
ချင်းပြည်နယ်၊ မင်းတပ်မြို့နဲ့ ကန်ပက်လက် မြို့သိမ်းတိုက်ပွဲတွေကနေ ထွက်ပြေးလာကြတဲ့ စစ်ကောင်စီလက်အောက်ခံတွေဟာ မကွေးတိုင်း၊ ဆောမြို့ကို ရောက်ရှိလာကြပြီဖြစ်တယ်လို့ ဒေသခံတော်လှန်ရေးအဖွဲ့တွေထံက သိရပါတယ်။
ဆောမြို့နယ် ပကဖ ပြန်ကြားရေးတာဝန်ခံက “မင်းတပ်နဲ့ ကန်ပက်လက်မြို့တွေက စစ်သားတွေ၊ ရဲတွေ၊ Non CDM ဝန်ထမ်းတွေရယ်၊ နောက်တခုက လမ်းမှာတွေ့တဲ့ စစ်ရှောင်ပြည်သူတွေကို ဓားစာခံလုပ် ဖမ်းခေါ်လာပြီးတော့ ကျည်ကွယ်မျက်ကွယ်ဖြစ်တဲ့ တောလမ်းတွေကနေ ဆင်းလာကြပြီးတော့ ၃ ရက်လောက်နေမှ ဆောမြို့နားကျမှ ပေါ်လာကြတာဗျ” လို့ ပြောပါတယ်။
အဆိုပါ စစ်ကောင်စီလက်အောက်ခံတွေဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၁ ရက်မှာ ကန်ပက်လက်မြို့ပေါ်ကနေ ထွက်ပြေးလာကြတာဖြစ်ပြီး ဒီဇင်ဘာ ၂၄ ရက် ညနေပိုင်းမှာတော့ ဆောမြို့ပေါ်က ဦးဖိုးလှိုင်ခန်းမမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ ပူးပေါင်းသွားကြတယ်လို့ ဆိုပါတယ်။
ဆောမြို့နယ် ပကဖ တာဝန်ခံ ကိုနိုဘယ်က “ထွက်ပြေးလာကြတာက ဓားစာခံပြည်သူတွေနဲ့ သူတို့ စကစ လက်အောက်ခံတွေ အင်အား ၂၀၀ ဝန်းကျင်လောက်ရှိတယ်။ ဆောမြို့နားမှာတော့ သူတို့တွေနဲ့ ကျနော်တို့ဘက်ကတပ်ဖွဲ့တွေ ထိတွေ့မှု ဖြစ်ခဲ့ကြပါသေးတယ်။ အဲဒီမှာ ဓားစာခံတွေပါနေတော့ ထိန်းထိန်းသိမ်းသိမ်းနဲ့ လုပ်ခဲ့ရတယ်။ ညနေ ၃ နာရီလောက်မှာ ဖြစ်ခဲ့တာ။ တိုက်ပွဲက မကြာလိုက်ပါဘူး။ တိုက်ပွဲပြီးတော့မှ ဦးဖိုးလှိုင် ခန်းမထဲ သွားပေါင်းကြတာ။ သူတို့တွေ ခန်းမထဲကိုရောက်တော့မှ ဖမ်းခေါ်လာတဲ့ ဓားစာခံတွေကို ပြန်လွှတ်တယ်လို့တော့ ကြားထားတယ်။ ပြန်လွတ်လာတဲ့ ဓားစာခံတွေနဲ့တော့ ကျနော်တို့ မတွေ့ရသေးဘူး” လို့ DVB ကို ပြောပါတယ်။
မင်းတပ်မြို့နဲ့ ကန်ပက်လက် မြို့သိမ်းတိုက်ပွဲတွေကနေ ထွက်ပြေးလာကြတဲ့ အဆိုပါ စစ်ကောင်စီလက်အောက်ခံတွေဟာ မကွေးတိုင်းအတွင်းက ကျောက်ထုမြို့နယ်ဘက်ကိုလည်း ထွက်ပြေးသွားကြသူတွေ ရှိကြတယ်လို့ ဒေသခံ ပကဖတွေဆီကနေ သိရပေမဲ့ DVB အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
မကွေးတိုင်းအတွင်းက ဆောမြို့နယ်ဟာ ချင်းပြည်နယ်၊ မင်းတပ်မြို့နဲ့ ၁၈ မိုင်နီးပါးသာ ဝေးကွာပြီး တော်လှန်ရေးတပ်ဖွဲ့တွေ အားကောင်းတဲ့ မြို့နယ်တခုလည်း ဖြစ်ပါတယ်။
လက်ရှိအချိန်မှာ ကျောက်ထု-ဆော-လောင်းရှည် လမ်းပိုင်းတွေကို ဒေသခံ တော်လှန်ရေးတပ်ဖွဲ့တွေက စိုးမိုးထိန်းချုပ်ထားတယ်လို့လည်း သိရပါတယ်။








