DVB Logo
Home
မြန်မာသတင်း
မုံရွာတွင် နိုင်ငံရေးအကျဉ်းသား ၁ ဦး ကျောက်ကပ်ရောဂါဖြင့် ကွယ်လွန်
DVB
·
December 27, 2024
မုံရွာတွင် နိုင်ငံရေးအကျဉ်းသား ၁ ဦး ကျောက်ကပ်ရောဂါဖြင့် ကွယ်လွန်
Donate to DVB

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် မြို့မရဲစခန်းမှာ ချုပ်နှောင်ခံရပြီး တရားရင်ဆိုင်နေရတဲ့ LGBT လိင်စိတ်ခံယူထားသူ နိုင်ငံရေးအကျဉ်းသား ဘုံဘုံဟာ ဒီဇင်ဘာ ၂၅ ရက်မှာ ကျောက်ကပ်ရောဂါနဲ့ ကျဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ကိုသိုက်ထွန်းဦးက ပြောပါတယ်။

နိုဝင်ဘာလ ဒုတိယအပတ်ကစပြီး ကျောက်ကပ်ရောဂါကို ပြင်းပြင်းထန်ထန် ခံစားနေရပြီး ဆေးဝါးကုသခွင့်ရဖို့ စခန်းတာဝန်ရှိသူတွေကို တင်ပြခဲ့ပေမဲ့ ဆေးရုံကို ပို့ပေးတာမျိုးမရှိဘဲ အချုပ်ခန်းထဲမှာပဲ ဆလိုင်း (ပုလင်းကြီး) ချိတ်ပေးတာရှိပြီး ဆက်လက်ချုပ်နှောင်ထားတယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ဒုတိယအပတ်ထဲမှာတော့ နိုင်ကျဉ်း ဘုံဘုံက လမ်းတောင် ကောင်းကောင်းမလျှောက်နိုင်တော့ဘဲ အစာမာတွေကိုလည်း မစားနိုင်တော့တဲ့အပြင် ကျန်းမာရေးအခြေအနေ ဆိုးဝါးလာပြီး ၂၅ ရက်နေ့မှာတော့ အချုပ်ခန်းထဲမှာ ကျဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။

PPNM က ကိုသိုက်ထွန်းဦးက “အပြင်မှာတုန်းက ကျောက်ကပ်ရောဂါရှိကြောင်း မသိရဘူးဗျ။ အကျဉ်းကျပြီးမှ နေမကောင်းတဲ့ကာလ များလာတယ်။ နိုဝင်ဘာလ ဒုတိယအပတ်လောက်မှာတော့ ကျောက်ကပ်ရောဂါဆိုတာကို စသိရတယ်။ ဒီဇင်ဘာလထဲမှာ ရောဂါက တအားဆိုးလာတာမျိုး သိရပါတယ်” လို့ ပြောပါတယ်။

ဘုံဘုံကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်မှာ မုံရွာမြို့ အိုးရှင်းစင်တာအနီးနားမှာ စစ်ကောင်စီတပ်က ဖမ်းဆီးသွားပြီး ဒီဇင်ဘာ ၂၃ ရက်မှာ ပုဒ်မ ၅၀(ည)၊ ပုဒ်မ ၅၂(က)၊ ပုဒ်မ ၅၂(ခ) တို့နဲ့ ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်ခံထားရတယ်လို့ သိရပါတယ်။

နိုင်ကျဉ်းဘုံဘုံ ဖမ်းဆီးမခံရခင်က PPNM မှာ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေအရေး ကူညီဆောင်ရွက်တာတွေ ပြုလုပ်ပေးခဲ့ပြီး အခုလို ကျဆုံးရတဲ့အတွက် နှမျောတသဖြစ်ရပြီး ဝမ်းနည်းရတယ်လို့ PPNM က ဆိုပါတယ်။

မြန်မာနိုင်ငံအနှံ့က အကျဉ်းထောင်တွေနဲ့ ရဲစခန်းတွေမှာ အကြမ်းဖက်နှိပ်စက်တာတွေ၊ ဆေးဝါးအလုံအလောက် ကုသခွင့် မရတာတွေ၊ လူ့အခွင့်အရေး ချိုးဖောက်ခံရတာတွေ၊ ထောင်ဝင်စာ ဧည့်တွေ့ခွင့် မရတာတွေ ကြုံတွေ့နေရပြီး ဒီဇင်ဘာ ၂ ရက်ကလည်း နိုင်ငံရေးအကျဉ်းသားဖြစ်သူ ကိုပြည့်စုံဦး ကျောက်ကပ်ရောဂါနဲ့ အင်းစိန်ထောင်ထဲမှာ ကျဆုံးခဲ့ရပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013