
ကရင်နီပြည်နယ်၊ ဘောလခဲမြို့မရဲစခန်းကနေ ရဲတပ်ကြပ်ကြီး ၁ ယောက်နဲ့ ရဲတပ်ကြပ် ၁ ယောက်တို့ဟာ ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (BPDF)ဆီမှာ CDM ပြုလုပ်လာတယ်လို့ ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ဒီဇင်ဘာ ၁၈ ရက်နေ့မှာ မြို့မရဲစခန်းကနေ ရဲတပ်ကြပ်ကြီးက AK-M 22 ၁ လက်၊ AK-M 22 ကျည်ဘောက် ၃ ခု၊ ကျည် ၇ ဒသမ ၆၂ အတောင့် ၆၀ နဲ့ ရဲတပ်ကြပ်က G3 ကျည်ဘောက် ၄ ခု၊ G3 ကျည် အတောင့် ၄၀၀ တို့နဲ့အတူ CDM ပြုလုပ်လာတယ်လို့ သိရပါတယ်။
တပ်ရင်း ပြန်ကြားရေး တာဝန်ခံက “ထိုက်သင့်တဲ့ဆုငွေတော့ ဆုချပါတယ်။ ကြိုဆိုတာကတော့ အမြဲတမ်းပါဗျ။ နွေးထွေးစွာနဲ့ ကျနော်တို့ ညီအစ်ကိုလို သဘောထားပါတယ်။ CDM ပြုလုပ် အလင်းဝင်လိုသော စစ်သား ရဲတပ်သားများကို မိမိတို့ ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ကြိုဆိုလက်ခံသွားမည်ဖြစ်ကြောင်း ပြောကြားလိုပါတယ်ဗျ” လို့ ပြောပါတယ်။
CDM ပြုလုပ် အလင်းဝင်လာတဲ့သူ ၂ ယောက်ကို လွတ်မြောက်နယ်မြေတနေရာဆီ ပို့ဆောင်ထားပြီး အလင်းဝင်လိုတဲ့သူတွေကိုလည်း BPDF တပ်ဖွဲ့ဆီကို ချိတ်ဆက်ဖို့ တိုက်တွန်းထားပါတယ်။
ဘောလခဲမြို့နယ်နဲ့ ဖားဆောင်းမြို့နယ်ကြားက စစ်ကောင်စီတပ်ရဲ့ ထူးချောင်းစခန်းကို တော်လှန်ရေး အင်အားစုတွေက အောက်တိုဘာလ ဒုတိယအပတ်ထဲမှာ သိမ်းပိုက်ထားနိုင်ခဲ့ပြီး ကြားထဲမှာလည်း စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားတာတချို့ရှိတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁ ရက်နေ့မှာလည်း ကရင်နီက ရှေ့တန်းစစ်မျက်နှာပြင်ကနေ စစ်ကောင်စီတပ်သား ၄ ယောက်ဟာ KNDF ဆီ လာရောက်ခိုလှုံပြီး ဒီဇင်ဘာလထဲမှာ ကရင်နီက တော်လှန်ရေး အင်အားစုတွေဆီ စစ်ကောင်စီတပ်သား ၂၀ ကျော် အလင်းဝင်လာတယ်လို့ သိရပါတယ်။










