DVB Logo
Home
Lead Story
ခံစစ်စခန်းများထဲမှာ သေမင်းကို စောင့်နေကြတဲ့ ငတ်ပြတ်ကျိုးကန်း စတေးခံဘဝများ 
DVB
·
December 27, 2024
ခံစစ်စခန်းများထဲမှာ သေမင်းကို စောင့်နေကြတဲ့ ငတ်ပြတ်ကျိုးကန်း စတေးခံဘဝများ 
Donate to DVB

လူ့အဖွဲ့အစည်းတိုင်းမှာ ကိုယ်ကျင့်သီလယုတ်ညံ့ပြီး လူအများစုအပေါ် ဗိုလ်ကျစိုးမိုးလို့ အခွင့်ထူးခံတတ်တဲ့ ရေပေါ်ဆီ လူ့မိစ္ဆာအသိုက်အဝန်းဆိုတာရှိသလို အဲဒီလို မကာင်းဆိုးဝါး အသိုက်အဝန်းထံ ကျွန်ခံအမှုထမ်းပြီး မစို့မပို့ ပေးစာကမ်းစာနဲ့ အဖိုးတန်တဲ့ ကိုယ့်အသက်နဲ့ ဘဝကို စတေးခံ‌တတ်ကြတဲ့ ဉာဏ်ရည်နိမ့်ပါးမွဲ ဗာလံနံကျွန်မျိုးတွေလည်း ရှိစမြဲပါပဲ။

ဒီကနေ့ မြန်မာနိုင်ငံမှာလည်း ခေတ်ကုန်သွားတဲ့ စစ်အာဏာရှင်စနစ်ရဲ့ အပြင်ပန်း အကာနဲ့တူတဲ့ လက်နက်၊ လေယာဉ်ပျံတွေနဲ့ ဖုံးထားပေမဲ့ အတွင်းအနှစ်သာရမှာ လှိုက်စားပြိုကျပြီး အလွန်မြန်ဆန်တဲ့နှုန်းနဲ့ ပျက်သုဉ်းလာနေတဲ့ တပ်မတော်အမည်ခံ စစ်ဓားပြဂိုဏ်းမှာ နောက်ဆုံးမျိုးဆက်ဖြစ်တဲ့ တိုက်တိုင်းရှုံး တပ်ပြုန်း ကာချုပ်မင်းအောင်လှိုင်နဲ့ ကြံရာပါ စစ်ဓားပြဗိုလ်ဘုစုခရုထံ ခြေသုတ်ပုဆိုးပမာ ကျွန်ခံအမှုထမ်းနေကြဆဲ ငတ်ပြတ်ကျိုးကန်းမွဲတေ စတေးခံစစ်သား ရဲသား ပျူဆိုး စစ်ကျွန်မျိုးတွေ ပေါများခဲ့ပါတယ်။

စစ်ကျွန်မျိုးတွေဟာ သူတို့ရဲ့အသက်နဲ့ ဘဝတွေရင်းပြီး စစ်အာဏာရှင်တွေရဲ့ စည်းစိမ်ဥစ္စာတွေကို ကာကွယ်နေရတာကို တိုင်းပြည်အတွက် အမျိုးဘာသာအတွက်လို့ အမှတ်မှားပြီး လူဖြစ်ရှုံး ဘဝဆုံးကုန်ကြတာ ထောင်ချီသောင်းချီမက သိန်းဂဏန်းနီးပါး ရှိလာတာမို့ မြန်မာဟာ ကမ္ဘာမှာ မုဆိုးမအပေါဆုံးနိုင်ငံ မိဘမဲ့သားသမီး အများဆုံးနိုင်ငံတွေထဲက တနိုင်ငံ ဖြစ်လာနေပြီဖြစ်ပါတယ်။

အလံဖြူစောစောထောင်ရင် လူညွန့်မတုံးသေးပါဘူး။ မိသားစုနဲ့ ကိုယ့်သားသမီးတွေနဲ့ ပြန်လည်ဆုံဆည်းကြရဦးမှာ ဖြစ်ပါတယ်။ အချိန်မီ အသိတရားမဝင်၊ သတ္တိမမွေးနိုင်ရင်တော့ အာဏာရှင်အတွက် ခေတ်ကုန်သွားတဲ့ အဖွဲ့အစည်းတခုထဲမှာ နားပိတ် မျက်စိပိတ်ခံရလို့ မသိတဲ့သူရော သိပါလျက်နဲ့ မိုက်မဲသူတွေရော၊ မိသားစုအလိုက် ချောင်ပိတ်ခံရသူတွေရော၊ ကြောက်လို့ မစွန့်စားဝံ့တဲ့သူတွေရော စုပြုံအညွန့်တုံးကုန်ကြရမှာဖြစ်တယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း တောင်ကုတ်မြို့မှာရှိတဲ့ စကခ ၅ ကို အာရက္ခတပ်တော် (AA) က ဒီဇင်ဘာ ၁၄ ရက်မှာ အပြီးသတ်သိမ်းယူလို့ တမြို့လုံးကို ထိန်းချုပ်လိုက်ပြီးတဲ့နောက် စစ်စခန်းတွေက အာဏာရှင်သစ္စာခံ စစ်ခွေးတွေဟာ ပြည်ဘက်တို့၊ ဥသျှစ်ပင်တို့ဘက်ကို တောလမ်းကနေ အသက်လု ထွက်ပြေးကြတယ်လို့ သတင်းဖတ်လိုက်ရပါတယ်။ ဒါဟာ ဘာနဲ့တူသလဲဆိုရင် ဒုတိယကမ္ဘာစစ်အတွင်း မဟာမိတ်တပ်တွေကလိုက်လို့ စစ်ရှုံးဖက်ဆစ်ဂျပန်တွေ ပြေးရသလိုမျိုး အဖြစ်ဆိုးပါပဲ။

ဒီဆောင်းပါးမှာ အဓိကတိုက်တွန်းချင်တာက ကျန်ရှိနေတဲ့ စစ်ဗိုလ်စစ်သား ရဲတပ်သားတွေအနေနဲ့ သိက္ခာမဲ့ သမိုင်းကောင်းမရှိတဲ့ စစ်ဓားပြဂိုဏ်းထဲမှာ မျှော်လင့်ချက်မဲ့တဲ့ ဘဝတွေနဲ့ အချည်းအနှီး ဘဝအဆုံးမခံကြဖို့ အာဏာရှင်တွေရဲ့ ကိုယ်ကျိုးစီးပွားကို ကာကွယ်ပေးရင်း သေမင်းကို စောင့်နေကြတဲ့ ငတ်ပြတ်ကျိုးကန်း စတေးခံဘဝတွေကနေ အမြန်ဆုံးရုန်းထွက်ကြဖို့ အထူးတလည် တိုက်တွန်းချင်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ရဲ့ ပြောဆိုချက်တွေထဲမှာလည်း သွေးထွက်သံယိုမှု နည်းနိုင်သမျှနည်းနည်းနဲ့ တော်လှန်ရေး အောင်မြင်ရေးကို ရှေးရှုပြီး ပြည်သူ့ရင်ခွင်ခိုလှုံရေး အစီအစဉ် အကောင်အထည်ဖော်မှု ကော်မတီကို ဖွဲ့စည်းဆောင်ရွက်ခဲ့ရာမှာ ၃ နှစ်ကျော်ကာလအတွင်း ဒုတိယဗိုလ်မှူးကြီးအဆင့် အပါအဝင် စစ်သား အယောက် ၃,၇၀၀ ကျော်၊ ရဲတပ်ဖွဲ့ဝင် ၁၁,၀၀၀ ကျော်၊ စုစုပေါင်း ၁၅,၀၀၀ လောက် ပြည်သူ့ရင်ခွင်ခိုလှုံလာခဲ့တဲ့အကြောင်း ပါဝင်ပါတယ်။

စစ်ဓားပြဂိုဏ်းဟာ မြန်မာတနိုင်ငံလုံး အနှံ့မှာရှိတဲ့ ခံစစ်စခန်းတွေနဲ့ ဝေးလံခေါင်ဖျားတဲ့ ဒေသတွေက တပ်စခန်းတွေက တပ်သားတွေအတွက် စားနပ်ရိက္ခာ၊ လက်နက်ခဲယမ်း၊ ဒဏ်ရာရ စစ်သည်တွေအတွက် ဆေးဝါးကုသမှုနဲ့ သောက်သုံးရေကအစ စစ်ကူပို့ဖို့နဲ့ ဆက်ပြီး ရပ်တည်နိုင်အောင် ထောက်ပံ့နိုင်တဲ့ အခြေအနေ မရှိတော့ပါဘူး။ ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့နယ်က အမှတ် ၅ နယ်ခြားစောင့်တပ်စခန်းမှာ စစ်သည်အင်အား ၇၀၀ လောက်ရှိပြီး အဲဒီအထဲက ၄၅၀ လောက် ကျဆုံးခဲ့ရတဲ့အပြင် အမှတ် ၁၅ စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်သူရိန်ထွန်း အပါအဝင် တပ်သားအမြောက်အမြား သုံ့ပန်းအဖြစ် ဖမ်းဆီးမိတယ်လို့ AA က ထုတ်ပြန်ထားပါတယ်။

ရခိုင်ပြည်၊ တောင်ကုတ်မြို့ စကခ ၅ တပ်မကို အာရက္ခတပ်တော် (AA) က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်တိုက်ခိုက်နေစဉ်အတွင်းမှာ ဒီဇင်ဘာ ၁၃ ရက်နေ့ မနက်ပိုင်းက တပ်မအတွင်းကနေ တပ်ရင်မှူးအဆင့် အပါအဝင် စစ်ကောင်စီတပ်သားတွေ ရာနဲ့ချီပြီး အလံဖြူထောင် လက်နက်ချခဲ့ကြပါတယ်။

အမ်းမြို့သိမ်းတိုက်ပွဲအတွင်းမှာလည်း AA ဟာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) မှအပ စခန်းပေါင်းမှာ ၃၀ ကျော်ထိ သိမ်းပိုက်ခဲ့ပြီး အဲဒီ စခန်းသိမ်းတိုက်ပွဲတွေအတွင်း စစ်သား ၃၀၀ ကျော် လက်နက်ချခဲ့တယ်လို့ AA စစ်ရေးသတင်းရင်းမြစ်တခုက အတည်ပြု ပြောဆိုထားခဲ့ပါတယ်။

ဒီဆောင်းပါးကို နိဂုံးသပ်ရရင် တပ်မတော်အမည်ခံ စစ်ဓားပြဂိုဏ်းဆိုတာ အလွန်မြန်ဆန်တဲ့နှုန်းနဲ့ ပြိုဆင်းပျက်စီးလာတဲ့ သူခိုး ကြမ်းပိုး ဓားပြအမျိုးယုတ်တို့ စုဝေးရာ၊ မကောင်းဆိုးဝါး ဗာလာနံတွေ မွေးထုတ်ပေးရာ ဌာနကြီး ဖြစ်သွားခဲ့ပါပြီ။ ပြည်သူလူထုကလည်း မကြည်ဖြူရုံတင်မက တူးတူးခါးခါး မုန်းတီးနေကြပြီမို့ ဆက်မနေသင့်တဲ့ ပစ္စန္တရာဇ်အရပ် ဖြစ်သွားပါပြီ။ အချိန်မနှောင်းခင် အမြန်ဆုံး စွန့်ခွာကြရမှာ ဖြစ်ပါတယ်။

ခေတ်ကုန်သွားပြီဖြစ်တဲ့အပြင် ရေရှည် ဘယ်လိုမှ မရပ်တည်နိုင်တော့တဲ့ စစ်ရှုံးဓားပြတပ်ရဲ့ ခံစစ်စခန်းတွေထဲမှာ ထိထိရောက်ရောက် စစ်ကူ ပစ်ကူ မပို့နိုင်တော့တဲ့ စစ်အာဏာရှင်တွေရဲ့ ကိုယ်ကျိုးစီးပွားကို စောင့်ရှောက်ဖို့ သေမင်းကို စောင့်နေရသလို ဖြစ်နေကြတဲ့ လက်ကျန် စစ်ဗိုလ် စစ်သား ရဲတပ်သားတို့ ကိုယ့်မိသားစုနဲ့ ပြန်လည်တွေ့ဆုံပြီး ဘဝသစ်ကို စတင်နိုင်အောင် ပြည်သူ့ရင်ခွင်ခိုလှုံဖို့ တညီတညွတ်တည်း စစ်အာဏာရူး မကောင်းဆိုးဝါး ဗိုလ်ချုပ်ကြီးတွေကို တော်လှန်ဖယ်ရှားခြင်းကသာ မိမိနဲ့ မိမိ မိသားစုရဲ့ ပစ္စုပ္ပန်နဲ့ အနာဂတ်ဘဝ‌တွေကို ကယ်တင်ရာရောက်ရုံမက တိုင်းပြည်နဲ့ မိဘပြည်သူကို ကယ်တင်စောင့်ရှောက်ခွင့် အမှားပြင်ဆင်ခွင့်ရမှာ ဖြစ်ပါကြောင်း။

မင်းကောင်းချစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013