DVB Logo
Home
မြန်မာသတင်း
ဘုတလင်တွင် ၃ ရက်အတွင်း ပြည်သူ ၂၀၀ ကျော် အဖမ်းခံထားရ
DVB
·
December 28, 2024
ဘုတလင်တွင် ၃ ရက်အတွင်း ပြည်သူ ၂၀၀ ကျော် အဖမ်းခံထားရ
Donate to DVB

ဘုတလင်မြို့နယ်မှာ ၃ ရက်အတွင်း ပြည်သူ ၂၀၀ ကျော်ကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး ကျွန်းလှမြို့နယ်မှာလည်း စစ်ကြောင်းဆက်တိုက်ထိုးနေတာကြောင့် ပြည်သူ ၁၅၀၀၀ ဝန်းကျင် စားဝတ်နေရေး ခက်ခဲနေပါတယ်။ 

ဒီဇင်ဘာ ၂၅ ရက်ကနေ ၂၇ ရက်အထိ ၃ ရက်အတွင်းမှာ စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ထဲက ပြည်သူ ၂၀၀ ကျော်ကို စစ်ကောင်စီက ဖမ်းဆီးခဲ့တာပါ။

ဒီဇင်ဘာ ၂၅ ရက်က ဘုတလင်မြို့နယ် ဇီးတောရွာကို စစ်ကား ၅ စီးနဲ့ ရှောင်တခင် စတင်ဝင်ရောက်ပြီး ရွာသားအများအပြားကို စတင်ဖမ်းဆီးခဲ့ပြီး ဇီးတောကနေ ဘုတလင်မြို့ဘက် ပြန်ထွက်ရာ လမ်းတလျှောက် စိုက်ခင်းတွေက တောင်သူတချို့နဲ့ ကံသစ်-ရွာမမှာ ကားလမ်းပေါ်က ခရီးသည်တင်ယာဉ်တွေ၊ ဆိုင်ကယ်နဲ့သွားလာနေတဲ့ ဈေးသည်တွေကို ထပ်မံဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ 

ဒီဇင်ဘာ ၂၅ ရက် ညနေက ဘုတလင်မြို့ထဲကို ပြန်ဝင်ခဲ့ပြီး ဒီဇင်ဘာ ၂၆ ရက်မှာ ဘုတလင်မြို့မြောက်ဘက်ခြမ်းက ပြည်သူတွေကို စစ်ကောင်စီက ဆက်လက်ဖမ်းဆီးခဲ့ပါတယ်။ စိုက်ပျိုးရေးသုံးလှည်းတွေနဲ့ နွားတွေကိုလည်း စစ်ကောင်စီတပ်သားတွေက အကြမ်းဖက် ယူဆောင်ခဲ့ပြီး ၂၇ ရက်နေ့မှာ ဘုတလင်မြို့ခံပြည်သူတွေကို ထပ်မံဖမ်းဆီးခဲ့ပါတယ်။ 

ဘုတလင်မြို့ဟာ စစ်ကောင်စီရဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တည်ရှိရာ မုံရွာမြို့ မြောက်ဘက် မိုင် ၂၀ ဝန်းကျင်အကွာမှာ တည်ရှိတဲ့မြို့ဖြစ်တာကြောင့် စစ်ကောင်စီက နယ်မြေ ထိန်းချုပ်ရေးလုပ်ငန်းတွေကို အားစိုက်နေတာပါ။

ဘုတလင် PDF အဖွဲ့ဝင် ကိုစိုင်းက “၂၀၀-၂၅၀ ဝန်းကျင်ဗျ၊ အရင်တခါ စစ်ရှုံးထားတာပေါ့နော်၊ စစ်ကြောင်းတကြောင်းလုံး ပျောက်ထားတဲ့ အနေအထားမှာ၊ ကူတော်ကို ရိက္ခာပို့ အကူးအပြောင်းလုပ်ချိန်မှာ တကြောင်းလုံး ပျောက်ထားတာကိုး။ အဲဒီလိုအခြေအနေမျိုး နောက်ထပ်တခါ မဖြစ်အောင်လို့ ပြည်သူတွေကို လူသားဒိုင်းအဖြစ် အသုံးပြုတာလို့ ကျနော်တို့ ယူဆတယ်ပေါ့။ အဓိကက ဒီအချိန်မှာ ပြည်သူတွေ နားလည်ဖို့ လိုလာပြီပေါ့နော်။ ပေါ်တာဆွဲတာတွေ၊ အကြမ်းဖက် ဖမ်းဆီးတာတွေ စစ်သားစုဆောင်းတာတွေ ပြုလုပ်နေတာ ဖြစ်တဲ့အတွက် သူတို့နဲ့ ထိပ်တိုက်မတွေ့ဖို့ရာအတွက်ကို ရှောင်ရှားဖို့ လိုတယ်ဗျ၊ စီပါရွာက လူတွေက အစောကြီးကတည်းက ဘုတလင်ကို အင်အားဖြည့်တင်းပြီ ဆိုကတည်းက ရှောင်ထားတယ်ဗျ။ စိုးရိမ်ပူပန်မှုကတော့ အများကြီးရှိတာပေါ့နော် မိသားစုတွေအနေနဲ့။ ဘာလို့လဲဆိုတော့ ယခင်စစ်ကြောင်းတုန်းကတည်းက လုပ်ပြထားတာတွေရှိတော့ သတ်ဖြတ်ထားတာတွေရှိတာဆိုတော့ စိုးရိမ်ပူပန်မှုကတော့ အတိုင်းထက်အလွန်ပေါ့။ အရင်တခေါက်ကလို လနဲ့ချီပြီး ထိုးလာတဲ့ စစ်ကြောင်းဆိုရင်တော့ ပျက်စီးဆုံးရှုံးမှုက များလိမ့်မယ်ဗျ။ ကျနော်တို့ ဒီဘက်မှာ ကျန်သေးတာက ပဲစင်းငုံတို့၊ မြေပဲတို့ ပဲမျိုးစုံ၊ စပါးတို့လည်း ကျန်သေးတာဆိုတော့ လနဲ့ချီပြီးထိုးတဲ့ စစ်ကြောင်းဆိုရင်တော့ ပျက်စီးဆုံးရှုံးမှု များနိုင်တယ်ဗျ” လို့ ပြောပါတယ်။

စစ်ကောင်စီက စစ်ကိုင်းတိုင်းထဲက စစ်ရေးအရအရေးပါတဲ့ မြို့နယ်တချို့မှာ အထိုင်စခန်းတွေ ပြန်ချနိုင်ဖို့ ကြိုးစားနေပြီး မန္တလေးတိုင်း သပိတ်ကျင်းခရိုင်နဲ့ ထိစပ်နေတဲ့ ကန့်ဘလူခရိုင် ကျွန်းလှမြို့နယ်ဘက်မှာ စစ်ကြောင်းတွေ ဆက်တိုက်ထိုးနေတာကြောင့် စစ်ရှောင်ပြည်သူ ၁၅၀၀၀ ခွဲဝန်းကျင် စားဝတ်နေရေး ခက်ခဲနေပါတယ်။ 

PDF တွေရဲ့ စစ်ရေးအရှိန်ကို ထိန်းနိုင်ဖို့ မန္တလေးတိုင်းနဲ့ နယ်မြေချင်းထိစပ်နေတဲ့ စစ်ကိုင်းတိုင်းထဲက မြို့နယ်တွေမှာ အင်အားသုံးနေတာဖြစ်ပါတယ်။

ကျွန်းလှနယ်ခံ PDF တယောက်က “နိုဝင်ဘာ ၂၀ ကနေ ဒီဇင်ဘာ ၂၆ ရက်အထိဆိုရင် စစ်ကောင်စီဘက်က စစ်ရေးပြင်ဆင်မှုဆိုရင် ကျနော်တို့ ကျွန်းလှမြို့နယ်မှာ လုပ်နေတာကကျတော့ ကုက္ကိုလ်ကုန်းအုပ်စုမှာ သူတို့ အထိုင်ချဖို့ဆိုပြီး သူတို့ဘန်ကာတွေ ၁၀ လုံးကျော်လောက် ဆောက်ပြီးသွားပြီ။ မျှော်စင်တွေပါ ပါတယ်ပေါ့နော်၊ သူတို့ အထိုင်ချမယ်ပေါ့၊ နောက်ထပ် ဘာဖြစ်လဲဆိုရင် ကန့်ဘလူနယ် ဖလှယ်ရွာ-ချောင်းခြားဘက်မယ် သူတို့ တပ်တွေဖြန့်ပြီး အထိုင်စွဲဖို့ပေါ့နော် အဲဒီလိုတွေလုပ်နေတယ်။ တောင်ယာဆိပ်အုပ်စု၊ လွှတ်တိုက်အုပ်စု၊ ကုက္ကိုလ်ကုန်းအုပ်စု အားလုံး ၁၂ ရွာရယ်၊ ပြီးတော့မှ ကျနော်တို့ ပျူရွာတွေကနေ ကျွန်းလှမြို့ပေါ်ကနေ စစ်ရှောင်လာတဲ့ ပြည်သူတွေရယ် ပြီးတော့မှ ရွှေလုပ်ငန်းမယ် အနယ်နယ်အရပ်ရပ်က လာအလုပ်လုပ်တဲ့သူတွေရယ်ဆိုရင် စစ်ဘေးရှောင်အင်အားက ၁၅၀၀၀ လောက်ရှိတာပေါ့နော်။ အရင်လ ၂၀ ရက်နေ့ကနေ ဒီရက်တွေအထိ စစ်ကြောင်းထိုးတာဆိုရင် ၁ လနဲ့ ၆ ရက်လောက်ရှိသွားပြီ။ စစ်ကြောင်းက ရုတ်တရက်ကြီး ဝင်ရောက်လာတာဖြစ်တဲ့အတွက် ပြည်သူတွေက ဘာမှမယူနိုင်ခဲ့ဘူးပေါ့နော်၊ ခြုံဝတ်ခြုံစားရယ်၊ စားရေးသောက်တာလည်း တော်တော်လေး လိုအပ်နေတာပေ့ါ” လို့ ပြောပါတယ်။

စက်တင်ဘာ ၃၀ ရက်နေ့မှာ အင်အား ၁၀၀ လောက်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းတခုလုံးကို ဘုတလင်မြို့နယ်အတွင်းမှာ PDF တွေက ရှင်းလင်းတိုက်ခိုက်ခဲ့လို့ နောက်တရက် အောက်တိုဘာ ၁ ရက်နေ့မှာ တိုက်ပွဲဖြစ်ပွားခဲ့ရာအနီးနားက စီပါရွာ၊ မောင်းထောင်ရွာနဲ့ လယ်တီရွာတွေကို စစ်ကောင်စီက လေကြောင်းကနေတိုက်ခိုက်ခဲ့သလို မြေပြင်စစ်ကြောင်းလည်း ပြန်ထိုးခဲ့တာပါ။ 

နောက်ရက်တွေမှာ စီပါရွာက ပြည်သူတချို့ အကြမ်းဖက် သတ်ဖြတ်ခံထားရတဲ့ ဓာတ်ပုံတွေ အင်တာနက်လူမှုကွန်ရက်တွေမှာ ပျံ့နှံ့ခဲ့ပါတယ်။

သုတချမ်းသာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013