DVB Logo
Home
မြန်မာသတင်း
ဘုတလင်တွင် စစ်တပ်က ပြည်သူ ၁၅၀ ကျော်ကို ဓားစာခံအဖြစ် ဖမ်းဆီး
DVB
·
December 25, 2024
ဘုတလင်တွင် စစ်တပ်က ပြည်သူ ၁၅၀ ကျော်ကို ဓားစာခံအဖြစ် ဖမ်းဆီး
Donate to DVB

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ဇီးတောရွာ၊ သရက်တိုရွာ၊ ရွှေချောင်းလည်ရွာက ပြည်သူ ၁၅၀ ကျော်ကို စစ်ကောင်စီတပ်က ဒီဇင်ဘာ ၂၅ ရက် မနက်ပိုင်းက ဓားစာခံအဖြစ်  ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

အဆိုပါစစ်တပ်ဟာ မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်အတွင်းကနေ စတင်ထွက်ခွာလာတဲ့စစ်ကြောင်း ဖြစ်တယ်လို့လည်း သိရပါတယ်။

ဇီးတောရွာနေ ပြည်သူတယောက်က “မနက်ခင်း ၅ နာရီလောက်က စထွက်လာတာနဲ့တူတယ်ဗျ။ ကျနော်တို့ရွာကို အစောကြီး ရောက်လာတာ။ ကား ၃ စီးနဲ့ ရွာမှာချပြီးတော့ ကား ၃ စီးက နမခဘက် ပြန်သွားတယ်။ စစ်သားတွေကတော့ ဘုတလင်ဘက်ကို ခြေလျင်စစ်ကြောင်ထိုးသွားတယ်ဗျ။ ရွာကလူတွေလည်း စစ်ကြောင်းနဲ့အတူ ဖမ်းသွားတယ်။ ကျနော်တို့ ဇီးတောရွာ၊ သရက်တိုရွာနဲ့ ရွှေချောင်းလည်ရွာက ပြည်သူတွေရော အဖမ်းခံထားရတယ်။ အမျိုးသမီးတွေရော၊ အမျိုးသားတွေရော ခန့်မှန်း ၁၅၀ ကျော်မယ်။ ပြန်တော့မလွှတ်ပေးသေးဘူး။ စစ်ကြောင်းက ရွှေချောင်းလည်ရွာမှာပဲ ရှိသေးတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းက ဘုတလင်မြို့ကိုသွားတာ ဖြစ်နိုင်ပြီး ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ကတော့ စောင့်ကြည့်အနေအထားနဲ့ စောင့်ကြည့်နေတယ်လို့လည်း ဆိုပါတယ်။

ဘုတလင်တောင်ခြမ်း ပြည်သူ့ကာကွယ်ရေးတပ် ခေါင်း‌‌ဆောင်တယောက်က “ကျနော်တို့ စခစစ်ကြောင်းရဲ့ အနေအထားကို အနီးကပ် စောင့်ကြည့်နေတယ်ဗျ။ အခုလည်း စခတွေက အရပ်သားတွေ ဖမ်းထားပါတယ်။ ပြန်လွှတ်ပေးမလား၊ မပေးဘူးလား ဆိုတာကိုတော့ ဘာမှမသိရသေးဘူး။ ဘုတလင်မြို့အထိ ခေါ်သွားပြီး ပြန်လွှတ်ပေးလိမ့်မယ်လို့တော့ ထင်တယ်။ သူတို့ကို ကျနော်တို့က ဝင်တိုက်မယ်အထင်နဲ့ အရပ်သားတွေကိုဖမ်းပြီး ဓားစာခံခေါ်တာ ဖြစ်မယ်” လို့ ပြောပါတယ်။

ဘုတလင်မြို့အတွင်း စစ်တပ်က မြေပြင်စစ်‌ကြောင်းမထိုးတာဟာ ၂ လကျော် ကြာမြင့်ခဲ့ပြီလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၆ ရက်က စတင်ကာ ဘုတလင်မြို့နယ်အတွင်းကို စစ်ကောင်စီတပ်က ရွာစဉ်လှည့် စစ်ကြောင်းထိုး မီးရှို့ခဲ့လို့ အရပ်သားနေအိမ် ၃၀၀ ကျော် မီးလောင်းဆုံးရှုံးခဲ့ပြီး စီပါရွာက အသက် ၈၀ ကျော် အဘိုးအိုတယောက် အပါအဝင် အရပ်သားပြည်သူ ၆ ယောက်ကိုပါ လူမဆန်စွာ ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့ပါတယ်။

အဆိုပါစစ်ကြောင်းဟာ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) က တပ်မ ၃၃ လက်အောက်ခံ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူအင်အားတွေ စုပေါင်းထားတဲ့ အင်အား ၁၀၀ ကျော်ပါစစ်ကြောင်း ဖြစ်တယ်လို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013