DVB Logo
Home
နိုင်ငံတကာ
အင်္ဂါဂြိုဟ်ခရီးအကြို ၃၇၈ ရက်ကြာ အလုံပိတ်စမ်းသပ်မှု ပြီးဆုံး
DVB
·
November 2, 2026
Photo: Reuters
Photo: Reuters
Donate to DVB

အမေရိကန် အာကာသအေဂျင်စီ (NASA) ရဲ့ အင်္ဂါဂြိုဟ်ခရီးအတွက် ကြိုတင်ပြင်ဆင်တဲ့ စမ်းသပ်မှုမှာ ၃၇၈ ရက်ကြာ အလုံပိတ်နေထိုင်ခဲ့တဲ့ စေတနာ့ဝန်ထမ်း ပါဝင်သူ ၄ ယောက်ဟာ အောက်တိုဘာ ၃၁ ရက်မှာ ပြန်ထွက်လာပါတယ်။

သူတို့ဟာ တက္ကဆက်ပြည်နယ်၊ ဟူစတန်မြို့က NASA ရဲ့ ဂျွန်ဆင်အာကာသစင်တာမှာ ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၉ ရက်ကတည်းက အလုံပိတ်နေထိုင်ခဲ့တာ ဖြစ်ပါတယ်။

အဖွဲ့ဝင် ၄ ယောက်ကတော့ အဖွဲ့ခေါင်းဆောင် ရော့စ်အယ်လ်ဒါ၊ ဆေးဘက်ဆိုင်ရာတာဝန်ခံ အယ်လန်အဲလစ်၊ သိပ္ပံပညာရှင် မက်သယူးမွန်ဂိုမာရီနဲ့ အင်ဂျင်နီယာ ဂျိမ်းစ် စပိုက်ဆာတို့ ဖြစ်ပါတယ်။

သူတို့ဟာ 3D နည်းပညာနဲ့ တည်ဆောက်ထားတဲ့ ၁၅၈ စတုရန်းမီတာ ကျယ်ဝန်းတဲ့ အဆောက်အအုံမှာ နေထိုင်ပြီး အင်္ဂါဂြိုဟ်မြေဆီလွှာပုံစံတူမှာ သီးနှံစိုက်ပျိုးတာတွေ စမ်းသပ်ခဲ့ပါတယ်။

အင်္ဂါဂြိုဟ်ပေါ်မှာ လမ်းလျှောက်တာ၊ အကန့်အသတ်ရှိတဲ့ ရိက္ခာနဲ့ နေထိုင်တာအပြင် ကမ္ဘာမြေနဲ့ ဆက်သွယ်ရာမှာ အချိန်ကြန့်ကြာမှုတွေကိုလည်း စမ်းသပ်ခဲ့ပါတယ်။

ဆေးဘက်ဆိုင်ရာတာဝန်ခံ အဲလစ်က “တော်တော်ကို ခက်ခဲကြမ်းတမ်းခဲ့တဲ့ တနှစ်ပါ။ ကျမတို့ဟာ ကိုယ့်သဘောနဲ့ကိုယ် အလုံပိတ်နေခဲ့ကြတာပါ” လို့ ပြောပါတယ်။

ဒီစမ်းသပ်မှုဟာ အာကာသယာဉ်မှူးတွေ အချိန်ကြာမြင့်စွာ အာကာသထဲမှာ နေထိုင်ရတဲ့အခါ ကျန်းမာရေးနဲ့ စိတ်ပိုင်းဆိုင်ရာ စိန်ခေါ်မှုတွေကို ဘယ်လိုရင်ဆိုင်နိုင်မလဲဆိုတာ လေ့လာဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။

CHAPEA လို့ခေါ်တဲ့ ဒီစမ်းသပ်မှုဟာ ဒုတိယအကြိမ်ဖြစ်ပြီး ပထမအကြိမ်ကို ၂၀၂၃ ခုနှစ်ကနေ ၂၀၂၄ ခုနှစ်အထိ ၃၇၈ ရက်ကြာ ပြုလုပ်ခဲ့ပါတယ်။

အခု ပြန်ထွက်လာတဲ့ အဖွဲ့ဝင် ၄ ယောက်ကို NASA သိပ္ပံပညာရှင်တွေက နောက်ထပ် ၂ ပတ်ကြာ ကျန်းမာရေးစစ်ဆေးမှုတွေနဲ့ အတွေ့အကြုံဆိုင်ရာ အကဲဖြတ်မှုတွေ ပြုလုပ်သွားမှာပါ။

NASA ဟာ အာကာသယာဉ်မှူးတွေကို လပေါ် ပြန်လည်စေလွှတ်ဖို့ စီစဉ်ထားသလို ၂၀၃၀ ပြည့်လွန်နှစ်တွေမှာ အင်္ဂါဂြိုဟ်ဆီ လူသားတွေ စေလွှတ်နိုင်ဖို့ ရည်မှန်းထားပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013