
ကမ္ဘာမြေပေါ်မှာ ဘာတွေဖြစ်နေသလဲဆိုတာ ဂြိုဟ်တုတလုံးက ဘယ်လိုသိနိုင်ပါသလဲ
ကမ္ဘာမြေပြင်ကနေ ကီလိုမီတာ ရာနဲ့ချီ၊ ထောင်နဲ့ချီ ဝေးကွာတဲ့ အာကာသထဲမှာ ဂြိုဟ်တုတွေဟာ ကျွန်ုပ်တို့ရဲ့ ကမ္ဘာမြေကို အဆက်မပြတ် စောင့်ကြည့်နေကြပါတယ်။ ဒီလောက်ဝေးတဲ့ နေရာကနေ မြန်မာနိုင်ငံပေါ်မှာ မိုးတိမ်တွေ ဖြစ်ပေါ်နေသလား၊ တောမီးလောင်နေသလား၊ သီးနှံတွေ ကျန်းမာကောင်းမွန်ရဲ့လား၊ ဒါမှမဟုတ် လေထုထဲမှာ မီးခိုးနဲ့ အမှုန်အမွှားလေးတွေ ပျံ့နှံ့နေသလားဆိုတာ ဂြိုဟ်တုတလုံးက ဘယ်လိုသိနိုင်ပါသလဲ။
ဒါ့အပြင် ဒီလောက်ဝေးကွာတဲ့ နေရာကနေ မြေမျက်နှာပြင်ရဲ့ အပူချိန်၊ အပင်တွေရဲ့ အခြေအနေ၊ ဒါမှမဟုတ် မြေဆီလွှာမျက်နှာပြင်နားမှာ ရေဘယ်လောက်ရှိနေသလဲဆိုတာကိုတောင် ဘယ်လိုသိနိုင်ပါသလဲ။
ဒီမေးခွန်းတွေရဲ့ အဖြေဟာ ကျွန်ုပ်တို့ပတ်ဝန်းကျင်မှာ အချိန်တိုင်းရှိနေတဲ့ အရာတခုကနေ စတင်ပါတယ်။ အဲဒါကတော့ လျှပ်စစ်သံလိုက်ရောင်ခြည် (electromagnetic radiation) ဖြစ်ပါတယ်။
ဂြိုဟ်တုတွေမှာ ကမ္ဘာမြေနဲ့ လေထုကနေ ရောက်လာတဲ့ ရောင်ခြည်တွေကို တိုင်းတာနိုင်တဲ့ ကိရိယာတွေ တပ်ဆင်ထားပါတယ်။ ဒီရောင်ခြည်တချို့ဟာ နေကနေ လာတာဖြစ်ပြီး မိုးတိမ်တွေ၊ လေထုထဲက အမှုန်အမွှားတွေ၊ အပင်တွေ၊ မြေဆီလွှာ၊ ရေပြင်နဲ့ တခြားမြေမျက်နှာပြင်တွေကနေ ပြန်လည်ရောင်ပြန်ဟပ်လာတာ ဖြစ်ပါတယ်။ ကမ္ဘာမြေနဲ့ လေထုကိုယ်တိုင်ကလည်း ရောင်ခြည်တွေ ထုတ်လွှတ်ကြပြီး၊ အထူးသဖြင့် အနီအောက်ရောင်ခြည် (infrared) လှိုင်းအလျားတွေမှာ ဖြစ်ပါတယ်။
ဒီရောင်ခြည်တွေကို မတူညီတဲ့ လှိုင်းအလျားတွေမှာ တိုင်းတာခြင်းအားဖြင့် သိပ္ပံပညာရှင်တွေဟာ ကျွန်ုပ်တို့ရဲ့ ကမ္ဘာမြေအကြောင်း အချက်အလက်များစွာကို သိရှိနိုင်ကြပါတယ်။
ဒီလို အဝေးကနေ တိုက်ရိုက်ထိတွေ့ခြင်းမရှိဘဲ အချက်အလက်တွေ ရယူလေ့လာတဲ့ သိပ္ပံပညာကို အဝေးမှ စူးစမ်းလေ့လာခြင်း (remote sensing) လို့ ခေါ်ပါတယ်။
ဂြိုဟ်တုအဝေးမှ စူးစမ်းလေ့လာခြင်း (Satellite Remote Sensing) ဆိုတာ ဘာလဲ။
Remote sensing ဆိုတာ အရာဝတ္ထုတခုကို တိုက်ရိုက်ထိတွေ့စရာမလိုဘဲ အဝေးကနေ အချက်အလက်ရယူခြင်းလို့ အလွယ်တကူ နားလည်နိုင်ပါတယ်။ တကယ်တော့ ကျွန်ုပ်တို့ကိုယ်တိုင်လည်း နေ့စဉ်ဘဝမှာ remote sensing သဘောတရားကို အသုံးပြုနေကြပါတယ်။
ဥပမာ အစိမ်းရောင်သစ်ပင်တပင်ကို ကြည့်တဲ့အခါ အရွက်တွေ အစိမ်းရောင်ဖြစ်ကြောင်း သိဖို့ အရွက်ကို လက်နဲ့ထိကြည့်စရာ မလိုပါဘူး။ နေရောင်ခြည်က သစ်ပင်ပေါ်ကို ကျရောက်လာတဲ့အခါ အရွက်တွေက မြင်နိုင်တဲ့ အလင်းရောင်ရဲ့ လှိုင်းအလျားတချို့ကို စုပ်ယူပြီး တချို့ကို ပြန်လည်ရောင်ပြန်ဟပ်ပါတယ်။ အဲဒီပြန်လည်ရောင်ပြန်ဟပ်လာတဲ့ အလင်းရောင်တချို့က ကျွန်ုပ်တို့ရဲ့ မျက်လုံးဆီ ရောက်လာပြီး ဦးနှောက်က အဲဒီအချက်အလက်ကို အဓိပ္ပာယ်ဖော်ပေးပါတယ်။
ဂြိုဟ်တုပေါ်က ကိရိယာတွေလည်း အခြေခံအားဖြင့် အလားတူသဘောတရားနဲ့ အလုပ်လုပ်ပါတယ်။ ဒါပေမဲ့ အရေးကြီးတဲ့ အားသာချက်တခုရှိပါတယ်။ လူ့မျက်စိနဲ့ မြင်နိုင်တဲ့ အလင်းရောင်လှိုင်းအလျားတွေနဲ့ပဲ ကန့်သတ်မထားပါဘူး။
လူ့မျက်စိက လျှပ်စစ်သံလိုက်ရောင်ခြည်စဉ် (electromagnetic spectrum) တခုလုံးထဲက အလွန်သေးငယ်တဲ့ အစိတ်အပိုင်းဖြစ်တဲ့ မြင်နိုင်သောအလင်းရောင် (visible light) ကိုသာ မြင်နိုင်ပါတယ်။
ဒါပေမဲ့ ဂြိုဟ်တုကိရိယာတွေက လူ့မျက်စိနဲ့ မမြင်နိုင်တဲ့ အနီအောက်ရောင်ခြည်အနီးပိုင်း (near-infrared)၊ လှိုင်းတိုအနီအောက်ရောင်ခြည် (shortwave infrared)၊ အပူအနီအောက်ရောင်ခြည် (thermal infrared) နဲ့ မိုက်ခရိုဝေ့ဗ် (microwave) ရောင်ခြည်တွေကိုပါ တိုင်းတာနိုင်ပါတယ်။
ဒီလို လူ့မျက်စိနဲ့ မမြင်နိုင်တဲ့ လှိုင်းအလျားတွေကို တိုင်းတာနိုင်ခြင်းကြောင့် သာမန်မျက်စိနဲ့ ကြည့်ရုံနဲ့ မသိနိုင်တဲ့ ကမ္ဘာမြေနဲ့ လေထုဆိုင်ရာ အချက်အလက်တွေကိုလည်း သိရှိနိုင်ပါတယ်။
ဒါကြောင့် ဂြိုဟ်တုတလုံးကို အာကာသထဲကနေ ဓာတ်ပုံရိုက်ပေးနေတဲ့ ကင်မရာတလုံးအဖြစ်သာ မမြင်သင့်ပါဘူး။ တကယ်တော့ ဂြိုဟ်တုမှာ ကမ္ဘာမြေနဲ့ လေထုကနေ ရောက်လာတဲ့ စွမ်းအင်တွေကို တိုင်းတာနိုင်တဲ့ အလွန်အာရုံခံနိုင်စွမ်းမြင့်တဲ့ သိပ္ပံကိရိယာတွေ တပ်ဆင်ထားပါတယ်။
ဂြိုဟ်တုတလုံးက အမှန်တကယ် ဘာကို တိုင်းတာတာလဲ။
မိုးတိမ်တွေ၊ မီးခိုးတွေ၊ အပင်တွေ ဒါမှမဟုတ် တောမီးလောင်ကျွမ်းမှုတွေ ပါဝင်တဲ့ ဂြိုဟ်တုပုံရိပ်တပုံကို ကြည့်တဲ့အခါ၊ ဂြိုဟ်တုက ဒီအရာတွေကို ကျွန်ုပ်တို့မျက်စိနဲ့ မြင်သလို တိုက်ရိုက် “မြင်နေတယ်” လို့ ထင်မိဖို့ လွယ်ပါတယ်။ ဒါပေမဲ့ သိပ္ပံနည်းကျပြောရရင် တကယ်ဖြစ်ပျက်နေတာက အဲဒီလို မဟုတ်ပါဘူး။
အဲဒီလို မဟုတ်ပါဘူး။

ပုံ ၁။ ဂျပန်နိုင်ငံ၏ Himawari-8 ပထဝီတည်ငြိမ်ပတ်လမ်း (geostationary) ဂြိုဟ်တုပေါ်ရှိ Advanced Himawari Imager (AHI) မှ ၂၀၁၅ ခုနှစ်၊ ဩဂုတ်လ ၄ ရက်နေ့တွင် ရရှိခဲ့သော သဘာဝအရောင်ပုံရိပ် (true-color image) ဖြစ်သည်။
ပုံ၏ အနောက်ဘက်ခြမ်းတွင် မြန်မာနိုင်ငံကို မြင်တွေ့နိုင်ပြီး အရှေ့အာရှနှင့် အရှေ့တောင်အာရှဒေသအချို့ကို မိုးတိမ်များ ဖုံးလွှမ်းနေသည်။ အနောက်ပစိဖိတ်သမုဒ္ဒရာတွင်လည်း အပူပိုင်းဆိုင်ကလုန်းမုန်တိုင်းတခုကို မြင်တွေ့နိုင်သည်။ ဤပုံသည် အာကာသမှ ရိုက်ကူးထားသော သာမန်ဓာတ်ပုံတပုံကဲ့သို့ မြင်ရသော်လည်း အမှန်တကယ်တွင် မတူညီသော ရောင်စဉ်လှိုင်းအလျားလိုင်းများ (spectral channels) မှ တိုင်းတာရရှိသည့် အချက်အလက်များကို ပေါင်းစပ်၍ ဖန်တီးထားခြင်း ဖြစ်သည်။
Credit: JMA satellite data; image processing by SSEC/CIMSS, University of Wisconsin–Madison.
သဘာဝအရောင် ဂြိုဟ်တုပုံရိပ်တပုံဟာ အာကာသကနေ လူ့မျက်စိနဲ့ ကြည့်ရင် မြင်ရမဲ့ပုံနဲ့ အတော်လေး ဆင်တူပါတယ်။ အစိမ်းရောင်နဲ့ အညိုရောင် မြေမျက်နှာပြင်တွေ၊ အပြာရောင် သမုဒ္ဒရာနဲ့ ဖြူဖွေးတောက်ပနေတဲ့ မိုးတိမ်တွေကို အလွယ်တကူ ခွဲခြားမြင်နိုင်ပါတယ်။
ဒါပေမဲ့ ဂြိုဟ်တုကိရိယာက ဒီမြင်ကွင်းတခုလုံးကို သာမန်ကင်မရာတလုံးလို ဓာတ်ပုံရိုက်ယူထားတာ မဟုတ်ပါဘူး။ ဂြိုဟ်တုအာရုံခံကိရိယာတွေက ရောင်စဉ်လှိုင်းအလျားလိုင်း တခုချင်းစီမှာ ရောင်ခြည်တွေကို သီးခြားတိုင်းတာပါတယ်။ အဲဒီနောက် မြင်နိုင်တဲ့ အလင်းရောင်လှိုင်းအလျားတွေမှာ တိုင်းတာထားတဲ့ အချက်အလက် တချို့ကို ပေါင်းစပ်ပြီး သဘာဝအရောင်ပုံရိပ်ကို ဖန်တီးတာ ဖြစ်ပါတယ်။
ဂြိုဟ်တုတလုံးက မိုးတိမ်တခု၊ လေထုထဲက အမှုန်အမွှားတခု (aerosol particle)၊ သီးနှံတွေရဲ့ ကျန်းမာရေးအခြေအနေ ဒါမှမဟုတ် မြေမျက်နှာပြင်ရဲ့ အပူချိန်ကို တိုက်ရိုက်တိုင်းတာတာ မဟုတ်ပါဘူး။ ဂြိုဟ်တုကိရိယာက အမှန်တကယ် တိုင်းတာနေတာက သူ့ရဲ့ အာရုံခံကိရိယာဆီ ရောက်လာတဲ့ လျှပ်စစ်သံလိုက်ရောင်ခြည် (electromagnetic radiation) ဖြစ်ပါတယ်။
ကမ္ဘာမြေကို လေ့လာရာမှာ အသုံးပြုတဲ့ လှိုင်းအလျားများစွာအတွက် ဇာတ်လမ်းက နေ ကနေ စတင်ပါတယ်။
နေရောင်ခြည်ဟာ လေထုကို ဖြတ်သန်းပြီး ကမ္ဘာမြေဆီ ရောက်လာပါတယ်။ လမ်းတလျှောက်မှာ ရောင်ခြည်တချို့ဟာ လေထုထဲက ဓာတ်ငွေ့တွေ၊ မိုးတိမ်တွေနဲ့ အေရိုဆော (aerosols) လို့ခေါ်တဲ့ အလွန်သေးငယ်တဲ့ အမှုန်အမွှားတွေကြောင့် ပြန့်ကျဲသွားနိုင်သလို စုပ်ယူခံရတာလည်း ရှိပါတယ်။ ကျန်ရှိတဲ့ နေရောင်ခြည်က ကမ္ဘာမြေမျက်နှာပြင်ဆီ ရောက်လာတဲ့အခါ သစ်တောတွေ၊ စိုက်ပျိုးရေးလယ်ကွင်းတွေ၊ မြေဆီလွှာ၊ မြို့ပြဒေသတွေ၊ မြစ်တွေနဲ့ သမုဒ္ဒရာတွေနဲ့ အပြန်အလှန် သက်ရောက်မှုရှိပါတယ်။
အဲဒီရောင်ခြည်တချို့ကို မြေမျက်နှာပြင်က စုပ်ယူပြီး တချို့ကတော့ အာကာသဘက်ကို ပြန်လည်ရောင်ပြန်ဟပ်သွားပါတယ်။ အဲဒီထဲက ဂြိုဟ်တုဆီ ရောက်လာတဲ့ ရောင်ခြည်တစ်စိတ်တပိုင်းကို ဂြိုဟ်တုကိရိယာက တိုင်းတာတာ ဖြစ်ပါတယ်။
မြေမျက်နှာပြင်အမျိုးအစား မတူညီရင် ရောင်ခြည်နဲ့ အပြန်အလှန်သက်ရောက်ပုံလည်း မတူညီပါဘူး။ ဥပမာ ကျန်းမာသန်စွမ်းတဲ့ အစိမ်းရောင်အပင်တွေ၊ ခြောက်သွေ့တဲ့ မြေဆီလွှာ၊ ရေပြင်နဲ့ မိုးတိမ်တွေဟာ လှိုင်းအလျားတိုင်းမှာ ရောင်ခြည်ပမာဏ တူညီစွာ ပြန်လည်ရောင်ပြန်ဟပ်ကြတာ မဟုတ်ပါဘူး။ ဒီကွာခြားချက်တွေက ကမ္ဘာမြေမျက်နှာပြင်နဲ့ လေထုထဲမှာ ဘာတွေဖြစ်ပျက်နေသလဲဆိုတာ သိပ္ပံပညာရှင်တွေ လေ့လာနိုင်ဖို့ အရေးကြီးတဲ့ အချက်အလက်တွေကို ပေးပါတယ်။
ဒါပေမဲ့ ပြန်လည်ရောင်ပြန်ဟပ်လာတဲ့ နေရောင်ခြည်ဟာ ဇာတ်လမ်းရဲ့ တစိတ်တပိုင်းပဲ ရှိပါသေးတယ်။
ကမ္ဘာမြေကိုယ်တိုင်ကလည်း ရောင်ခြည်ကို ထုတ်လွှတ်ပါတယ်။ ကမ္ဘာမြေမှာ အပူချိန်ရှိတဲ့အတွက် မြေမျက်နှာပြင်၊ မိုးတိမ်တွေနဲ့ လေထုက အဓိကအားဖြင့် အနီအောက်ရောင်ခြည် (infrared) လှိုင်းအလျားတွေမှာ စွမ်းအင် ထုတ်လွှတ်ပါတယ်။ ဂြိုဟ်တုကိရိယာတွေက ဒီထုတ်လွှတ်လာတဲ့ ရောင်ခြည်ကိုလည်း တိုင်းတာနိုင်ပါတယ်။ ဒါကြောင့် နေရောင်ပြန်ဟပ်မှု မရှိတဲ့ ညအချိန်မှာတောင် မြေမျက်နှာပြင်အပူချိန်နဲ့ မိုးတိမ်ထိပ်ပိုင်းအပူချိန်တို့လို အချက်အလက်တွေကို သိရှိနိုင်ပါတယ်။
ပိုရှည်တဲ့ လှိုင်းအလျားတွေ၊ အထူးသဖြင့် မိုက်ခရိုဝေ့ဗ် (microwave) ဒေသမှာတော့ ဂြိုဟ်တုကိရိယာတွေက တခြားအချက်အလက်အမျိုးအစားတွေကိုပါ ရရှိနိုင်ပါတယ်။ မိုက်ခရိုဝေ့ဗ်တိုင်းတာချက်တွေဟာ ကမ္ဘာမြေမျက်နှာပြင်နဲ့ လေထုရဲ့ ဂုဏ်သတ္တိအမျိုးမျိုးအပေါ် မတူညီစွာ တုံ့ပြန်တဲ့အတွက် အထူးအသုံးဝင်ပါတယ်။
ဥပမာ မိုက်ခရိုဝေ့ဗ်တိုင်းတာချက်တွေကို အသုံးပြုပြီး မြေဆီလွှာအစိုဓာတ် (soil moisture) မြေဆီလွှာမျက်နှာပြင်အနီးမှာ ရေဘယ်လောက်ပါဝင်နေသလဲဆိုတာ ခန့်မှန်းနိုင်ပါတယ်။ ဒီအချက်အလက်ဟာ စိုက်ပျိုးရေး၊ မိုးခေါင်မှု စောင့်ကြည့်လေ့လာခြင်းနဲ့ ရေသံသရာကို နားလည်ရာမှာ အထူးအရေးကြီးပါတယ်။
ဒါကြောင့် ကျွန်ုပ်တို့ မကြာခဏ “ဂြိုဟ်တုဒေတာ” လို့ ခေါ်ကြတဲ့ အရောင်အသွေးစုံလင်တဲ့ မြေပုံတွေဟာ ဂြိုဟ်တုက မူလတိုင်းတာခဲ့တဲ့ အချက်အလက်ကနေ အဆင့်ပေါင်းများစွာ ဖြတ်သန်းပြီးမှ ရရှိလာတာ ဖြစ်ပါတယ်။
ပထမဦးဆုံး ဂြိုဟ်တုက ရောင်ခြည်ကို တိုင်းတာပါတယ်။ အဲဒီနောက် သိပ္ပံပညာရှင်တွေက ရူပဗေဒဆိုင်ရာ နားလည်မှုနဲ့ သင်္ချာနည်းစနစ်များ (algorithms) ကို အသုံးပြုပြီး အဲဒီတိုင်းတာချက်တွေကို အဓိပ္ပာယ်ဖော်ကာ ကမ္ဘာ့လေထုနဲ့ မြေမျက်နှာပြင်ရဲ့ အခြေအနေတွေကို ခန့်မှန်းတွက်ချက်ကြပါတယ်။
မတူညီတဲ့ လှိုင်းအလျားတွေက ဘာကြောင့် အရေးကြီးတာလဲ။
ပုံ ၁ မှာ ပြထားတဲ့ သဘာဝအရောင်ပုံရိပ် (true-color image) ဟာ ကမ္ဘာမြေကို အာကာသကနေ ကျွန်ုပ်တို့မျက်စိနဲ့ ကြည့်ရင် မြင်ရမယ့်ပုံနဲ့ အတော်လေး ဆင်တူပါတယ်။ ဒါပေမဲ့ မြင်နိုင်သောအလင်းရောင် (visible light) ဟာ ဂြိုဟ်တုတွေ တိုင်းတာနိုင်တဲ့ လျှပ်စစ်သံလိုက်ရောင်ခြည်တစ်ခုလုံးထဲက အစိတ်အပိုင်းသေးသေးလေးတခုပဲ ဖြစ်ပါတယ်။
မြင်နိုင်သောအလင်းရောင် (visible) လှိုင်းအလျားတွေမှာ မိုးတိမ်၊ မြေပြင်နဲ့ သမုဒ္ဒရာတို့လို ကျွန်ုပ်တို့နဲ့ ရင်းနှီးပြီးသား အရာတွေကို မြင်နိုင်ပါတယ်။ အနီအောက်ရောင်ခြည်အနီးပိုင်း (near-infrared) နဲ့ လှိုင်းတိုအနီအောက်ရောင်ခြည် (shortwave infrared) တိုင်းတာချက်တွေကတော့ အပင်များ၊ ရေ၊ နှင်း၊ မီးလောင်ကျွမ်းမှုနဲ့ မြေမျက်နှာပြင်အခြေအနေတို့အကြောင်း ထပ်မံသိရှိနိုင်စေပါတယ်။
အပူအနီအောက်ရောင်ခြည် (thermal infrared) တိုင်းတာချက်တွေက အပူချိန်ဆိုင်ရာ အချက်အလက်တွေကို ပေးနိုင်ပြီး နေရောင်မရှိတဲ့ ညအချိန်မှာလည်း အသုံးပြုနိုင်ပါတယ်။ ဒီထက်ပိုရှည်တဲ့ လှိုင်းအလျားဖြစ်တဲ့ မိုက်ခရိုဝေ့ဗ် (microwave) တိုင်းတာချက်တွေကိုတော့ မိုးရွာသွန်းမှုနဲ့ မြေဆီလွှာအစိုဓာတ်တို့ကို စောင့်ကြည့်လေ့လာရာမှာ အသုံးပြုနိုင်ပါတယ်။
လှိုင်းအလျားတမျိုးတည်းနဲ့ ကမ္ဘာမြေအကြောင်း အရာအားလုံးကို မသိနိုင်ပါဘူး။ မတူညီတဲ့ လှိုင်းအလျားတွေက ရရှိတဲ့ အချက်အလက်တွေကို ပေါင်းစပ်အသုံးပြုခြင်းအားဖြင့် သိပ္ပံပညာရှင်တွေဟာ ကမ္ဘာမြေမျက်နှာပြင်နဲ့ လေထုအကြောင်း ပိုမိုသိရှိနားလည်နိုင်ပါတယ်။

ပုံ ၂။ လျှပ်စစ်သံလိုက်ရောင်ခြည်စဉ် (electromagnetic spectrum) ရဲ့ မတူညီတဲ့ အပိုင်းတွေက ကမ္ဘာမြေအကြောင်း မတူညီတဲ့ အချက်အလက်တွေကို ပေးနိုင်ပါတယ်။ ဂြိုဟ်တုကိရိယာတွေဟာ မြင်နိုင်သောအလင်းရောင်၊ အနီအောက်ရောင်ခြည်နဲ့ မိုက်ခရိုဝေ့ဗ် လှိုင်းအလျားတွေမှာ ရရှိတဲ့ တိုင်းတာချက်တွေကို ပေါင်းစပ်အသုံးပြုပြီး မိုးတိမ်၊ အပင်များ၊ မီးလောင်ကျွမ်းမှု၊ အပူချိန်၊ မိုးရွာသွန်းမှု၊ မြေဆီလွှာအစိုဓာတ်နဲ့ ကမ္ဘာမြေ၊ လေထုတို့ရဲ့ အခြားဂုဏ်သတ္တိများကို လေ့လာနိုင်ပါတယ်။ ဤဆောင်းပါးအတွက် ဖန်တီးထားသော ရုပ်ပုံဖြစ်သည်။
ဂြိုဟ်တုတိုင်းတာချက်တွေကနေ အသုံးဝင်တဲ့ အချက်အလက်တွေ ဘယ်လိုရရှိလာသလဲ။
ဂြိုဟ်တုက တိုင်းတာရရှိတဲ့ အချက်အလက်တခုတည်းကို ကြည့်ရုံနဲ့ “ဒီနေရာမှာ မီးခိုးရှိတယ်”၊ “ဒီမိုးတိမ်က အေးတယ်” ဒါမှမဟုတ် “ဒီနေရာက မြေဆီလွှာ ခြောက်သွေ့နေတယ်” လို့ ချက်ချင်း မသိနိုင်ပါဘူး။
ဂြိုဟ်တုတိုင်းတာချက်တွေကို စနစ်တကျ ပြုပြင်တွက်ချက်ပြီး အဓိပ္ပာယ်ဖော်ဖို့ လိုပါတယ်။ သိပ္ပံပညာရှင်တွေက ရောင်ခြည်ဟာ လေထုနဲ့ ကမ္ဘာမြေမျက်နှာပြင်တို့နဲ့ ဘယ်လို အပြန်အလှန်သက်ရောက်တယ်ဆိုတဲ့ နားလည်မှုကို အခြေခံပြီး ကွန်ပျူတာနည်းစနစ်များ (algorithms) ကို အသုံးပြုကာ ဂြိုဟ်တုတိုင်းတာချက်တွေကို အသုံးဝင်တဲ့ အချက်အလက်တွေအဖြစ် ပြောင်းလဲကြပါတယ်။
ဒီလို ဂြိုဟ်တုတိုင်းတာချက်တွေကနေ ကျွန်ုပ်တို့ သိလိုတဲ့ အချက်အလက်တခုကို ခန့်မှန်းတွက်ချက်ထုတ်ယူတဲ့ လုပ်ငန်းစဉ်ကို retrieval လို့ ခေါ်ပါတယ်။
ဒါပေမဲ့ retrieval နည်းလမ်းနဲ့ ရရှိလာတဲ့ အချက်အလက်တွေဟာ အမြဲတမ်း အတိအကျ ဖြစ်နေမှာ မဟုတ်ပါဘူး။ မိုးတိမ်၊ လေထု၊ မြေမျက်နှာပြင်အခြေအနေ၊ ဂြိုဟ်တုက ကြည့်ရှုတဲ့ အနေအထားနဲ့ algorithm မှာ အသုံးပြုထားတဲ့ ယူဆချက်တွေက ရလဒ်အပေါ် သက်ရောက်မှုရှိနိုင်ပါတယ်။
ဒါကြောင့် သိပ္ပံပညာရှင်တွေဟာ ဂြိုဟ်တုက ရရှိလာတဲ့ အချက်အလက်တွေကို မြေပြင်၊ လေယာဉ်၊ သင်္ဘောနဲ့ အခြားကိရိယာတွေက တိုင်းတာရရှိတဲ့ အချက်အလက်တွေနဲ့ နှိုင်းယှဉ်စစ်ဆေးကြပါတယ်။ ဒီလုပ်ငန်းစဉ်ကို validation လို့ ခေါ်ပြီး ဂြိုဟ်တုအချက်အလက်တွေ ဘယ်လောက်တိကျပြီး ယုံကြည်စိတ်ချရသလဲဆိုတာ သိရှိနိုင်ဖို့ ကူညီပေးပါတယ်။
လုပ်ငန်းစဉ်တခုလုံးကို အလွယ်တကူ အခုလို မြင်နိုင်ပါတယ်။
ဂြိုဟ်တုတိုင်းတာချက် → သိပ္ပံနည်းစနစ် (algorithm) → ကမ္ဘာမြေနဲ့ လေထုဆိုင်ရာ အချက်အလက် → တိုက်ဆိုင်စစ်ဆေးခြင်း (validation)
ကမ္ဘာမြေကို လေ့လာတဲ့ ဂြိုဟ်တုတွေမှာ ဘယ်လိုအမျိုးအစားတွေ ရှိသလဲ
ကမ္ဘာမြေကို လေ့လာနေတဲ့ ဂြိုဟ်တုအားလုံးဟာ တပုံစံတည်းနဲ့ လှည့်ပတ်ကြည့်ရှုနေတာ မဟုတ်ပါဘူး။ အရေးကြီးတဲ့ အမျိုးအစားနှစ်မျိုးကတော့ ပထဝီတည်ငြိမ်ပတ်လမ်း ဂြိုဟ်တု (geostationary satellite) နဲ့ ဝင်ရိုးစွန်းပတ်လမ်း ဂြိုဟ်တု (polar-orbiting satellite) တို့ ဖြစ်ပါတယ်။
ပထဝီတည်ငြိမ်ပတ်လမ်း ဂြိုဟ်တုဟာ ကမ္ဘာ့အီကွေတာအထက် မြေပြင်ကနေ ကီလိုမီတာ ၃၆,၀၀၀ ခန့်အကွာမှာ ပတ်လမ်းကြောင်းအတိုင်း လှည့်ပတ်နေပါတယ်။ ကမ္ဘာလည်ပတ်တဲ့နှုန်းနဲ့ တူညီတဲ့နှုန်းနဲ့ လှည့်ပတ်နေတာကြောင့် ကမ္ဘာမြေပေါ်က ဒေသတခုတည်းကို အဆက်မပြတ် စောင့်ကြည့်နိုင်ပါတယ်။
ဒါကြောင့် လျင်မြန်စွာ ပြောင်းလဲနေတဲ့ ရာသီဥတုအခြေအနေတွေကို စောင့်ကြည့်ရာမှာ အထူးအသုံးဝင်ပါတယ်။ မိနစ်အနည်းငယ်ခြားတိုင်း ကမ္ဘာမြေကို ကြည့်ရှုနိုင်တာကြောင့် မိုးတိမ်တွေ ဖြစ်ပေါ်လာပုံ၊ မုန်တိုင်းတွေ အားကောင်းလာပုံနဲ့ အပူပိုင်းဆိုင်ကလုန်းမုန်တိုင်းတွေ သမုဒ္ဒရာပေါ်မှာ ရွေ့လျားသွားပုံတို့ကို မိုးလေဝသပညာရှင်တွေ စောင့်ကြည့်နိုင်ပါတယ်။
ဂျပန်နိုင်ငံရဲ့ Himawari ဟာ ပထဝီတည်ငြိမ် မိုးလေဝသဂြိုဟ်တုတခု ဖြစ်ပါတယ်။ ပုံ ၁ မှာ အစောပိုင်းက မြင်ခဲ့ရတဲ့ ပုံရိပ်ဟာ Himawari-8 က ရရှိခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံအပါအဝင် အာရှဒေသအများစုနဲ့ အနောက်ပစိဖိတ်သမုဒ္ဒရာကို စောင့်ကြည့်နိုင်ခဲ့ပါတယ်။
ဝင်ရိုးစွန်းပတ်လမ်း ဂြိုဟ်တု (polar-orbiting satellite) တွေကတော့ မတူညီတဲ့နည်းနဲ့ ကမ္ဘာကို ပတ်ပါတယ်။ ဒီဂြိုဟ်တုတွေဟာ ကမ္ဘာမြေနဲ့ ပိုမိုနီးကပ်တဲ့ ပတ်လမ်းမှာ ရှိပြီး ကမ္ဘာက သူတို့ရဲ့အောက်မှာ လည်ပတ်နေစဉ် မြောက်ဘက်ကနေ တောင်ဘက်သို့ ဒါမှမဟုတ် တောင်ဘက်ကနေ မြောက်ဘက်သို့ ဖြတ်သန်းသွားကြပါတယ်။ အချိန်ကြာလာတာနဲ့အမျှ ကမ္ဘာမြေရဲ့ နေရာအများစုကို လွှမ်းခြုံစောင့်ကြည့်နိုင်ပါတယ်။
ကမ္ဘာမြေနဲ့ ပိုမိုနီးကပ်စွာ ပတ်လမ်းလှည့်နေတာကြောင့် လေထု၊ မြေပြင်နဲ့ သမုဒ္ဒရာတို့ကို အသေးစိတ်လေ့လာနိုင်တဲ့ ကိရိယာတွေကို သယ်ဆောင်နိုင်ပါတယ်။ မိုးလေဝသခန့်မှန်းခြင်း၊ ပတ်ဝန်းကျင်စောင့်ကြည့်ခြင်း၊ မီးလောင်ကျွမ်းမှု၊ အပင်တွေ၊ လေထုထဲက အေရိုဆောတွေနဲ့ ပင်လယ်ရေခဲ စတာတွေကို လေ့လာရာမှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုကြပါတယ်။
ဒီဂြိုဟ်တုနှစ်မျိုးဟာ တမျိုးနဲ့တမျိုး အားဖြည့်ပေးကြပါတယ်။ ပထဝီတည်ငြိမ်ပတ်လမ်း ဂြိုဟ်တုတွေက ဒေသတခုတည်းကို မကြာခဏ စောင့်ကြည့်ပေးနိုင်ပြီး၊ ဝင်ရိုးစွန်းပတ်လမ်း ဂြိုဟ်တုတွေကတော့ ကမ္ဘာတဝန်းကို လွှမ်းခြုံစောင့်ကြည့်ပေးနိုင်ပါတယ်။

ပုံ ၃။ ကမ္ဘာမြေကို လေ့လာစောင့်ကြည့်သည့် အဓိက ဂြိုဟ်တုအမျိုးအစားနှစ်မျိုး။ ပထဝီတည်ငြိမ်ပတ်လမ်း ဂြိုဟ်တု (geostationary satellite) များသည် အီကွေတာအထက် အလွန်မြင့်မားသော ပတ်လမ်းတွင် လှည့်ပတ်ကာ ဒေသတခုတည်းကို အဆက်မပြတ် စောင့်ကြည့်နိုင်သဖြင့် ပြောင်းလဲနေသော ရာသီဥတုအခြေအနေများကို စောင့်ကြည့်ရာတွင် အထူးအသုံးဝင်သည်။ ဝင်ရိုးစွန်းပတ်လမ်း ဂြိုဟ်တု (polar-orbiting satellite) များသည် ကမ္ဘာမြေနှင့် ပိုမိုနီးကပ်သော ပတ်လမ်းတွင် လှည့်ပတ်ပြီး ကမ္ဘာမြေက ၎င်းတို့အောက်တွင် လည်ပတ်နေသဖြင့် အချိန်ကြာလာသည်နှင့်အမျှ ကမ္ဘာတဝန်း နေရာအများစုကို လွှမ်းခြုံစောင့်ကြည့်နိုင်သည်။ ဤဆောင်းပါးအတွက် ဖန်တီးထားသော ရုပ်ပုံဖြစ်သည်။
ဂြိုဟ်တုက ရရှိတဲ့ အချက်အလက်တွေ ကမ္ဘာမြေဆီ ဘယ်လိုပြန်ရောက်လာသလဲ
ဂြိုဟ်တုတလုံးဟာ ကျွန်ုပ်တို့ရဲ့အထက် ကီလိုမီတာ ရာနဲ့ချီ၊ ထောင်နဲ့ချီ ဝေးကွာတဲ့ အာကာသထဲမှာ ရှိနေနိုင်ပါတယ်။ ဒါပေမဲ့ ဂြိုဟ်တုက စုဆောင်းရရှိတဲ့ အချက်အလက်တွေကို ကမ္ဘာမြေဆီ ပြန်ပို့နိုင်မှသာ အဲဒီအချက်အလက်တွေကို အသုံးချနိုင်မှာ ဖြစ်ပါတယ်။
ဂြိုဟ်တုကိရိယာတွေက တိုင်းတာမှုတွေ ပြုလုပ်ပြီးတဲ့နောက် ရရှိလာတဲ့ ဒေတာတွေကို ဒီဂျစ်တယ်အချက်ပြစနစ် (digital signals) အဖြစ် ပြောင်းလဲပြီး ရေဒီယိုလှိုင်း (radio waves) တွေကို အသုံးပြုကာ ကမ္ဘာမြေဆီ ပို့လွှတ်ပါတယ်။ မြေပြင်မှာရှိတဲ့ အင်တင်နာကြီးတွေ တပ်ဆင်ထားတဲ့ ဂြိုဟ်တုလက်ခံစခန်း (ground station) တွေက အဲဒီအချက်ပြမှုတွေကို လက်ခံပြီး ကွန်ပျူတာစနစ်တွေဆီ ပို့ပေးပါတယ်။
မူလရရှိလာတဲ့ ဂြိုဟ်တုဒေတာတွေဟာ အဆင့်ဆင့် ပြုပြင်တွက်ချက်မှုတွေကို ဖြတ်သန်းရပါတယ်။ ဂြိုဟ်တုရဲ့ တည်နေရာ၊ တိုင်းတာရေးကိရိယာတွေရဲ့ ချိန်ညှိမှု (calibration) နဲ့ တခြားလိုအပ်တဲ့ အချက်အလက်တွေကို ထည့်သွင်းတွက်ချက်ပြီး သိပ္ပံနည်းကျ အသုံးပြုနိုင်တဲ့ ဒေတာအဖြစ် ပြောင်းလဲပါတယ်။ အဲဒီနောက် ထပ်မံပြုပြင်တွက်ချက်ခြင်းအားဖြင့် သိပ္ပံပညာရှင်တွေ၊ မိုးလေဝသပညာရှင်တွေနဲ့ တခြားအသုံးပြုသူတွေ အသုံးပြုနိုင်တဲ့ ဂြိုဟ်တုပုံရိပ်တွေနဲ့ ပတ်ဝန်းကျင်ဆိုင်ရာ အချက်အလက်တွေကို ဖန်တီးနိုင်ပါတယ်။
မိုးလေဝသဂြိုဟ်တုများစွာအတွက် ဒီလုပ်ငန်းစဉ်ဟာ အလွန်လျင်မြန်ပါတယ်။ အသစ်တိုင်းတာရရှိတဲ့ အချက်အလက်တွေဟာ အချိန်တိုအတွင်း မြေပြင်စနစ်တွေဆီ ရောက်ရှိလာပြီး ခွဲခြမ်းလေ့လာနိုင်ပါတယ်။ ဒီလို အချက်အလက်တွေ လျင်မြန်စွာ ရရှိနိုင်ခြင်းဟာ ပြင်းထန်တဲ့ ရာသီဥတုအခြေအနေ၊ အပူပိုင်းဆိုင်ကလုန်းမုန်တိုင်း၊ မီးလောင်ကျွမ်းမှုနဲ့ လျင်မြန်စွာ ပြောင်းလဲနေတဲ့ အခြားဖြစ်ရပ်တွေကို စောင့်ကြည့်ရာမှာ အထူးအရေးကြီးပါတယ်။
ဒါကြောင့် အာကာသထဲက ဂြိုဟ်တုကိရိယာတွေနဲ့အတူ မြေပြင်မှာရှိတဲ့ စနစ်တွေကလည်း အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။
ဂြိုဟ်တု → ရေဒီယိုလှိုင်းဖြင့် ပို့လွှတ်ခြင်း → မြေပြင်လက်ခံစခန်း → ဒေတာပြုပြင်တွက်ချက်ခြင်း → အသုံးဝင်သော အချက်အလက်

ပုံ ၄။ ဂြိုဟ်တုဒေတာများ ကမ္ဘာမြေဆီ မည်သို့ပြန်ရောက်လာသလဲ။ ပထဝီတည်ငြိမ်ပတ်လမ်း ဂြိုဟ်တု (geostationary satellite) များသည် စုဆောင်းရရှိသော အချက်အလက်များကို ရေဒီယိုလှိုင်းများဖြင့် မြေပြင်ရှိ ဂြိုဟ်တုလက်ခံစခန်းများဆီ ပို့လွှတ်သည်။ ထိုဒေတာများကို ဆက်လက်ပြုပြင်တွက်ချက်ပြီး ဂြိုဟ်တုပုံရိပ်များနှင့် အခြားအသုံးဝင်သော ပတ်ဝန်းကျင်ဆိုင်ရာ အချက်အလက်များအဖြစ် ပြောင်းလဲပေးသည်။ ဤရုပ်ပုံကို အမေရိကန်နိုင်ငံ၊ Wisconsin–Madison တက္ကသိုလ်ရှိ Space Science and Engineering Center (SSEC) ၏ ဂြိုဟ်တုလက်ခံအင်တင်နာများကို အခြေခံ၍ ဖန်တီးထားသည်။
ဂြိုဟ်တုအဝေးမှ စူးစမ်းလေ့လာခြင်းက မြန်မာနိုင်ငံအတွက် ဘာကြောင့် အရေးကြီးသလဲ။
မြန်မာနိုင်ငံလို နိုင်ငံတနိုင်ငံအတွက် ဂြိုဟ်တုကနေ စောင့်ကြည့်လေ့လာခြင်းဟာ ကျယ်ပြန့်တဲ့ ဒေသတွေအကြောင်း အရေးကြီးတဲ့ အချက်အလက်တွေကို ပေးနိုင်ပါတယ်။ အထူးသဖြင့် မြေပြင်ကနေ စောင့်ကြည့်တိုင်းတာမှု နည်းပါးတဲ့ ဒေသတွေမှာ ပိုမိုအသုံးဝင်ပါတယ်။
လူသိအများဆုံး အသုံးချမှုတခုကတော့ မိုးလေဝသ စောင့်ကြည့်ခြင်း ဖြစ်ပါတယ်။ ဂြိုဟ်တုတွေက ဘင်္ဂလားပင်လယ်အော်နဲ့ အနီးတဝိုက်မှာ မိုးတိမ်တွေ ဖြစ်ပေါ်လာပုံကို စောင့်ကြည့်နိုင်သလို အပူပိုင်းဆိုင်ကလုန်းမုန်တိုင်းတွေရဲ့ ရွေ့လျားမှုကိုလည်း ခြေရာခံနိုင်ပါတယ်။ ဒီအချက်အလက်တွေကို မိုးလေဝသခန့်မှန်းခြင်းနဲ့ ပြင်းထန်တဲ့ ရာသီဥတုအခြေအနေတွေကို ကြိုတင်သတိပေးရာမှာ အသုံးပြုနိုင်ပါတယ်။ ပထဝီတည်ငြိမ်ပတ်လမ်း ဂြိုဟ်တုတွေက တနေ့တာအတွင်း အကြိမ်ကြိမ် စောင့်ကြည့်နိုင်တာကြောင့် လျင်မြန်စွာ ပြောင်းလဲနေတဲ့ ရာသီဥတုအခြေအနေတွေကို လေ့လာရာမှာ အထူးအသုံးဝင်ပါတယ်။
ဂြိုဟ်တုလေ့လာချက်တွေဟာ ရေကြီးမှုနဲ့ မိုးခေါင်မှု ကို စောင့်ကြည့်ရာမှာလည်း အရေးကြီးပါတယ်။ မုတ်သုံမိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် နေရာအနှံ့ ရေကြီးနိုင်သလို၊ အချိန်ကြာမြင့်စွာ မိုးရွာသွန်းမှု နည်းပါးရင်လည်း မိုးခေါင်မှု ဖြစ်ပေါ်နိုင်ပါတယ်။ ဂြိုဟ်တုတိုင်းတာချက်တွေကို အသုံးပြုပြီး ကျယ်ပြန့်တဲ့ ဒေသတွေမှာ မိုးရွာသွန်းမှု၊ မြေမျက်နှာပြင်ပေါ်ရှိ ရေ၊ အပင်တွေရဲ့ အခြေအနေနဲ့ မြေမျက်နှာပြင် ပြောင်းလဲမှုတွေကို စောင့်ကြည့်နိုင်ပါတယ်။
စိုက်ပျိုးရေး
စိုက်ပျိုးရေးဟာ ဂြိုဟ်တုလေ့လာချက်တွေ အထူးအသုံးဝင်နိုင်တဲ့ နောက်ထပ် အရေးကြီးတဲ့ ကဏ္ဍတခု ဖြစ်ပါတယ်။
သီးနှံတွေဟာ မိုးရေ၊ အပူချိန်၊ နေရောင်ခြည်နဲ့ မြေဆီလွှာထဲက ရေတို့အပေါ် မူတည်ပါတယ်။ ဂြိုဟ်တုတွေက ကျယ်ပြန့်တဲ့ စိုက်ပျိုးရေးဒေသတွေမှာ အပင်တွေရဲ့ အခြေအနေကို စောင့်ကြည့်ပြီး သီးနှံစိုက်ပျိုးရာသီတလျှောက် ဘယ်လိုပြောင်းလဲနေသလဲဆိုတာ ပြသနိုင်ပါတယ်။ အချိန်နဲ့အမျှ ဖြစ်ပေါ်လာတဲ့ အပြောင်းအလဲတွေကို ကြည့်ခြင်းအားဖြင့် ပုံမှန်ထက် ခြောက်သွေ့နေတဲ့ ဒေသတွေ ဒါမှမဟုတ် ရေဓာတ်မလုံလောက်မှုကြောင့် အပင်တွေ ထိခိုက်နေတဲ့ ဒေသတွေကို ဖော်ထုတ်ရာမှာ အထောက်အကူပြုနိုင်ပါတယ်။
ဂြိုဟ်တုကိရိယာအချို့က မြေဆီလွှာအစိုဓာတ် (soil moisture) မြေမျက်နှာပြင်အနီးရှိ မြေဆီလွှာထဲမှာ ရေဘယ်လောက်ပါဝင်နေသလဲဆိုတဲ့ အချက်အလက် ကိုတောင် ခန့်မှန်းပေးနိုင်ပါတယ်။ ဒါဟာ အာကာသကနေ ရိုက်ထားတဲ့ သာမန်ဓာတ်ပုံတပုံကို ကြည့်ရုံနဲ့ သိနိုင်တဲ့ အရာမဟုတ်ပါဘူး။ မိုက်ခရိုဝေ့ဗ် (microwave) ဂြိုဟ်တုတိုင်းတာချက်တွေကို အသုံးပြုပြီး ကျယ်ပြန့်တဲ့ ဒေသတွေရဲ့ မြေဆီလွှာအစိုဓာတ်ကို ခန့်မှန်းနိုင်ပါတယ်။
ဒီလို အချက်အလက်တွေက မိုးခေါင်မှုနဲ့ စိုက်ပျိုးရေးအခြေအနေတွေကို စောင့်ကြည့်ရာမှာသာမက ရေရှားပါးလာနိုင်တဲ့ ဒေသတွေကို နားလည်ရာမှာလည်း အထောက်အကူပြုနိုင်ပါတယ်။
သစ်တော၊ မီးလောင်ကျွမ်းမှုနဲ့ မီးခိုး
ဂြိုဟ်တုတွေက မြန်မာနိုင်ငံရဲ့ သစ်တောတွေကိုလည်း စောင့်ကြည့်နိုင်ပြီး အချိန်နဲ့အမျှ အပင်တွေနဲ့ မြေမျက်နှာပြင်ဖုံးလွှမ်းမှု ပြောင်းလဲလာပုံကို လေ့လာနိုင်ပါတယ်။
မီးလောင်ကျွမ်းမှု ဖြစ်ပေါ်တဲ့အခါ ဂြိုဟ်တုကိရိယာတွေက မီးလောင်နေတဲ့နေရာက ထွက်လာတဲ့ အပူကို ဖမ်းယူနိုင်ပါတယ်။ မီးခိုးတွေ လေထုထဲ ရောက်လာတဲ့အခါမှာလည်း အဲဒီမီးခိုးတွေကို စောင့်ကြည့်ပြီး ဘယ်လောက်ဝေးဝေးအထိ ပျံ့နှံ့သွားသလဲဆိုတာ ခြေရာခံနိုင်ပါတယ်။
ဒီကွာခြားချက်ကို နားလည်ဖို့ အရေးကြီးပါတယ်။ ဂြိုဟ်တုဟာ လှိုင်းအလျားအချို့ကို အသုံးပြုပြီး မြေပြင်ပေါ်က မီးလောင်နေတဲ့နေရာ ကို ရှာဖွေနိုင်သလို၊ အခြားလှိုင်းအလျားတွေကို အသုံးပြုပြီး လေထုထဲက မီးခိုး ကိုလည်း စောင့်ကြည့်နိုင်ပါတယ်။
မီးခိုးနဲ့ လေထုထဲမှာ ပျံ့နှံ့နေတဲ့ အလွန်သေးငယ်တဲ့ အမှုန်အမွှားတွေကို အေရိုဆော (aerosols) လို့ ခေါ်ပါတယ်။ ဂြိုဟ်တုတွေက အေရိုဆောတွေ ဘယ်နေရာမှာ ရှိနေသလဲ၊ ဘယ်လိုရွေ့လျားပျံ့နှံ့နေသလဲဆိုတာ လေ့လာနိုင်တာကြောင့် ဒေသတွင်း လေထုအရည်အသွေးကို နားလည်ရာမှာ အထောက်အကူပြုနိုင်ပါတယ်။
ပိုမိုကျယ်ပြန့်တဲ့ မြင်ကွင်း
ဂြိုဟ်တုအဝေးမှ စူးစမ်းလေ့လာခြင်းရဲ့ အကြီးမားဆုံး အားသာချက်တွေထဲက တခုကတော့ ကျယ်ပြန့်တဲ့ ဒေသတွေကို အကြိမ်ကြိမ် စောင့်ကြည့်နိုင်ခြင်း ဖြစ်ပါတယ်။
မြေပြင်မှာရှိတဲ့ တိုင်းတာရေးကိရိယာတခုက နေရာတခုရဲ့ အခြေအနေကို အသေးစိတ်ပြောပြနိုင်ပါတယ်။ ဂြိုဟ်တုကတော့ ဒေသတခုလုံးကို ပိုမိုကျယ်ပြန့်စွာ မြင်နိုင်ပြီး နေရာတခုနဲ့တခု အခြေအနေ ဘယ်လိုကွာခြားသလဲ၊ အချိန်နဲ့အမျှ ဘယ်လိုပြောင်းလဲလာသလဲဆိုတာကို ပြသပေးနိုင်ပါတယ်။
ဒါကြောင့် ဒီနည်းလမ်းနှစ်မျိုးဟာ တခုနဲ့တခု အားဖြည့်ပေးကြတာ ဖြစ်ပါတယ်။ ဂြိုဟ်တုတွေက မြေပြင်မှာ ပြုလုပ်တဲ့ တိုင်းတာမှုတွေကို အစားထိုးတာ မဟုတ်ပါဘူး။ ဂြိုဟ်တုနဲ့ မြေပြင်တိုင်းတာချက်တွေကို အတူတကွ အသုံးပြုခြင်းအားဖြင့် ပတ်ဝန်းကျင်အခြေအနေကို ပိုမိုပြည့်စုံစွာ နားလည်နိုင်ပါတယ်။
ပုံ ၅ မှာ လက်တွေ့ဥပမာတခုကို တွေ့နိုင်ပါတယ်။ ၂၀၂၄ ခုနှစ် စက်တင်ဘာလအတွင်း SSEC ရဲ့ RealEarth စနစ်မှာ ပြသခဲ့တဲ့ ဂြိုဟ်တုအခြေပြု ရေကြီးမှုစောင့်ကြည့်ချက်တွေက မြန်မာနိုင်ငံရဲ့ နေရာအချို့မှာ ကျယ်ကျယ်ပြန့်ပြန့် ရေကြီးနေမှုကို ပြသခဲ့ပါတယ်။ ဒီလို ဂြိုဟ်တုလေ့လာချက်တွေက မြေပြင်ရှိ နေရာတခုချင်းစီက တိုင်းတာချက်တွေနဲ့သာ သိရှိဖို့ ခက်ခဲနိုင်တဲ့ ရေကြီးမှုအခြေအနေကို ဒေသတခုလုံးအနေနဲ့ ကျယ်ကျယ်ပြန့်ပြန့် မြင်နိုင်စေပါတယ်။

ပုံ ၅။ မြန်မာနိုင်ငံတွင် ရေကြီးမှုကို ဂြိုဟ်တုဖြင့် စောင့်ကြည့်ခြင်း။ ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့တွင် SSEC ၏ RealEarth စနစ်၌ ပြသခဲ့သော ဂြိုဟ်တုအခြေပြု မြစ်ရေကြီးမှုဆိုင်ရာ အချက်အလက်များက မြန်မာနိုင်ငံ၏ နေရာအချို့တွင် ရေကြီးမှု ဖြစ်ပေါ်နေသော ဒေသများကို ပြသထားသည်။ ဂြိုဟ်တုလေ့လာချက်များသည် ကျယ်ပြန့်သော ဒေသများရှိ ရေကြီးမှုအခြေအနေကို ခြုံငုံမြင်နိုင်စေပြီး မြေပြင်မှ ရရှိသော အချက်အလက်များကို ဖြည့်စွက်ပေးနိုင်သည်။ ရင်းမြစ် — SSEC RealEarth, University of Wisconsin–Madison.
ဂြိုဟ်တုတွေမှာလည်း အကန့်အသတ်တွေ ရှိပါတယ်
ဂြိုဟ်တုအဝေးမှ စူးစမ်းလေ့လာခြင်းဟာ အလွန်အသုံးဝင်ပေမဲ့ အရာအားလုံးကို ပြီးပြည့်စုံစွာ လေ့လာနိုင်တာတော့ မဟုတ်ပါဘူး။
အထင်ရှားဆုံး အကန့်အသတ်တခုက မိုးတိမ်ဖုံးလွှမ်းမှု ဖြစ်ပါတယ်။ မြင်နိုင်သောအလင်းရောင်နဲ့ အနီအောက်ရောင်ခြည်ကို အသုံးပြုတဲ့ ဂြိုဟ်တုကိရိယာအများစုဟာ ထူထပ်တဲ့ မိုးတိမ်တွေကို ဖြတ်ပြီး ကမ္ဘာမြေမျက်နှာပြင်ကို ရှင်းလင်းစွာ မမြင်နိုင်ပါဘူး။ အထူးသဖြင့် မိုးရာသီမှာ ကျွန်ုပ်တို့ လေ့လာချင်တဲ့ ရာသီဥတုအခြေအနေကို ဖြစ်ပေါ်စေတဲ့ မိုးတိမ်တွေကိုယ်တိုင်က အောက်မှာရှိတဲ့ မြေပြင်ကို ဖုံးကွယ်ထားနိုင်ပါတယ်။
ဂြိုဟ်တုတွေမှာ မြေပြင်ကို အသေးစိတ်မြင်နိုင်စွမ်း (spatial resolution) အကန့်အသတ်လည်း ရှိပါတယ်။ အသုံးပြုတဲ့ ဂြိုဟ်တုကိရိယာအပေါ် မူတည်ပြီး တိုင်းတာချက်တခုဟာ မြေပြင်ပေါ်မှာ မီတာရာနဲ့ချီကနေ ကီလိုမီတာအနည်းငယ်အထိ ကျယ်ဝန်းတဲ့ ဧရိယာတခုကို ကိုယ်စားပြုနိုင်ပါတယ်။ ဒါကြောင့် မြေပြင်မှာ တိုက်ရိုက်လေ့လာတိုင်းတာသလို နေရာတခုချင်းစီရဲ့ အသေးစိတ်အချက်အလက်တွေကို အမြဲတမ်း မရနိုင်ပါဘူး။
အစောပိုင်းမှာ ရှင်းပြခဲ့သလို ဂြိုဟ်တုက ရရှိတဲ့ အချက်အလက်အများစုဟာ ကျွန်ုပ်တို့ သိလိုတဲ့ အရာကို တိုက်ရိုက်တိုင်းတာထားတာမဟုတ်ဘဲ ဂြိုဟ်တုတိုင်းတာချက်တွေကနေ ခန့်မှန်းတွက်ချက်ထားတာ ဖြစ်ပါတယ်။ ဒီလိုတွက်ချက်ရာမှာ အသုံးပြုတဲ့ algorithms တွေက လေထုနဲ့ မြေမျက်နှာပြင်အခြေအနေတွေအပေါ် ယူဆချက်အချို့ ပြုလုပ်ရတာကြောင့် ရလဒ်တွေမှာ မသေချာမှုရှိနိုင်ပါတယ်။
ဒါကြောင့် မြေပြင်က တိုင်းတာချက်တွေဟာလည်း မရှိမဖြစ် အရေးကြီးပါတယ်။ သိပ္ပံပညာရှင်တွေဟာ ဂြိုဟ်တုက ခန့်မှန်းရရှိတဲ့ အချက်အလက်တွေကို မြေပြင်၊ လေယာဉ်၊ သင်္ဘောနဲ့ အခြားစောင့်ကြည့်တိုင်းတာရေးစနစ်တွေက ရရှိတဲ့ အချက်အလက်တွေနဲ့ နှိုင်းယှဉ်စစ်ဆေးကြပါတယ်။ ဒီလိုနှိုင်းယှဉ်ခြင်းအားဖြင့် ဂြိုဟ်တုအချက်အလက်တွေ ဘယ်လောက်ကောင်းမွန်စွာ အလုပ်လုပ်သလဲ၊ ဘယ်နေရာတွေမှာ အကန့်အသတ်ရှိနိုင်သလဲ ဆိုတာ သိရှိနိုင်ပါတယ်။
ဒါကြောင့် ဂြိုဟ်တုလေ့လာချက်နဲ့ မြေပြင်လေ့လာချက်တွေဟာ တခုကိုတခု အစားထိုးဖို့ မဟုတ်ပါဘူး။ နှစ်မျိုးလုံးကို အတူတကွ အသုံးပြုတဲ့အခါ အကောင်းဆုံး အကျိုးကျေးဇူး ရရှိနိုင်ပါတယ်။
အာကာသမှ မြန်မာနိုင်ငံကို ကြည့်ခြင်း
ဒီဆောင်းပါးအစမှာ ရိုးရှင်းတဲ့ မေးခွန်းတခုကို မေးခဲ့ပါတယ်။ ကမ္ဘာမြေပြင်ကနေ ကီလိုမီတာ ရာနဲ့ချီ၊ ထောင်နဲ့ချီ ဝေးကွာတဲ့ အာကာသထဲက ဂြိုဟ်တုတလုံးဟာ မြန်မာနိုင်ငံမှာ ဘာတွေဖြစ်ပျက်နေသလဲဆိုတာ ဘယ်လိုသိနိုင်ပါသလဲ။ အဖြေကတော့ ကျွန်ုပ်တို့ ထင်သလို ဂြိုဟ်တုက တကယ် “သိနေ” တာ မဟုတ်ပါဘူး။ ဂြိုဟ်တုက ရောင်ခြည်ကို တိုင်းတာနေတာ ဖြစ်ပါတယ်။
နေရောင်ခြည်ဟာ မိုးတိမ်၊ အပင်၊ မြေဆီလွှာ၊ ရေ၊ မီးခိုးနဲ့ ကမ္ဘာမြေပေါ်က တခြားအရာတွေကနေ ပြန်လည်ရောင်ပြန်ဟပ်ပါတယ်။ ကမ္ဘာမြေနဲ့ လေထုကိုယ်တိုင်ကလည်း ရောင်ခြည်တွေ ထုတ်လွှတ်ပါတယ်။ ဂြိုဟ်တုကိရိယာတွေက ဒီစွမ်းအင်တွေကို မတူညီတဲ့ လှိုင်းအလျားတွေမှာ တိုင်းတာပြီး သိပ္ပံပညာရှင်တွေက ရူပဗေဒ၊ ကွန်ပျူတာနည်းစနစ်တွေနဲ့ မြေပြင်တိုင်းတာချက်တွေကို အသုံးပြုကာ လူတွေအတွက် အသုံးဝင်တဲ့ အချက်အလက်တွေအဖြစ် ပြောင်းလဲပေးကြပါတယ်။
ဒီတိုင်းတာချက်တွေကနေ မိုးတိမ်နဲ့ မုန်တိုင်းတွေကို စောင့်ကြည့်နိုင်သလို၊ မီးလောင်ကျွမ်းမှုနဲ့ မီးခိုးတွေကို ရှာဖွေစောင့်ကြည့်နိုင်ပါတယ်။ ရေကြီးမှုနဲ့ မိုးခေါင်မှုကို လေ့လာနိုင်သလို သစ်တောနဲ့ အပင်တွေရဲ့ အခြေအနေ၊ မိုးရွာသွန်းမှု၊ မြေဆီလွှာအစိုဓာတ်နဲ့ ပတ်ဝန်းကျင် ပြောင်းလဲလာမှုတွေကိုလည်း အချိန်နဲ့အမျှ စောင့်ကြည့်နိုင်ပါတယ်။
မြန်မာနိုင်ငံအတွက် ဒီလို စောင့်ကြည့်လေ့လာနိုင်စွမ်းတွေဟာ အထူးတန်ဖိုးရှိနိုင်ပါတယ်။ ရာသီဥတု၊ ရေအရင်းအမြစ်နဲ့ စိုက်ပျိုးရေးဟာ လူသန်းပေါင်းများစွာရဲ့ နေ့စဉ်ဘဝနဲ့ တိုက်ရိုက်ဆက်စပ်နေပါတယ်။ ရေကြီးမှု၊ အပူပိုင်းဆိုင်ကလုန်းမုန်တိုင်း၊ မိုးခေါင်မှု၊ တောမီးနဲ့ လေထုညစ်ညမ်းမှုတွေကလည်း ကျယ်ပြန့်တဲ့ ဒေသတွေမှာ နေထိုင်တဲ့ လူမှုအသိုင်းအဝိုင်းတွေကို ထိခိုက်စေနိုင်ပါတယ်။
အရေးအကြီးဆုံး အချက်တခုကတော့ ဂြိုဟ်တုနည်းပညာရဲ့ အကျိုးကျေးဇူးကို ရရှိဖို့ မြန်မာနိုင်ငံက ကိုယ်ပိုင်ဂြိုဟ်တုတလုံး ပိုင်ဆိုင်ဖို့ မလိုပါဘူး။
ကမ္ဘာမြေကို စောင့်ကြည့်နေတဲ့ ဂြိုဟ်တုတွေဟာ မြန်မာနိုင်ငံပေါ်ကို နေ့စဉ် ဖြတ်သန်းပျံသန်းနေကြသလို၊ တချို့ဂြိုဟ်တုတွေကလည်း မြန်မာနိုင်ငံပါဝင်တဲ့ ဒေသကို အဆက်မပြတ် စောင့်ကြည့်နေကြပါတယ်။ အဲဒီဂြိုဟ်တုတွေက ရရှိတဲ့ အချက်အလက်အများအပြားကို သိပ္ပံပညာရှင်တွေ၊ မိုးလေဝသဌာနတွေ၊ တက္ကသိုလ်တွေနဲ့ ပြည်သူတွေပါ အသုံးပြုနိုင်ပါတယ်။ အရေးကြီးတာက ဒီတိုင်းတာချက်တွေကို လူတွေ နားလည်နိုင်ပြီး လက်တွေ့ အသုံးချနိုင်တဲ့ အချက်အလက်တွေအဖြစ် ပြောင်းလဲပေးဖို့ ဖြစ်ပါတယ်။
ဂြိုဟ်တုတလုံးဟာ ကျွန်ုပ်တို့ရဲ့အထက် အလွန်ဝေးကွာတဲ့ အာကာသထဲမှာ ရှိနေနိုင်ပါတယ်။ ဒါပေမဲ့ အဲဒီဂြိုဟ်တုက ပေးတဲ့ အချက်အလက်တွေကတော့ ဒီကမ္ဘာမြေပေါ်မှာ နေထိုင်နေကြတဲ့ ကျွန်ုပ်တို့ရဲ့ဘဝနဲ့ တိုက်ရိုက်သက်ဆိုင်နေပါတယ်။
အာကာသကနေ ကြည့်ရင် ကမ္ဘာမြေရဲ့ ပိုမိုကျယ်ပြန့်တဲ့ မြင်ကွင်းကို ကျွန်ုပ်တို့ မြင်နိုင်ပါတယ်။ အရေးကြီးတာက အဲဒီမြင်ကွင်းကို အသုံးပြုပြီး ကျွန်ုပ်တို့နေထိုင်ရာ ကမ္ဘာမြေကို ပိုမိုနားလည်ဖို့နဲ့ ပိုမိုကာကွယ်စောင့်ရှောက်ဖို့ ဖြစ်ပါတယ်။
မင်းမင်းဦး
(ဆောင်းပါးရှင် ဦးမင်းမင်းဦး (Ph.D.) သည် အမေရိကန်နိုင်ငံ၊ University of Wisconsin–Madison တက္ကသိုလ်ရှိ Space Science and Engineering Center (SSEC) တွင် ဂြိုဟ်တုအဝေးမှ အာရုံခံလေ့လာခြင်းဆိုင်ရာ သုတေသနပညာရှင်အဖြစ် လုပ်ကိုင်လျက်ရှိသည်။ ၁၉၉၈ ခုနှစ်တွင် မြန်မာနိုင်ငံ၊ ရန်ကုန်နည်းပညာတက္ကသိုလ်မှ အီလက်ထရွန်နစ်အင်ဂျင်နီယာဘွဲ့ (B.E.)၊ ၂၀၀၃ ခုနှစ်တွင် အမေရိကန်နိုင်ငံ၊ City College of New York မှ လျှပ်စစ်အင်ဂျင်နီယာမဟာဘွဲ့ (M.S.) နှင့် ၂၀၀၉ ခုနှစ်တွင် City University of New York ၏ Graduate Center မှ ပါရဂူဘွဲ့ (Ph.D.) တို့ကို ရရှိခဲ့သည်။
ဂြိုဟ်တုအခြေပြု ကမ္ဘာမြေလေ့လာရေးလုပ်ငန်းများတွင် အတွေ့အကြုံ နှစ် ၂၀ ကျော်ရှိပြီး လေထုအတွင်းရှိ အမှုန်အမွှားများ (aerosols)၊ လေထုညစ်ညမ်းမှု၊ လေထု၏ သက်ရောက်မှုများကို ပြုပြင်တွက်ချက်ခြင်း (atmospheric correction)၊ အမှုန်အမွှားများ၏ ဂုဏ်သတ္တိများကို ဂြိုဟ်တုတိုင်းတာချက်များမှ ခန့်မှန်းတွက်ချက်သည့် နည်းလမ်းများနှင့် ရောင်ခြည်လွှဲပြောင်းမှု (radiative transfer) တို့ကို အဓိက လေ့လာသုတေသနပြုလျက်ရှိသည်။
ပထဝီတည်ငြိမ်ပတ်လမ်းနှင့် ကမ္ဘာ့ဝင်ရိုးစွန်းများကို ဖြတ်သန်းပတ်လမ်းအဖြစ် လှည့်ပတ်သည့် ဂြိုဟ်တုများမှ ရရှိသော အချက်အလက်များကို အသုံးပြု၍ ကမ္ဘာ့လေထုနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အချက်အလက်များကို ထုတ်ယူလေ့လာနိုင်သည့် နည်းလမ်းများကိုလည်း ဖော်ထုတ်အကဲဖြတ်လျက်ရှိသည်။
ဤဆောင်းပါးမှတဆင့် မြန်မာစာဖတ်ပရိသတ်များအား ဂြိုဟ်တုအဝေးမှ အာရုံခံလေ့လာခြင်းပညာရပ်ကို မိတ်ဆက်ပေးပြီး ဂြိုဟ်တုနည်းပညာသည် မိုးလေဝသ၊ စိုက်ပျိုးရေး၊ သဘာဝဘေးအန္တရာယ်များနှင့် ပတ်ဝန်းကျင်ပြောင်းလဲမှုများကို ပိုမိုနားလည်စေရန် မည်သို့အထောက်အကူပြုနိုင်ကြောင်း ရှင်းပြပေးရန် ရည်ရွယ်သည်။)











