DVB Logo
Home
မြန်မာသတင်း
ပုဂံတွင် ရှေးဟောင်းပစ္စည်းထိန်းသိမ်းရေးဥပဒေဖြင့် လူ ၁၄ ဦး အမှုဖွင့်ခံရ
DVB
·
December 26, 2024
ပုဂံတွင် ရှေးဟောင်းပစ္စည်းထိန်းသိမ်းရေးဥပဒေဖြင့် လူ ၁၄ ဦး အမှုဖွင့်ခံရ
Donate to DVB

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ပုဂံနယ်မြေရဲစခန်းမှာ ရှေးဟောင်းပစ္စည်းထိန်းသိမ်းရေးဥပဒေနဲ့ အမျိုးသား ၁၄ ယောက် အမှုဖွင့်ခံထားရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

အဆိုပါ ၁၄ ယောက်ဟာ ပုဂံမြို့ဟောင်း၊ မြင်းကပါရွာမှာ ရေမြောင်းဖောက်လုပ်နေခဲ့ကြတဲ့ ဆောက်လုပ်ရေး အလုပ်သမားတွေ ဖြစ်ပြီး ၂၀၂၄ စက်တင်ဘာ ၂၀ ရက်က ရေမြောင်းအတွင်း ရွှေထည်ပစ္စည်းတွေပါဝင်တဲ့ ရှေးဟောင်းမြေအိုးတလုံးကို တူးဖော်တွေ့ရှိခဲ့တာပါ။

ပုဂံမြို့ဟောင်း နေထိုင်သူတယောက်က “မြင်းကပါတောင်ဘက်နားလေး မြောင်းတူးရင်း တွေ့တာလို့ ပြောတယ်။ ဘုရားတဆူလည်း ပါတယ်။ ရွှေတွေတော့ အိုးလိုက်တွေ့ကြတာ။ သူတို့ကို မိတာတော့ ကြာပြီ ရှေ့လလောက်ကတည်းက” လို့ ပြောပါတယ်။

မြေအိုးအတွင်းမှာ ရွှေ‌လက်ကောက် ၁၀ ကွင်း၊ ရွှေလုံး ၂ ခု၊ ရွှေဘယက်တွေ၊ ပုဂံခေတ်သုံး ရွှေထည်အပိုင်းအစတွေ အပါအဝင် တခြားရွှေထည်တွေ တွေ့ရှိခဲ့ကြပေမဲ့ ကန်ထရိုက်ဖြစ်တဲ့ ဦးညို ဆိုသူနဲ့ အလုပ်သမား အောင်ဖြိုးတို့က ရှေးဟောင်းပစ္စည်းတွေကို ခွဲဝေယူဆောင်ရောင်းချခဲ့ကြပြီး ကျန် ၁၂ ယောက်ကို ကျပ် သိန်း ၅၀ ကျော်စီ ဝေစုခွဲပေးခဲ့တာ ဖြစ်ပါတယ်။

ဝေစုယူသူ မိသားစုဝင်တွေထဲကနေ ရှေးဟောင်းပစ္စည်းတွေ့ရှိတဲ့အကြောင်း လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ပြီးနောက် ၂ လကြာမှ စစ်ကောင်စီရဲတပ်ဖွဲ့ဝင်တွေက ရှာဖွေစစ်ဆေးမှုတွေ စတင်ခဲ့တာ ဖြစ်ပါတယ်။

ပုဂံဧည့်လမ်းညွှန်တယောက်က “ဒီကိစ္စမှာ အစောကြီးကတည်းက ရှေးသုက ကြီးကြပ်တွေ ပါကိုပါတယ်။ အဖမ်းခံရတော့မှ ပုတ်ထုတ်လိုက်တာ။ အခု ပန်းရန်သမားတွေချည်းပဲ တရားခံစာရင်းမှာ ပါနေတာ” လို့ ပြောပါတယ်။

နိုဝင်ဘာ ၉ ရက်နေ့မှာတော့ အလုပ်သမားခေါင်းဆောင် အောင်ဖြိုး အပါအဝင် စိန်ထွန်း၊ အောင်မိုး တို့ကို သက်သေခံပစ္စည်းတချို့နဲ့အတူ ဖမ်းဆီးရမိခဲ့ပေမဲ့ ကန်ထရိုက်ဖြစ်သူ ဦးညိုနဲ့ ကျန် ၁၁ ယောက်မှာ ထွက်ပြေးလွတ်မြောက်နေဆဲ ဖြစ်ပါတယ်။

ဖမ်းဆီးရမိသူ‌တွေကို ပုဂံနယ်မြေရဲစခန်းမှာ (ပ)၂၅/၂၀၂၄၊ ရှေးဟောင်းပစ္စည်းများ ထိန်းသိမ်းရေး ဥပဒေပုဒ်မ ၁၇/၁၉ တို့နဲ့ အမှုဖွင့်ထားတယ်လို့ သိရပြီး မြေအိုးထဲပါဝင်တဲ့ ရှေးဟောင်းပစ္စည်းစာရင်း အတိအကျနဲ့ ပတ်သက်လို့ သက်ဆိုင်ရာဌာနက တရားဝင်ထုတ်ပြောတာမျိုး မတွေ့ရသေးပါဘူး။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
ပုဂံတွင် ရှေးဟောင်းပစ္စည်းထိန်းသိမ်းရေးဥပဒေဖြင့် လူ ၁၄ ဦး အမှုဖွင့်ခံရ