
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်က စစ်တပ်ရဲ့ ၂၂၇ ပွိုင့်ကုန်းရဲ့ ကာကင်းစခန်းကုန်း ၂ ခုကို ထပ်မံသိမ်းပိုက်ခဲ့တယ်လို့ အာရက္ခတပ်တော် (AA) က ထုတ်ပြန်ပါတယ်။
ဇူလိုင် ၂ ရက်က ၂၂၇ ပွိုင့်ကုန်းရဲ့ အနောက်ဘက်မှာတပ်စွဲထားတဲ့ ပထမကာကင်းကုန်းနေရာကို သိမ်းပိုက်ခဲ့ပြီး ဇူလိုင် ၃ ရက်နေ့မှာတော့ ဒုတိယကာကင်းကုန်း(တာဝါတိုင်စခန်းကုန်း) ကို သိမ်းပိုက်နိုင်တာလို့ ဆိုပါတယ်။
ကာကင်းစခန်းကုန်းသိမ်းတိုက်ပွဲထဲက စစ်သားအလောင်းတချို့နဲ့ လက်နက်ခဲယမ်းတချို့ကို သိမ်းပိုက်ရရှိခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကာကင်းစခန်းသိမ်းတိုက်ပွဲတွေအထဲက အထိအခိုက်၊ အကျအဆုံးများစွာနဲ့ ပွိုင့် ၂၂၇ ကုန်းဆီကို ကစဉ့်ကလျား ထွက်ပြေးနေတဲ့ တပ်မ ၆၆ လက်အောက်ခံ ခမရ ၁၀၈ တပ်ရင်းက စစ်သားတွေကို လိုက်လံချေမှုန်းနေတယ်လို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့ ဇွန်လထဲမှာ ရေကြည်မြို့နယ်က စစ်တပ်ရဲ့ ပွိုင့် ၂၈၈၊ ပွိုင့် ၁၈၈ နဲ့ ပွိုင့် ၁၄၈ ကုန်းတို့ကို AA က ဆက်တိုက် သိမ်းပိုက်ရယူခဲ့ပြီးနောက်ပိုင်း အဲဒီအနီးအနားပတ်ဝန်းကျင်တွေမှာ နေ့စဉ် ရက်ဆက် တိုက်ပွဲဖြစ်နေတယ်လို့ ဆိုပါတယ်။
စစ်တပ်ဟာ AA သိမ်းထားတဲ့ ပွိုင့်ကုန်းတွေကိုပြန်လည်ရယူနိုင်ဖို့ စစ်အင်အားတွေ ထပ်ဖြည့်ပြီး ထိုးစစ်ကို မရပ်မနားလုပ်လာတယ်လို့ AA က ထုတ်ပြန်ပါတယ်။
ငါးသိုင်းချောင်းမှာရှိတဲ့ ၃၄၄ အမြောက်တပ်ကို ပုသိမ်အခြေစိုက်တပ်ရင်းတွေနဲ့ ထပ်မံအင်အားဖြည့်တင်းနေပြီး လေးမျက်နှာဘက်မှာလည်း အင်အားဖြည့်နေတယ်လို့ ဆိုပါတယ်။
ပြီးတော့ ပုသိမ်-မုံရွာလမ်းပိုင်း စိုးမိုးရေးအတွက် လမ်းတလျှောက် စစ်တပ်က တပ်ဖြန့်ထားသလို AA နဲ့ စစ်ဆိုင်ထားတဲ့နေရာတွေကို အဝေးကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာ၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ၊ အသေခံဒရုန်းတွေနဲ့ တိုက်ခိုက်တာတွေကို ဆက်တိုက်လုပ်နေတယ်လို့ ဆိုပါတယ်။










