
ပါကားဆိုလာအာကာသယာဉ်ဟာ နေနဲ့အနီးဆုံးကို သွားရောက်ခဲ့ပြီးနောက် ဘေးကင်းစွာနဲ့ လုပ်ဆောင်ချက်တွေ ပုံမှန်လုပ်ဆောင်နိုင်ပြီလို့ နာဆာက ဒီဇင်ဘာ ၂၇ ရက်နေ့မှာ ပြောပါတယ်။
ဒါဟာ လူသားတွေ ဖန်တီးထားတဲ့ ယာဉ်တစင်းက နေနဲ့အနီးဆုံး သွားရောက်နိုင်ခဲ့တာဖြစ်ပြီး ပါကားဆိုလာ အာကာသယာဉ်ဟာ ဒီဇင်ဘာ ၂၄ ရက်နေ့မှာ နေရဲ့မျက်နှာပြင်ကနေ မိုင်ပေါင်း ၃ ဒသမ ၈ သန်းကို ဖြတ်ကျော်ပြီး နေကိုလေ့လာနိုင်ခဲ့ဖို့ အကူအညီဖြစ်စေခဲ့တာပါ။
ကိုရိုနာ လို့ခေါ်တဲ့ နေရဲ့ လေဟာနယ်အပြင်ဘက်ကို ဝင်ရောက်ပြီး လေ့လာမှုတွေ ပြုလုပ်ခဲ့ပြီး ဆိုလာယာဉ်နဲ့ အဆက်အသွယ်ကို ကြာသပတေးနေ့ ညသန်းခေါင်မတိုင်မီမှာ ရရှိခဲ့တယ်လို့လည်း အေဂျင်စီက ပြောပါတယ်။
ယူဆောင်လာတဲ့ အချက်အလက်အပြည့်အစုံကို ဇန်နဝါရီ ၁ ရက်နေ့မှာ ရေဒီယိုအဝေးပို့စနစ်နဲ့ ကမ္ဘာကို ပို့ဆောင်ပေးမယ်လို့ မျှော်လင့်ထားပါတယ်။
၁ နာရီ မိုင် ၄၃၀,၀၀၀ အထိသွားခဲ့ချိန်မှာ ဒီအာကာသယာဉ်ရဲ့ အပူချိန်က ၁,၈၀၀ ဒီဂရီဖာရင်ဟိုက်အထိ မြင့်တက်ခဲ့တယ်လို့ နာဆာဝက်ဆိုက်မှာ ဖော်ပြပါတယ်။
ရယူလာတဲ့ ဒေတာတွေကို ကြည့်ပြီး နေက ဘယ်လိုအလုပ်လုပ်တယ်ဆိုတာ နားလည်နိုင်မယ်လို့ နာဆာရဲ့ ပညာရှင်တယောက်ဖြစ်သူ ဒေါက်တာ ဂျိုးဆက်ဝက်စ်လိတ်က ဆိုပါတယ်။
အာကာသယာဉ်စေလွှတ်မှုက နည်းပညာသစ်အောင်မြင်မှုတခုဖြစ်တယ်လို့ သူက ရိုက်တာကို ပြောပါတယ်။
ပါကားဆိုလာ ယာဉ်ကို ၂၀၁၈ ခုနှစ်က စတင်စေလွှတ်ခဲ့တာဖြစ်ပြီး နေနားကို နီးနိုင်သမျှနီးအောင် စက်ဝိုင်းပုံစံ တဖြည်းဖြည်း ကပ်ခဲ့ရတာ ဖြစ်ပါတယ်။
Source: Reuters










