DVB Logo
Home
Lead Story
စည်း၊ စနစ်ညီညီ ခေတ်သစ်တည်
DVB
·
December 25, 2024
စည်း၊ စနစ်ညီညီ ခေတ်သစ်တည်
Donate to DVB

ယနေ့ချိန်သည် ‌ဖိနှိပ်ချုပ်ချယ်မှုအမျိုးမျိုးဖြင့် မြန်မာပြည်အား အုပ်စိုးနေသော စစ်အာဏာရှင်စနစ်အား မြန်မာပြည်သူတို့က အပြီးတိုင်ချေမှုန်းနိုင်ရန် ကြိုးစားနေသော ကာလဖြစ်သည်။ လက်နက်အားကိုးဖြင့် နိုင်ငံရေးအာဏာကို စိုးမိုးသိမ်းပိုက်လိုသော အကျင့်ဆိုး၊ စနစ်ဆိုးများကို တော်လှန်ပြောင်းလဲနိုင်ရန် ရည်မှန်းချက်ထားကာ ကြိုးပမ်းဆောင်ရွက်နေကြခြင်းဖြစ်သည်။

လူ့အဖွဲ့အစည်းအတွက် အဆိပ်အတောက်များလှသော စနစ်ဆိုးများမှ လွတ်မြောက်ကာ လွတ်လပ်မျှတ၍‌ အေးချမ်းသာယာကြွယ်ပြောသော လူ့ဘောင်လောက တည်ထောင်လိုကြသောကြောင့်သာ အသက်၊ သွေး၊ ချွေး၊ ဘ၀များဖြင့် အရင်းနှီးကြီးကြီးပေးဆပ် တော်လှန်နေကြခြင်းဖြစ်သည်။

ထိုသို့ ခေတ်ဆိုး စနစ်ဆိုးမှ ရုန်းထွက်နိုင်ရန် ကြိုးစားကြရာတွင် ဖိနှိပ်အုပ်စိုးလိုသူ အာဏာရှင်များကို ချေမှုန်းရန်ကြိုးစားသကဲ့သို့ မိမိတို့၏ စိတ်ဓာတ်၊ အမူအကျင့်များကို ခေတ်သစ်၊ စနစ်သစ်နှင့် ကိုက်ညီစေရန် ပြုပြင်ပြောင်းလဲနိုင်ရေးအတွက်လည်း ဂရုပြုကြိုးစားသင့်ပါသည်။ အဘယ့်ကြောင့်ဆိုသော် အာဏာရှင်ဟူသည် ၎င်းတို့၏အာဏာတည်မြဲရေးအတွက် ပြည်သူတို့၏ စိတ်ဓာတ်၊ ပညာရေး စသည်တို့ကို စနစ်တကျ ဖျက်ဆီးထားတတ်သောကြောင့်ဖြစ်သည်။ ပြည်သူပြည်သားတို့၏ အသိဉာဏ်အလင်း တံခါးကို ပိတ်ပင်ထားမှသာလျှင် အဏာရှင်တို့ စိတ်ကြိုက် အဆီးအတားမရှိ အုပ်စိုးနိုင်မည် မဟုတ်ပါလော။

ထို့ကြောင့် မိမိတို့ မြန်မာပြည်သူများအနေဖြင့် မိမိတို့ကိုယ်တိုင် သတိမထားမိဘဲ မိမိတို့ ကိုယ်စိတ်နှစ်ပါးအတွင်း ကိန်း၀ပ်နေနိုင်သော အမူအကျင့်ဆိုးများကိုလည်း ဂရုပြုရှာဖွေ ဖယ်ရှားနိုင်ရန် အရေးကြီးလှပါသည်။ အဆိုးအညစ်များကို ဖယ်ရှားကာ အကောင်းအသစ်များကို တည်ဆောက်ခြင်းသည် တော်လှန်ရေး၏စစ်မှန်သော အနှစ်သာရပင်ဖြစ်ပါသည်။

ထိုသို့ ဆောင်ရွက်နိုင်ရန် အရိုးစွဲ‌နေသော အမူအကျင့်များကို ပြောင်းလဲရဲသောသတ္တိအပြင် စနစ်တကျ လုပ်ကိုင်ဆောင်ရွက်တတ်သော၊ စည်းကမ်းလိုက်နာတတ်သော အမူအကျင့်ကောင်းများ နှင့် တော်တည့်မှန်ကန်သော ခံယူချက်တို့ကို မွေးမြူရန်လည်းလိုအပ်လှ၏။

မိမိတို့ မြန်မာပြည်သူများ၏ နွေဦးတော်လှန်ရေးတွင် အဓိကရည်မှန်းချက်မှာ စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ဒီမိုက‌ရေစီစနစ် ပေါ်ထွန်းလာရေးဖြစ်ရာ ဒီမိုကရေစီ အမူအကျင့်ကောင်းများဖြစ်သော လူ့အခွင့်ရေးအားလေးစားလိုက်နာခြင်း၊ မိမိတို့၏လွတ်လပ်မှုသည် သူတပါး၏ အကျိုးစီးပွားကို မထိခိုက်ရန် သတိပြုဆင်ခြင်ခြင်း စသော အမူအကျင့်ကောင်းများ မွေးမြူနိုင်ရန် ကြိုးစားကြရပါမည်။ ထို့အတူ ဒီမိုကရေးစီရရှိရေးအတွက် လက်နက်ကိုင်တိုက်ပွဲဆင်နွှဲရာတွင်လည်း မိမိတို့ တော်လှန်ရေးတပ်ဖွဲ့များသည် လူ့အခွင့်အရေးအား အလေးထားသော၊ စစ်ပွဲဆိုင်ရာ နိုင်ငံတကာ ထိတွေ့တိုက်ခိုက်မှုစည်းမျဉ်းများအား လိုက်နာသော ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့ကောင်းများ ဖြစ်စေရန် ကြိုးစားလေ့ကျင့်ရမည်ဖြစ်သည်။ သို့မှသာ မိမိတို့တော်လှန်ရေးတပ်ဖွဲ့များသည် ရန်သူနှင့်ကွဲပြားခြားနားပေလိမ့်မည်။

အကယ်ရွေ့ မိမိတို့တော်လှန်ရေးသမားများသည် အာဏာလုစစ်အုပ်စုတပ်များမှ လူ့အခွင့်အရေးကို လေးစားလိုက်နာရမှန်းမသိသော ရာဇ၀တ်ကောင်များနှင့် တန်းတူယှဉ်မိလျှင် မိမိတို့ နွေဦးတော်လှန်ရေး၏ မွန်မြတ်လှသော ရည်ရွယ်ချက်၊ မြင့်မြတ်လှသောပုံရိပ်ကို ညှိုးနွမ်းစေမည်ဖြစ်သည်။ ထိုသို့ဖြစ်လျှင် တော်လှန်ရေးအတွက် အသက်၊ ဘ၀ တို့ကိုပေးဆပ်ခဲ့ရသော ရဟန်းရှင်လူပြည်သူအပေါင်းအပေါ် ကျေးဇူးကန်းရာရောက်ပေလိမ့်မည်။ မိမိတို့၏ မူလရည်မှန်းချက်သည်လည်း ဝေဝါးပျက်စီးတတ်ပါ၏။ စစ်ပွဲ၏ကြမ်းတမ်းခက်ထန်မှု၊ မတည်မငြိမ် ဖြစ်မှုများကြားတွင် စည်းကမ်းပြည့်၀သော တပ်ဖွဲ့များသာလျှင် ဒီမိုကရေစီပန်းတိုင်သို့ အရောက်လှမ်းနိုင်မည်ဖြစ်သည်။

မှန်ကန်သောခံယူချက်ဖြင့် စည်းကမ်းလိုက်နာရဲသော သတ္တိကိုအရင်းတည်ကာ နွေဦးတော်လှန်ရေးအား မောင်းနှင်ကြရမည်ဖြစ်သည်။ သတ္တိဟူသည်ကား စည်းစနစ်ကျနသော အစီအမံရှိမှသာ အကျိုးဖြစ်ထွန်းတတ်ပါသည်။ ထိုချက်ကို သမိုင်းက သက်သေပြခဲ့ပြီးဖြစ်သည်။ 

ဥပမာအ‌နေနှင့် ဒုတိယကမ္ဘာစစ်ကာလ အာဖရိက စစ်မြေင်ပြင်တွင် ယှဉ်ပြိုင်တိုက်ခိုက်ခဲ့ကြသော ဂျာမန်စစ်သူကြီး ရွန်းမဲ နှင့် အင်္ဂလိပ် စစ်သူကြီး မောင်ဂိုမာရီတို့၏တိုက်ပွဲများကိုကြည့်နိုင်သည်။ အလွန်သတ္တိကောင်းပြီး ဖြတ်ထိုးဉာဏ်ကောင်းစွာ ကွပ်ကဲတိုက်ပွဲ၀င်တတ်သော ရွန်းမဲသည် မောင်ဂိုမာရီ၏ စနစ်တကျစီမံထောက်ပံ့ထားသော တပ်များဖြင့် ရေရှည်ရင်ဆိုင်ရာတွင် ရှုံးနိမ့်ခဲ့ရသည်။ အကြောင်းမှာ ရွန်းမဲအတွက် အုပ်ချုပ်ထောက်ပံ့မှုမှာ မလုံလောက်သောကြောင့် ဖြစ်သည်။ သတ္တိအရာတွင်မူ ရွန်းမဲသည် အလွန်ကောင်းမွန်သူဖြစ်သည်။ ထို့အတူ ဒုတိယကမ္ဘာစစ်ကာလ မြန်မာပြည် စစ်မျက်နှာတွင်လည်း သတ္တိလွန်စွာကောင်းသောကြောင့် အရှင်ဖမ်းမိရန်ပင် ခက်ခဲလှသော ဂျပန်တပ်များသည် အုပ်ချုပ်ထောက်ပံ့မှု ပြည့်စုံစွာ စနစ်တကျ စစ်ဆင်တတ်သော မဟာမိတ်တပ်များကို ရှုံးနိမ့်ခဲ့ရသည်။

မိမိတို့ မြန်မာပြည်သူများသည် စစ်ယန္တရားပြည့်စုံသော၊ လက်နက်အင်အားတောင့်တင်းသော အာဏာလုစစ်အုပ်စုကို ရရာလက်နက်ဖြင့် ခုခံစတင်ခဲ့သော နွေဦးတော်လှန်ရေးအတွင်း လွန်စွာ သတ္တိပြောင်ကြောင်း ပြသနိုင်ခဲ့ပြီးဖြစ်သည်။ ထိုမှတဖန် အောင်မြင်မှုများရယူနိုင်ရန် စည်းကမ်း‌ ကောင်းသော၊ စနစ်ကျသော၊ လူ့အခွင့်အရေးအား တန်ဖိုးထားသော တော်လှန်ရေးသမားကောင်းများ ဖြစ်စေရန် အားထုတ်ကြရပါမည်။ သို့မှသာ ကမ္ဘာ့အလည် ဂုဏ်သိက္ခာထည်ဝါစွာ ရပ်တည်နိုင်သော ခေတ်သစ်၊ စနစ်သစ်နှင့် ပြည်ထောင်စုသစ် ပေါ်ပေါက်လာမည်ဖြစ်သည်။

ဤသို့လျှင် ခံယူချက်နှင့် သတ္တိ၊ စနစ်ကျသော အစီအမံအထောက်အပံ့များနှင့် စည်းကမ်းကောင်းမွန်မှု တို့ ညီညီမျှမျှအသုံးချလျှောက်လှန်းကာ မြန်မာပြည်သူတရပ်လုံး လိုလားတောင့်တလျက်ရှိသော ဒီမိုကရေစီပြည်သစ်ဆီသို့ အမြန်ဆုံးရောက်နိုင်ကြပါစေကြောင်း ဆန္ဒပြုလျက်...။

ညိုသူ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013