ်။ သန့်သန့်ရှင်းရှင်း နေထိုင်ပြီး အန္တရာယ်ကင်းကင်း စားသောက်တဲ့ နည်းလမ်းနဲ့ တားဆီးနိုင်ပါတယ်။

ဆေးကုသမှုမခံရင် နာရီပိုင်းအတွင်း အသက်ဆုံးရှုံးနိုင်ပေမဲ့ အချိန်မီကုသမှုခံယူပြီး အသက်ကယ်တင်နိုင်ပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013