
ဒီတပတ်မှာ နွေဦးပြည်သူတို့အတွက် ဝံအူပင် ဆေးဖက်ဝင် အကြောင်းကို လက်လှမ်းမီဆေးပညာကနေ ရေးသား ဖော်ပြသွားမှာ ဖြစ်ပါတယ်။
ဝံအူပင်ကို သိပ္ပံလို Neolamarckia cadamba လို့ခေါ်ပြီး အင်္ဂလိပ်လို Burflower tree ၊ Leichhardt pine ၊ laran ၊ kadam လို့ ခေါ်ကြပါတယ်။
ဝံအူပင်မှာ alkaloid ၊ steroid ၊ cinchoninic acid ၊ tannin စတဲ့ ကျန်းမာရေးအကျိုးပြုဓာတု ဓာတ်ပေါင်းတွေ ပါဝင်ပြီး ဓာတ်တိုးဆန့်ကျင်ခြင်း၊ ရောင်ရမ်းမှုကို ဆန့်ကျင်ခြင်း၊ အကိုက်အခဲပျောက်ဆေး အာနိသင်ရှိခြင်း၊ အစာကြေစေခြင်း၊ အစာခြေစနစ်ကျန်းမာရေးကို အထောက်အကူပြုခြင်း၊ သွေးတွင်းသကြားဓာတ်ကို လျှော့ချပေးခြင်း၊ ပိုးသတ်ဆေး အာနိသင်ရှိခြင်း၊ ဘက်တီးရီးယားနဲ့ မှိုပိုးမျိုးစိတ်အမျိုးမျိုးကို ဆန့်ကျင်တိုက်ဖျက်ဖျားနာခြင်းကို သက်သာစေခြင်း၊ အသက်ရှူလမ်းကြောင်းကျန်းမာရေးကို မြှင့်တင်ပေးခြင်း၊ အသည်းကို ကာကွယ်ပေးခြင်း၊ အနာကျက်စေခြင်း စတဲ့ အာနိသင်များ ရှိပါတယ်။
ဆေးဘက်ဆိုင်ရာမှာ ဝံအူပင်ရဲ့ အမြစ်၊ အရွက်၊ အစေ့၊ အစေ့ဆီတို့ကို သုံးစွဲကြပါတယ်။ ဝမ်းလျှောခြင်းနဲ့ ဝမ်းကိုက်ခြင်း၊ ဝမ်းဖောဝမ်းရောင်ခြင်းတွေမှာ ဝံအူခေါက်ပြုတ်ရည် တခါသောက် ရေနွေးကြမ်းပန်းကန်တဝက်ကို တနေ့ ၂-၃ ကြိမ် သောက်သုံးပေးနိုင်ပါတယ်။
ပျို့အန်ခြင်းအတွက် ဝံအူပင်ခေါက်မှုန့် ကော်ဖီ ၂ ဇွန်းကို သကြားကော်ဖီ ၂ ဇွန်းနဲ့ ရောစပ် သောက်ပေးနိုင်ပါတယ်။
ဆီးလမ်းကြောင်း ပိုးဝင်ခြင်းနဲ့ ကျောက်ကပ် ကျောက်တည်ခြင်းတို့အတွက် ဝံအူပင် အမြစ်ပြုတ်ရည် တခါသောက် ရေနွေးကြမ်းပန်းကန်တဝက်ကို သံပုရာသီး တစိပ်ထည့်ပြီး တနေ့ ၂-၃ ကြိမ် သောက်သုံးပေးနိုင်ပါတယ်။
ဖျားနာခြင်းအတွက် အခေါက်ပြုတ်ရည် တခါသောက် ရေနွေးကြမ်းပန်းကန်တဝက်ကို တနေ့ ၂ ကြိမ် သောက်သုံးပေးနိုင်ပါတယ်။
ဆီးချိုရောဂါမှာ အခေါက်ပြုတ်ရည် တခါသောက် ရေနွေးကြမ်းပန်းကန်တဝက်ကို သွေးတွင်းသကြား ပမာဏ အနိမ့်အမြင့်အပေါ် မူတည်ပြီး တနေ့ ၂-၃ ကြိမ် သောက်သုံးပေးနိုင်ပါတယ်။
အမျိုးသမီးတွေမှာ ဖြစ်ပွားလေ့ရှိတဲ့ မီးယပ်အဖြူဆင်းခြင်းနဲ့ ရာသီသွေးဆင်းများခြင်းတို့မှာ အရွက်လတ်လတ်ဆတ်ဆတ် သတ္တုရည် ဟင်းစားဇွန်း ၁ ဇွန်းခန့်ကို တနေ့ ၁-၂ ကြိမ် သောက်သုံးပေးနိုင်ပါတယ်။
နို့တိုက်မိခင်တွေ အသီးလတ်လတ်ဆတ်ဆတ်ဖျော်ရည် အသင့်အတင့် သောက်သုံးပေးခြင်းဖြင့် နို့ရည်ထွက်ခြင်းကို ပိုမိုကောင်းမွန်စေပါတယ်။
ဝံအူရွက်ကို ကြိတ်ပြီး အနှစ်ကို ဒဏ်ရာများ၊ နာကျင်ရောင်ရမ်းနေတဲ့ နေရာတွေမှာ အုံပေးခြင်းဖြင့် ဝေဒနာတွေကို သက်သာစေပါတယ်။
ဝံအူအခေါက်ပြုတ်ရည်ကို ပိုးဝင်နေတဲ့ ဒဏ်ရာ အနာတွေမှာ ဖန်ဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။ ခံတွင်းအနာနဲ့ သွားဖုံးရောင်ရမ်းခြင်းတွေမှာ အခေါက်ပြုတ်ရည်/အရွက်ပြုတ်ရည်ကို ပလုတ်ကျင်းပေးနိုင်ပါတယ်။
ပိုးမွှားကိုက်ခံရတာကြောင့် နာကျင်ခြင်း၊ နီရဲခြင်းနဲ့ ယားယံခြင်းတို့အတွက် ဝံအူပင် ပင်စည် အခေါက်သွေးရည်နဲ့ အရွက်သတ္တုရည်တို့ကို လိမ်းပေးနိုင်ပါတယ်။
အသားအရေပေါ်မှာရှိတဲ့ အမည်းစက်တွေနဲ့ ဝက်ခြံတွေအတွက် ဝံအူအခေါက်သွေးရည်ကို လိမ်းပေးနိုင်ပါတယ်။ အရွက်ကို ထုထောင်းကြိတ်ချေပြီး အနှစ်ကို အနာတွေမှာ လိမ်းပေးနိုင်ပါတယ်။
အခေါက်သွေးရည်ကို မျက်လုံးရောဂါတွေမှာ မျက်လုံးတဝိုက်မှာ ကွင်းပြီးလိမ်းပေးနိုင်ပါတယ်။
အရွက်ကို ရေနွေးကြမ်းအဖြစ် အသင့်အတင့် သောက်သုံးပေးခြင်းဖြင့် အသည်းကျန်းမာရေးကို မြှင့်တင်ပေးပါတယ်။
ဝံအူပင်ကို အသင့်အတင့် သုံးစွဲခြင်းက ထူးခြားတဲ့ ဘေးထွက်ဆိုးကျိုးမရှိပေမဲ့ အလွန်အကျွံ သုံးစွဲခြင်းကြောင့် ဝမ်းချုပ်ခြင်း၊ လေထိုးလေအောင့်ခြင်း၊ မူးဝေခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။
ကိုယ်ဝန်ကို ဆန့်ကျင်တဲ့ အာနိသင်ရှိတာကြောင့် ကိုယ်ဝန်ဆောင်နဲ့ သားသမီးရယူလိုသူ မိခင်လောင်းတွေ ဝံအူပင်ကို သောက်ဆေးအဖြစ် သုံးစွဲခြင်းကို ရှောင်ကြဉ်ပါ။ ဝံအူပင်နဲ့ ဓာတ်မတည့်သူတွေ ဝံအူပင်ထွက် ပစ္စည်းတွေကို ရှောင်ကြဉ်ပါ။
နွေဦးပြည်သူတွေ ဝံအူပင်ရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးကို သိရှိပြီး လိုအပ်သလို ရယူသုံးစွဲနိုင်ဖို့ ရေးသားဖော်ပြလိုက်ပါတယ်။











