DVB Logo
Home
မြန်မာသတင်း
သံဖြူဇရပ်မြို့ နှစ် ၁၅၀ ပြည့်ပွဲတော်အတွက် ဒေသခံလုပ်ငန်းရှင်များထံမှ အဓမ္မငွေကောက်ခံ
DVB
·
December 26, 2024
သံဖြူဇရပ်မြို့ နှစ် ၁၅၀ ပြည့်ပွဲတော်အတွက် ဒေသခံလုပ်ငန်းရှင်များထံမှ အဓမ္မငွေကောက်ခံ
Donate to DVB

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့ရဲ့  မြို့လယ်ခေါင်မှာ တည်ဆောက်ထားတဲ့ သံဖြူဇရပ် တည်ဆောက်ခြင်း နှစ် ၁၅၀ ပြည့် အထိမ်းအမှတ်ပွဲတော်အတွက် မြို့နယ်အုပ်ချုပ်ရေးမှူးက ဒေသခံလုပ်ငန်းရှင်တွေ ဆီက အလှူငွေကောက်ခံနေကြောင်း မြို့ခံတွေထံက သိရပါတယ်။

သံဖြူဇရပ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်မိုးလွင်က မြို့နယ်တွင်းရှိ စက်ရုံ အလုပ်ရုံ လုပ်ငန်းရှင်တွေထံက ပွဲဖြစ်မြောက်ရေးအတွက် အခုလိုကောက်ခံတာ ဖြစ်တယ်လို့ လုပ်ငန်းရှင်တယောက်က ပြောပါတယ်။

“ပွဲတော်လုပ်ဖို့ဆိုပြီး မြို့နယ်ထွေအုပ်ရုံးကို စည်းဝေးခေါ်တာ။ လုပ်ငန်းရှင်တွေကို အလှူငွေ ကောက်တော့တာပဲ။ လုပ်ငန်းတခုစီတိုင်းအတွက် အချိုးကျထည့်ဝင်ပေးဖို့ဆိုပြီး နှုန်းထားတခု သတ်မှတ်ပေးခဲ့တာပါ။ စက်ရုံအကြီးဆိုရင် သိန်း ၃၀၊ ရိုးရိုးလုပ်ငန်းရှင်တွေဆိုရင် တဆိုင်ကို ၁၀ သိန်း၊ ၅ သိန်း၊ ၃ သိန်းစီ ထည့်ခိုင်းတာပါ။”

၁၈၇၄ ခုနှစ်ကစပြီး ခရီးသွားတွေနားခိုနိုင်ဖို့ ရည်ရွယ်ဆောက်လုပ်ခဲ့တဲ့ သံဖြူသွပ်မိုးဇရပ်ကို အစွဲပြုကာ သံဖြူဇရပ်လို့ ခေါ်ဆိုခဲ့ကြရာက ၁၉၆၄ ခုနှစ် ဇွန်လမှာ နိုင်ငံတော်ပြန်တမ်းနဲ့ မြို့မှ မြို့နယ်အဆင့်ကို သတ်မှတ်ခံခဲ့ရတာဖြစ်ကြောင်း မွန်ပြည်နယ် သမိုင်းမှတ်တမ်းတွေအရ သိရပါတယ်။

စစ်ကောင်စီခန့် မွန်ပြည်နယ်ဝန်ကြီးချုပ် လမ်းညွှန်ချက်နဲ့ ပြုလုပ်မယ့် သံဖြူဇရပ် တည်ဆောက်ခြင်း နှစ် ၁၅၀ ပြည့် အထိမ်းအမှတ်ပွဲကို သံဖြူဇရပ်အနီး မြို့လယ်ပန်းခြံမှာ လာမယ့် ဒီဇင်ဘာ ၂၇ ရက်မှ ၃၀ ရက်အထိ လုံခြုံရေးအခြေအနေအရ အကျဉ်းရုံးသာ ကျင်းပသွားမှာဖြစ်ကြောင်း ပွဲတော်ဖြစ်မြောက်ရေးကော်မတီနဲ့ နီးစပ်သူတွေထံက သိရပါတယ်။

သံဖြူဇရပ် နှစ် ၁၅၀ ပြည့်ပွဲတော်မှာ လူငယ်တွေအနေနဲ့ စိတ်လှုပ်ရှားစရာပွဲတော်တခုမို့ သွားရောက်လည်ပတ်ချင်ပေမဲ့ လူကြီးတွေအဖို့ အားတတ်သရော မဖြစ်နိုင်တော့ဘူးလို့ မြို့ခံတယောက်က DVB ကို ပြောပါတယ်။

“သံဖြူဇရပ်မှာ လက်ရှိအခြေအနေက ဘာမှလွတ်လပ်မှုမရှိဘူး။ လုံခြုံရေးအရလည်း ပြည့်စုံနိုင်မလား၊ မပြည့်စုံနိုင်လားဆိုတာ မပြောနိုင်ဘူး။ နယ်မြေအေးချမ်းမှုက ၅၀ ရာခိုင်နှုန်းကျော်လောက်ပဲ ရှိတာဆိုတော့ ပွဲသွားမယ့်လူငယ်တွေ အနေနဲ့လည်း သတိပြုပြီး သွားကြပါလို့ ပြောချင်ပါတယ်။”

ဒါ့အပြင် သံဖြူဇရပ်မြို့နယ်က ဒေသခံ ၁၀၀ နီးပါးခန့်ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ PDF နဲ့ ဆက်သွယ်ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီက ဖမ်းဆီးထားတာပါ။

အလားတူ ပြီးခဲ့တဲ့ ၁၉၇၄ ခုနှစ်အတွင်းက ကျင်းပပြုလုပ်ခဲ့တဲ့ သံဖြူဇရပ် နှစ် ၁‌၀၀ ပြည့်ပွဲမှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တာကြောင့် အခုပြုလုပ်မယ့် နှစ် ၁၅၀ ပြည့်ပွဲမှာလည်း ပေါက်ကွဲမှု ထပ်မံဖြစ်ပွားမှာကို စိုးရိမ်နေကြကြောင်း ဒေသခံတွေကြား ပြောဆိုတာတွေလည်း ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013