
မိုဒါနာနဲ့ မာ့ခ်ကုမ္ပဏီတို့ ပူးပေါင်းထုတ်လုပ်တဲ့ မယ်လနိုမာ ကာကွယ်ဆေးဟာ ကင်ဆာရောဂါ ကုသမှုအတွက် 'အရေးကြီးတဲ့ကိစ္စ' တခုဖြစ်တယ်လို့ အရေပြားကင်ဆာရောဂါ ကျွမ်းကျင်သူ ဒေါက်တာ ရီအန် ဆူလေဗန်က ပြောပါတယ်။
မာ့ခ်ကုမ္ပဏီနဲ့အတူ တီထွင်ထုတ်လုပ်ထားတဲ့ မိုဒါနာရဲ့ ကိုယ်ပိုင် mRNA ကင်ဆာကုထုံးက အစောပိုင်း လက္ခဏာတွေဟာ "အရေးကြီးတဲ့ကိစ္စ" တခုဖြစ်တယ်လို့ ဒေါက်တာ ရီအန် ဆူလေဗန်က ပြောပါတယ်။
ဒီကုထုံးဟာ အရေပြားကင်ဆာ ပြန်ဖြစ်နိုင်ခြေကို လျော့ကျစေပြီး တခြားကင်ဆာ အမျိုးအစားတွေအတွက် ကိုယ်ပိုင်ကုသမှုတွေ ပိုမိုလုပ်ဆောင်နိုင်ဖို့ တံခါးဖွင့်ပေးနိုင်ပါတယ်။
ဆူလေဗန်ဟာ မန်ဆာချူးဆက် အထွေထွေကင်ဆာတက္ကသိုလ် အရေပြားကင်ဆာ ရောဂါဗေဒဌာန ညွှန်မှူးဖြစ်ပြီး ကြားကာလရလဒ် ကြေညာချက်ဟာ ဆေးပညာရှုထောင့်အရ အဓိပ္ပာယ်ရှိတယ်လို့ သူက ရိုက်တာသတင်းဌာနကို ပြောပါတယ်။
အန္တရာယ်အချိုးအစားအကြောင်း အထူးသဖြင့် ကုသမှုက ပြန်ဖြစ်နိုင်ခြေနဲ့ ပျံ့နှံ့မှုဖြစ်နိုင်ခြေကို ဘယ်လောက်လျှော့ချပေးသလဲဆိုတဲ့ အသေးစိတ်အချက်အလက်တွေကို ပိုသိချင်တယ်လို့လည်း သူက ထပ်ပြောခဲ့ပါတယ်။
ဒီကင်ဆာကုသမှုဟာ မာ့ခ်ရဲ့ ကီးထရူးဒါနဲ့ မိုဒါနာရဲ့ mRNA ကာကွယ်ဆေးကို ပေါင်းစပ်ထားပြီး လူနာရဲ့အကျိတ်တွေမှာ တွေ့ရှိရတဲ့ မျိုးရိုးဗီဇပြောင်းလဲမှုတွေကို ခွဲခြမ်းစိတ်ဖြာမှုအပေါ် အခြေခံထားပါတယ်။
စမ်းသပ်မှုအတွင်း IIB-IV မယ်လနိုမာ အဆင့်ရှိတဲ့ အန္တရာယ်ကြီးလူနာ ၁,၁၃၇ ယောက်ကို ခွဲစိတ် ကုသပေးခဲ့ပါတယ်။
စေတနာ့ဝန်ထမ်း အစမ်းသပ်ခံ လူနာတွေကို ကီးထရူးဒါ ၉ ကြိမ်အထိ ထိုးဖို့ ကျပန်းရွေးချယ်ခဲ့ပြီး ပုဂ္ဂိုလ်ရေး သီးသန့်ကာကွယ်ဆေး ဒါမှမဟုတ် ကီးထရူးဒါ တခုတည်းကို တနှစ်လောက်ရဖို့ စီစဉ်ထားပါတယ်။
ကုမ္ပဏီတွေက စမ်းသပ်မှုအတွင်း ဘေးကင်းရေးဆိုင်ရာ အချက်ပြမှုအသစ်တွေ ထွက်လာတာ မရှိဘူးလို့ ပြောပါတယ်။
လာမဲ့ ၂ နှစ်အတွင်း ပိုကျယ်ကျယ်ပြန့်ပြန့် သုံးနိုင်ဖို့ အစားအသောက်နဲ့ ဆေးဝါးစီမံခန့်ခွဲရေးဌာန (FDA) က ကုသမှုကို အတည်ပြုနိုင်မယ်လို့ ယုံကြည်ပြီး ပုဂ္ဂိုလ်ရေးသီးသန့်ကုသမှု ဖန်တီးတဲ့ လုပ်ငန်းစဉ်ကလည်း တလကနေ သီတင်းပတ် ၆ ပတ်လောက်အထိ ကြာမြင့်တယ်လို့ ဆူလေဗန်က မှတ်ချက်ပြုခဲ့ပါတယ်။
မယ်လနိုမာဟာ အသေအပျောက်အများဆုံး အရေပြား ကင်ဆာပုံစံပါ။ ၂၀၂၃ ခုနှစ်မှာ အမေရိကန်မှာ မယ်လနိုမာ အရေပြားကင်ဆာရောဂါခံစားနေရသူ ၁ သန်းခွဲကျော် ရှိခဲ့တယ်လို့ အမေရိကန် အမျိုးသားကင်ဆာအင်စတီကျုက ဆိုထားပါတယ်။
Source: Reuters











