DVB Logo
Home
မြန်မာသတင်း
ဗန်းမော်မြို့ဝန်းကျင်တွင် တိုက်ပွဲငြိမ်ပြီး မံစီမြို့အနီးတွင် ပြင်းထန်နေ
DVB
·
December 29, 2024
ဗန်းမော်မြို့ဝန်းကျင်တွင် တိုက်ပွဲငြိမ်ပြီး မံစီမြို့အနီးတွင် ပြင်းထန်နေ
Donate to DVB

ကချင်လွတ်မြောက်ရေးတပ်မတော်က မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေတဲ့ ကချင်ပြည်နယ်၊ ဗန်းမော်မြို့ ပတ်ဝန်းကျင်မှာ ဒီဇင်ဘာ ၂၅ ရက်ကနေ မြေပြင်တိုက်ပွဲ ငြိမ်သက်နေပြီး မံစီမြို့က ခမရ ၃၁၉ နဲ့ ၆၀၁ တပ်စခန်းတွေမှာတော့ တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု အပြင်းအထန်နဲ့ ခုခံနေတယ်လို့ ဗန်းမော်မြို့ကနေ ထွက်လာတဲ့ ပြည်သူတွေဆီက သိရပါတယ်။

ဗန်းမော်မြို့အတွင်းမှာ စစ်ကောင်စီတပ်သားတွေက မြို့နယ်ရဲစခန်း၊ စကခ ၂၁ နဲ့ စကခ ၂၁ အနီး ဧရာဝတီမြစ်တာဘောင်ရိုးတလျှောက်မှာ နေရာယူထားဆဲဖြစ်တယ်လို့ သိရပါတယ်။

စကခ ၂၁ အတွက် အခိုင်အမာ ကာကင်းအနေနဲ့ တဗျူဟာ ထိုင်ထားတဲ့ နမ့်ဖား ဗန်းမော်တက္ကသိုလ်မှာလည်း စစ်ကောင်စီတပ်သားတွေ ကျန်ရှိနေဆဲဖြစ်ပြီး အခုရက်ပိုင်းမှာတော့ မြေပြင်တိုက်ပွဲတွေ ခဏငြိမ်သက်နေတယ်လို့ ဗန်းမော်မြို့ကနေ ဒီဇင်ဘာ ၂၇ ရက်နေ့က ထွက်လာတဲ့ ပြည်သူတယောက်က ပြောပါတယ်။

“အခုမြို့ထဲမှာ စစ်တပ် ရှိနေတာက မြစ်ဆိပ်ကနေ ၂၁ အထိ မြစ်ဆိပ်တလျှောက်မှာ ရှိနေတယ်၊ ရဲစခန်းမှာ ရဲရော၊ စစ်သားတွေရော ရှိနေတုန်းပဲ။ အခုရက်ပိုင်းတော့ နှစ်ဖက် ပစ်ခတ်တဲ့ အသံတွေ သိပ်မကြားရတော့ဘူး။ ၃၊ ၄ ရက်လောက်ရှိလာပြီ။ ဟို နမ့်ဖားဘက်ရော ပစ်သံတွေ သိပ်မကြားရတော့ဘူး၊ လက်နက်ကြီးနဲ့ပစ်တဲ့ အသံတွေတော့ ကြားရတယ်။ မံစီအထွက်ဘက်က ၄၇ ဘက်တော့ ပစ်တဲ့အသံတွေ ကြားရတာရှိတယ်။ မံစီဘက် ထင်တယ်၊ အသံတော့ နည်းနည်းဝေးတယ်။ အဲဒီဘက်မှာတော့ တဂျိန်ဂျိန်းပဲ။ မံစီဘက်ခြမ်းပဲ ပိုဖြစ်နေတယ်” လို့ ပြောပါတယ်။

ဗန်းမော်မြို့ကနေ မံစီမြို့အထွက် ၃ မိုင်လောက်အကွာမှာရှိတဲ့ ဖန်းခါးကုန်း ခမရ ၄၇ တပ်စခန်းကိုလည်း ကချင်လွတ်မြောက်ရေးတပ်မတော်က ဝိုင်းဝန်းပိတ်ဆို့ထားတာဖြစ်ပြီး ပစ်ခတ်သံတွေလည်း ကြားနေရတယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၂၅ ရက်နေ့ညအချိန်အထိ ကချင်လွတ်မြောက်ရေးတပ်မတော်က မံစီမြို့နားက ခမရ ၆၀၁ တပ်စခန်းကို တဝက်အထိ ဝင်ရောက်ထားနိုင်ပြီး ဒီဇင်ဘာ ၂၆ ရက်နဲ့ ၂၇ ရက်မှာလည်း တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ မြေပြင်မှာ တိုက်ပွဲဝင်နေတဲ့ KPDF တပ်ဖွဲ့ဝင်တယောက်က ပြောပါတယ်။

ဗန်းမော်နဲ့ မံစီမြို့ကြားက လမ်းမကြီးတလျှောက် တဆက်တည်းရှိနေတဲ့ မံစီမြို့အနီးက ခမရ ၃၁၉ နဲ့ ၆၀၁ တပ်စခန်းတို့ကို ကချင်လွတ်မြောက်ရေးတပ်မတော်က လွန်ခဲ့တဲ့ ၄ လ ဝန်းကျင်ကတည်းက ဝိုင်းဝန်းပိတ်ဆို့ထားတာ ဖြစ်ပါတယ်။

ဗန်းမော်မြို့ကနေ မိုးမောက်အထွက် ၃ မိုင် ၄ မိုင်မှာရှိတဲ့ စစ်ဆေးရုံ၊ ထောက်ပို့တပ်စခန်းတွေရဲ့ ကာကင်းတွေကို ကချင်လွတ်မြောက်ရေးတပ်မတော်က သိမ်းပိုက်ရရှိထားသလို ထောက်ပို့တပ်ကို သိမ်းပိုက်ရရှိတဲ့ သတင်းတွေထွက်ပေါ်နေပေမဲ့ သီးခြားတော့ အတည်မပြုနိုင်သေးပါဘူး။

ဗန်းမော်မြို့ထဲက ရပ်ကွက်တွေမှာ ပြည်သူအများအပြား နေထိုင်နေဆဲဖြစ်ပြီး အများစုကတော့ နေအိမ်ဖောက်ထွင်းတွေရှိတာကြောင့် အိမ်စောင့်ကျန်နေတဲ့သူတွေ ဖြစ်သလို မြို့ပေါ်က ဘုန်းကြီးကျောင်းတွေမှာတော့ စစ်ရှောင်ပြည်သူအများအပြား ကျန်ရှိနေဆဲဖြစ်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013