ရာစုနှစ်ဝက်ကျော်အတွင်း ပထမဆုံး လူသားပါဝင်တဲ့ လကမ္ဘာခရီးစဉ်အဖြစ် Artemis II မစ်ရှင်ကို အမေရိကန်အာကာသအေဂျင်စီ (NASA) က ဧပြီ ၁ ရက်မှာ လွှတ်တင်လိုက်ပါတယ်။
အာကာသယာဉ်မှူး ၄ ယောက် လိုက်ပါတဲ့ Orion ယာဉ်ကို နာဆာရဲ့ အာကာသလွှတ်တင်ရေးစနစ် (SLS) ဒုံးပျံနဲ့ ဧပြီ ၁ ရက် ဒေသစံတော်ချိန် ည ၆ နာရီ ၃၅ မိနစ်မှာ လွှတ်တင်ခဲ့တာပါ။
ဒီခရီးစဉ်မှာ အမေရိကန် အာကာသယာဉ်မှူးတွေဖြစ်တဲ့ ရိဒ် ဝိုက်စ်မန်း၊ ဗစ်တာ ဂလိုဗာ၊ ခရစ္စတီးနား ကော့ချ်နဲ့ ကနေဒါ အာကာသယာဉ်မှူး ဂျရယ်မီ ဟန်ဆန်တို့ လိုက်ပါသွားပါတယ်။
အာကာသယာဉ်မှူး ဝိုက်စ်မန်းက “အရမ်းလှတယ်။ လထွက်လာတာ မြင်နေရတယ်” လို့ ယာဉ်လွှတ်တင်ပြီး သိပ်မကြာခင်မှာပဲ ပြောပါတယ်။
၁၀ ရက်ကြာမဲ့ ဒီခရီးစဉ်မှာ အာကာသယာဉ်မှူးတွေဟာ လပေါ်ဆင်းသက်မှာ မဟုတ်ဘဲ လကို ယာဉ်နဲ့ပတ်သွားဖို့ စီစဉ်ထားပါတယ်။
လရဲ့ အမှောင်ဘက်ခြမ်းကိုပါ ပတ်သွားမှာဖြစ်လို့ လူသားတွေ သွားလာခဲ့သမျှထဲမှာ ကမ္ဘာနဲ့အဝေးဆုံး ခရီးစဉ်လည်း ဖြစ်လာမှာပါ။
အာကာသယာဉ်ဟာ ကမ္ဘာပတ်လမ်းထဲမှာ ၂၄ နာရီလောက် ဆက်ရှိနေမှာဖြစ်ပြီး အခြေအနေကောင်းရင် လဆီကို ဆက်လက်ထွက်ခွာကြမှာ ဖြစ်ပါတယ်။
အခုလွှတ်တင်မှုဟာ လာမဲ့ ဆယ်စုနှစ်မှာ လူသားတွေ လပေါ် ပြန်လည်ခြေချနိုင်ဖို့ အမေရိကန်ရဲ့ အရေးကြီးတဲ့ ခြေလှမ်းတရပ် ဖြစ်ပါတယ်။
တရုတ်နိုင်ငံကလည်း ၂၀၃၀ ပြည့်နှစ်မှာ လပေါ် လူသားတွေစေလွှတ်ဖို့ ပြင်ဆင်နေပါတယ်။








