DVB Logo
Home
မြန်မာသတင်း
စရဖတပ်ကြပ်ကြီး ၁ ဦးနှင့် တပ်သား ၁ ဦး သရက် PDF ထံ လက်နက်နှင့် အလင်းဝင်
DVB
·
December 26, 2024
စရဖတပ်ကြပ်ကြီး ၁ ဦးနှင့် တပ်သား ၁ ဦး သရက် PDF ထံ လက်နက်နှင့် အလင်းဝင်
Donate to DVB

မကွေးတိုင်း၊ သရက်ခရိုင်မှာ စစ်ကောင်စီလက်အောက်ခံ စစ်ဘက်ရေးရာလုံခြုံရေး (စရဖ) တပ်ဖွဲ့ဝင် ၂ ယောက်ဟာ ဒီဇင်ဘာ ၂၃ ရက်က လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ရောက်လာတယ်လို့ အမှတ် ၁ စစ်ဒေသ သရက်ခရိုင် အမှတ် ၄ တပ်ရင်းဆီကနေ သိရပါတယ်။

အမှတ် ၁ စစ်ဒေသ သရက်ခရိုင် အမှတ် ၄ တပ်ရင်းရဲ့ ပြန်ကြားရေးတာဝန်ခံက “ကျနော်တို့တပ်ဖွဲ့ဆီကို စစ်ဘက်ရေးရာ လုံခြုံရေးတပ်က တပ်ကြပ်ကြီးတဦးနဲ့ တပ်သားတဦးတို့က သေနတ် ၂ နဲ့ ခဲယမ်းတချို့ ယူဆောင်လာပြီး အလင်းဝင်လာခဲ့ကြတာပါ။ သူတို့အတွက် နေထိုင် စားသောက်ရေး အဝတ်အစားတွေကအစ အားလုံးအဆင်ပြေအောင် ဆောင်ရွက်ပေးထားပါတယ်” လို့ ပြောပါတယ်။

အလင်းဝင်ရောက်လာကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ယောက်ဟာ MA3 သေနတ် တလက်၊ ပစ္စတိုသေနတ် တလက်၊ အီနာဂါဗုံးသီး တလုံး၊ ကျည်ဆန်တချို့နဲ့အတူ အလင်းဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။

သရက်ခရိုင် အမှတ် ၄ တပ်ရင်းရဲ့ တာဝန်ခံ ကိုမြတ်က “သူတို့က နပခ လက်အောက်ခံ စစ်ဘက်ရေးရာလုံခြုံရေးတပ်ကပါ။ တပ်သားဖြစ်တဲ့သူက ပေါ်တာဆွဲခံရပြီးတော့ စစ်မှုထမ်းသက် ၃ လပဲ ရှိသေးတာဗျ။ တပ်ကြပ်ကြီးအဆင့် ရှိတဲ့သူကတော့ တပ်စုတပ်ကြပ်ကြီးပါ။ သူကတော့ စစ်မှုထမ်းသက် ၂၂ လောက်ရှိပါပြီ။ တောင်ကုတ်ဘက်က တိုက်ပွဲတွေနေ ထွက်ပြေးလာကြရင်း ကျနော်တို့ စစ်ရေးလှုပ်ရှားတဲ့ ဒေသထဲကို ရောက်တော့မှ အလင်းဝင်ဖို့ တော်လှန်ရေးအဖွဲ့တွေ အချင်းချင်း ချိတ်ဆက်ပြီး ကျနော်တို့အဖွဲ့ကပဲ သူတို့ရှိတဲ့နေရာကို သွားရောက်ခေါ်ယူခဲ့ရတာပါ။ သူတို့တွေ ကျနော်တို့ဆီရောက်လာတဲ့အခါမှာ အစာရေစာပြတ်လပ်တာရယ်၊ လမ်းခရီးကြောင့် ပင်ပန်းနွမ်းနယ်တာတွေ ရှိနေတဲ့အတွက်လည်း ဆေးဝါးကုသမှု အလုံအလောက် ပေးထားပါတယ်” လို့ DVB ကို ပြောပါတယ်။

အဆိုပါ အလင်းဝင်ရောက်လာကြသူ ၂ ယောက်ဟာ အခုအချိန်မှာ သရက်ခရိုင် အမှတ် ၄ တပ်ရင်း ရှေ့တန်းကွပ်ကဲရေးအဖွဲ့ရဲ့ နေရာတခုမှာ ထားရှိပေးထားပြီး ဆုကြေးငွေအဖြစ် တယောက် ၃၅ သိန်းစီကို သရက်ခရိုင် အမှတ် ၄ တပ်ရင်းက စိုက်ထုတ် ချီးမြှင့်ပေးထားတယ်လို့လည်း သူက ဆက်ပြောပါတယ်။

စစ်ကောင်စီတပ်လက်အောက်မှာ ဆက်လက်တာဝန်မထမ်းလိုဘဲ ပြည်သူ့ဘက်ကိုခိုလှုံပြီး အလင်းဝင်ရောက်လာလိုကြသူတွေကို အချိန်မရွေး လက်ခံကြိုဆိုသွားမှာဖြစ်တယ်လို့လည်း အမှတ် ၁ စစ်ဒေသ သရက်ခရိုင် အမှတ် ၄ တပ်ရင်းဆီကနေ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013