
အမေရိကန်အစိုးရဟာ အီရန်ဆီကနေ တရုတ်ကို ရေနံတင်ပို့ရာမှာ ကူညီပေးနေတဲ့ လူ ၃ ယောက်နဲ့ ကုမ္ပဏီ ၉ ခုကို မေ ၁၁ ရက်မှာ ဒဏ်ခတ်ပိတ်ဆို့ခဲ့ပြီး အဲဒီကုမ္ပဏီတွေထဲမှာ ဟောင်ကောင် အခြေစိုက်ကုမ္ပဏီ ၄ ခု၊ ယူအေအီးအခြေစိုက် ကုမ္ပဏီ ၄ ခုနဲ့ အိုမန်အခြေစိုက် ကုမ္ပဏီ ၁ ခု ပါဝင် ပါတယ်။
ဘဏ္ဍာရေးဝန်ကြီးဌာနဟာ သောကြာနေ့ကလည်း ဒရုန်းနဲ့ ပစ်စဥ်လက်နက်တွေ ထုတ်လုပ်ရာမှာ သုံးတဲ့ လက်နက်အစိတ်အပိုင်းတွေကို အီရန်က ဝယ်ယူနိုင်အောင် ကူညီပေးတဲ့ လူပုဂ္ဂိုလ်တွေနဲ့ ကုမ္ပဏီတွေကို ပိတ်ဆို့မှုတွေ ကြေညာခဲ့ပါသေးတယ်။
အခုခြေလှမ်းဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့ ရှီကျင့်ဖျင်တို့ မကြာခင်တွေ့ဆုံဖို့ ရှိနေချိန်မှာ ပေါ်ထွက်လာတာပါ။
အဲဒီတွေ့ဆုံပွဲမှာ အီရန်နဲ့ဖြစ်နေတဲ့ တင်းမာမှုတွေကို ဖြေရှင်းပေးဖို့နဲ့ အရေးပါတဲ့ ဟော်မုဇ် ရေလက်ကြားကို ပြန်ဖွင့်ပေးဖို့ ထရမ့်ပ်က တရုတ်ခေါင်းဆောင်ကို တိုက်တွန်းလိမ့်မယ်လို့ ယူဆရ ပါတယ်။
နိုင်ငံခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးရုံး (OFAC) မှ သတ်မှတ်ချက်အသစ်တွေဟာ အီရန်ရဲ့ရေနံဝေစုတွေ ကို တရုတ်နိုင်ငံဆီ နာမည်ခံ ကုမ္ပဏီတွေသုံးပြီး ခိုးထုတ်ရောင်းချရာမှာ အီရန်အစ္စလာမ်မစ် တော်လှန်ရေးအစောင့်တပ် (IRGC) ကို ကူညီပေးနေသူတွေကို ပစ်မှတ်ထားတာလို့ ဘဏ္ဍာရေး ဝန်ကြီးဌာနက ပြောပါတယ်။
ဘဏ္ဍာရေးဝန်ကြီး စကော့ထ်ဘက်ဆန့်ထ်က ထရမ့်ပ်အစိုးရဟာ အီရန်အစိုးရနဲ့ စစ်တပ်ကို လက်နက်တွေ၊ နျူကလီးယားစီမံကိန်းတွေနဲ့ သူတို့ရဲ့လက်ဝေခံ ဒေသတွင်းအဖွဲ့တွေကို ငွေကြေး ထောက်ပံ့လို့ မရအောင် တီဟီရန်အပေါ် ဖိအားတွေ ဆက်တိုက်ပေးသွားမယ်လို့ ပြောပါတယ်။
ဘဏ္ဍာရေးဝန်ကြီးဌာနဟာ ကမ္ဘာ့စီးပွားရေးကို မတည်မငြိမ်ဖြစ်စေဖို့နဲ့ အကြမ်းဖက်လုပ်ရပ်တွေ လုပ်ဆောင်ရာမှာ အသုံးပြုတဲ့ ငွေကြေးလမ်းကြောင်းတွေကနေ အီရန်အစိုးရကို ဆက်ပြီး ဖြတ်တောက်သွားမှာပါလို့လည်း ဆိုပါတယ်။
အမေရိကန်က အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားတဲ့ IRGC ဟာ အီရန်ရေနံ တင်ပို့ ရောင်းချမှုအတွက် ငွေပေးချေမှုကို စီစဉ်ဖို့နဲ့ လက်ခံဖို့ကို နာမည်ခံကုမ္ပဏီတွေအပေါ် မှီခို နေရကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာနက ပြောပါတယ်။
တနင်္လာနေ့က လုပ်ဆောင်ချက်ဟာ ၂၀၂၅ ခုနှစ် ဇူလိုင်လမှာ IRGC ရေနံရောင်းချမှုအတွက် တနှစ် ကို ရေနံဒေါ်လာ သန်းရာနဲ့ချီပြီး အရောင်းအဝယ် လုပ်ပေးနေတယ်လို့ ဘဏ္ဍာရေးဝန်ကြီးဌာနက ပြောကြားခဲ့တဲ့ တူရကီအခြေစိုက်ကုမ္ပဏီ Golden Globe အပေါ် ချမှတ်ခဲ့တဲ့ ပိတ်ဆို့မှုတွေ အပေါ် အခြေခံထားပါတယ်။
အမေရိကန်ပြည်ထောင်စုက ပိတ်ဆို့အရေးယူထားတဲ့ လူ ၃ ယောက်ဟာ IRGC ရဲ့ ရှာဟစ်ဒ် ပူဂျာဖှာရီရေနံဌာနချုပ်မှာ အလုပ်လုပ်နေသူတွေဖြစ်ပြီး Golden Globe ကုမ္ပဏီကနေ တဆင့် ငွေပေးချေမှုတွေကို ညှိနှိုင်းဆောင်ရွက်ပေးတယ်လို့ ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ထား ပါတယ်။
Source:Reuters











