DVB Logo
Home
မြန်မာသတင်း
မိုးကုတ်တွင် TNLA က ကျောက်မျက်တူးခွင့် ကန့်သတ်မှုကြောင့် ဒေသခံများ အခက်တွေ့ 
DVB
·
December 27, 2024
မိုးကုတ်တွင် TNLA က ကျောက်မျက်တူးခွင့် ကန့်သတ်မှုကြောင့် ဒေသခံများ အခက်တွေ့ 
Donate to DVB

ကျောက်မျက်လုပ်ငန်းကို အဓိက မှီခိုနေတဲ့ မိုးကုတ်မြို့ကို TNLA က ထိန်းချုပ်ပြီးနောက်ပိုင်း ကျောက်မျက်တူးဖော်ခွင့်နဲ့ ပတ်သက်ပြီး ကန့်သတ်မှုတွေ လုပ်လာတာကြောင့် တိုက်ပွဲကာလအပြီး ပြန်လည်ထူထောင်ရေးအချိန်မှာ ကျောက်မျက်လုပ်ငန်းလုပ်ကိုင်သူတွေ အခက်အခဲ ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မိုးကုတ်မြို့ကို TNLA က ထိန်းချုပ်ပြီးနောက် ကျောက်မျက်တူးဖော်ခွင့်တွေကို အသေးစားနဲ့ အလတ်စား တူးဖော်ခွင့်တွေ လုပ်ကိုင်ခွင့်ပေးနေပေမဲ့ တနိုင်တပိုင် ကျောက်မျက်တွင်းတွေ ပြုလုပ်ဖို့ တွင်းလုပ်သမားတွေ တနှစ်စာ ငွေ ၃၀,၀၀၀ ကျပ် လိုင်စင်ကြေး စတင်ပေးရတဲ့အပြင် ကျောက်မျက်လုပ်မယ့်နေရာကို ကြိုတင်ဖောင်တင်ရပေမဲ့ လုပ်ကိုင်ခွင့်မပေးတာတွေ ရှိတယ်လို့ တွင်းသမားတွေက ပြောပါတယ်။

မိုးကုတ်အရှေ့ပိုင်း တနိုင်တပိုင် တွင်းလုပ်သမားတယောက်က “တွင်းလုပ်ဖို့ တနှစ်စာ အခွန်ဆောင်ရတယ်၊ တိုက်ပွဲကာလအတွင်း ဝင်‌ငွေကမရှိခဲ့ဘူး၊ ခု တွင်းပြန်လုပ်မယ်ဆိုတော့ တွင်းသမားကတ် လုပ်ရတာ၊ ဒါတောင် တွင်းလုပ်ခွင့်မရဘူး၊ တနိုင်တပိုင်နေရာတွေ မချပေးဘူး၊ တွင်းလုပ်သားလိုင်စင်လုပ်ရပြီး ‌ဖောင်တင်တာ လုပ်ပိုင်ခွင့်မကျရင် အလုပ်လုပ်လို့မရဘူး၊ ဝင်ငွေကမရှိ အလုပ်က လုပ်မရဘူး” လို့ ပြောပါတယ်။

တနိုင်တပိုင် ကျောက်မျက်တူးဖော်မှုက ဒေသခံတွေ အဓိကပြုလုပ်ကြတဲ့ စားဝတ်နေရေး ပြေလည်စေဖို့ဖြစ်ပြီး အလတ်စားနဲ့ အကြီးစားတွေက ငွေကြေးစိုက်ထုတ်နိုင်ပြီး စက်တွေအသုံးပြုရတဲ့လုပ်ငန်း ဖြစ်ပါတယ်။

အလတ်စားကျောက်မျက်တူးဖော်ခွင့်တွေ ပေးပေမဲ့ TNLA တပ်ကို အကျိုးတူ ၃၀ ရာခိုင်နှုန်း ပေးနေရပြီး လူတိုင်းလုပ်ခွင့်မပေးဘဲ ကျောက်တူးဖော်မယ့်နေရာကို စစ်ဆေးမှုတွေ ပြုလုပ်ပြီးမှ ပေးတယ်လို့ အနောက်ပိုင်း ကျောက်မျက်တွင်းလုပ်ကိုင်သူတယောက်က ပြောပါတယ်။

မိုးကုတ်အနောက်ပိုင်း ကျောက်မျက်လုပ်ကိုင်သူတယောက်က “အကျိုးတူပူးပေါင်းမယ်ဆိုရင် ကျောက်မျက်လုပ်မယ့်နေရာကို ကြိုတင်အကြောင်းကြားရတယ်။ လိုင်စင်ချပေးထားလို့ အဲဒီနား ကျောက်ထွက်တယ်ဆိုရင်လည်း လုပ်ခွင့်စာချုပ် မချပေးဘူး၊ တွင်းကျောက်ကြောပေါက်ရင်လည်း အဲ့နားမချပေးဘူး၊ လုပ်ဖို့အရမ်းခက်လာတယ်” လို့ ပြောပါတယ်။

မိုးကုတ်မြို့က ဒေသခံတွေ ကျောက်မျက်တွင်းကို အဓိကမှီခိုနေရတာဖြစ်ပြီး အခုလို ကျောက်မျက်တူးဖော်ခွင့် ကန့်သတ်ချက်တွေ များလာတဲ့အပြင် ကုန်စျေးနှုန်းတက်နေတာကြောင့် ပြည်သူတွေရဲ့ စားဝတ်နေရေးကို ထိခိုက်စေတယ်လို့ ပြောပါတယ်။

မိုးကုတ်မြို့က ကျောက်တွင်းတူးဖော်လုပ်ကိုင်ခွင့်တွေနဲ့ပတ်သက်ပြီး TNLA က ပြန်ကြားရေးတာဝန်ရှိသူ မလွေးယေးဦးကို ဆက်သွယ်မေးမြန်းရာမှာ “ကျမတို့အနေနဲ့ ပြည်သူတွေရဲ့ စားဝတ်နေရေး‌ ပြေလည်စေဖို့ တနိုင်တပိုင်တွေ လုပ်ကိုင်ခွင့်ပေးထားသလို တနိုင်တပိုင်မှာ ကျမတို့ ရာခိုင်နှုန်းအခွန် မကောက်ခံဘူး၊ အကြီးစားလုပ်ငန်းတွေကိုလည်း ခွင့်ပြုပေးထားတာ မရှိသေးဘူး” လို့ ပြောပါတယ်။

မိုးကုတ်မြို့ကို TNLA တပ် မထိန်းချုပ်ခင်က ဒေသခံတွေက ကိုယ့်မြေနေရာမှာ လွတ်လပ်စွာ ကျောက်မျက်တူးဖော်ခွင့် ရရှိခဲ့ပြီး တနိုင်တပိုင်လုပ်ငန်းတွေက လိုင်စင်တွေပြုလုပ်စရာ မလိုတဲ့အပြင် လုပ်ငန်းကြီးတွေကသာ စစ်ကောင်စီတပ်ကို အခွန်ပေးရတာတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုလို TNLA တပ်က ကျောက်မျက်တူးဖော်ခွင့်တွေကို ကန့်သတ်လိုက်တာကြောင့်‌ ဒေသခံတွေ အလုပ်အကိုင် အခက်အခဲ ဖြစ်ရတဲ့အပြင် ဝင်ငွေမရှိတာကြောင့် မြို့ကနေ ထွက်ခွာသူတွေ များနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013