DVB Logo
Home
မြန်မာသတင်း
ရန်ကုန်မြို့ပေါ်က လူငယ်များကို ပေါ်တာဆွဲရန် စစ်ကောင်စီ စနစ်တကျ စီမံနေ
DVB
·
December 23, 2024
ရန်ကုန်မြို့ပေါ်က လူငယ်များကို ပေါ်တာဆွဲရန် စစ်ကောင်စီ စနစ်တကျ စီမံနေ
Donate to DVB

နိုင်ငံအနှံ့ တိုက်ပွဲတွေမှာ ရှုံးနိမ့်နေတဲ့ စစ်ကောင်စီဟာ လူငယ်တွေကို အဓမ္မစစ်မှုထမ်းခိုင်းဖို့ အတွက် မြို့ပေါ်ရပ်ကွက်တွေမှာပါ ပေါ်တာဆွဲတာကို  စနစ်တကျနဲ့ စီမံလုပ်ကိုင်နေတယ်လို့   တပ်ဖွဲ့ဝင်တွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။ 

စစ်ကောင်စီက စစ်မှုထမ်းအတွက် တပ်သားသစ်စုဆောင်းတာနဲ့ ရှေ့တန်းပို့ဖို့ တပ်သားတွေ လိုအပ်တာကို ဖြည့်တင်းဖို့ ကျေးရွာတွေမှာ ဖမ်းဆီးတာတွေ၊ စစ်မှုထမ်းတပ်သားသစ် စုဆောင်းတာတွေကို ပြုလုပ်နေခဲ့ပြီး လက်ရှိမှာတော့ မြို့ပေါ် နေရာတွေမှာပါ လူငယ်တွေကိုပါ ပေါ်ပေါ်တင်တင် ပေါ်တာဆွဲနေပါတယ်။

ဒါက စစ်ကောင်စီရဲ့ စနစ်တကျ စီမံထားတဲ့ လုပ်ဆောင်ချက်ဖြစ်တယ်လို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ နီးစပ်သူ တစ်ယောက်က ပြောပါတယ်။ 

ရန်ကုန်မှာ မီးပျက်ချိန်တွေ ပိုများလာပြီး မီးပျက်ချိန်တွေမှာပဲ လူငယ်တွေ ဖမ်းဆီးခံနေရတာက စစ်ကောင်စီရဲ့ လုပ်ရပ်ဖြစ်တယ်လို့ သူက ပြောပါတယ်။

“တကယ်တော့ ပေါ်တာဆွဲတဲ့ကိစ္စက ရပ်ကွက်က အုပ်ချုပ်ရေးမှူးနဲ့ စရဖ၊ မြို့နယ်ရဲ၊ မြို့နယ် စစ်တပ်အဖွဲ့တွေက  သိကိုသိတယ်။၊ သူတို့တွေက အချက်အလက်တွေနဲ့ အခြေအနေတွေကို အမြဲတမ်း သတင်းပို့ပြီးတော့ ပေါ်တာဆွဲတဲ့ကိစ္စကို စီမံချက်ချပြီးတော့ စနစ်တကျလုပ်နေတာ။ မြို့ထဲ မြို့နယ်တွေမှာဆို ညဘက် မီးတွေ ဖြတ်မယ်ဆိုပြီး EPC က ကြေညာတာမျိုးတွေရှိတယ်။ အဲဒီလို ကြေညာပြီးတဲ့နောက်မှာ လမ်းမီးတွေပါ ဖြတ်တာ၊ အခြေအနေကို ကြည့်ပြီးတော့ ဘယ်မြို့နယ်ကို ဘယ်လို ဝင်ပါမယ်ဆိုပြီးတော့ ပုံစံမျိုးနဲ့ လုပ်ကြတယ်တဲ့၊ ဒါတွေ အကုန်လုံးကို ဖရဲသီးက ပြောပြလို့ သိရတာပေါ့။”

လျှပ်စစ်မီးကိုလည်း ပုံမှန်အလှည့်ကျမီးပေးစနစ်နဲ့ မီးပေးနေရာက မီးပျက်ချိန်ကို ည ၉ နာရီကနေ ၁ နာရီအထိ တချိန်ထပ်တိုးဖြတ်တောက်မယ်လို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန YESC က ကြေညာပါတယ်။

စစ်ရှုံးနေတဲ့ စစ်ကောင်စီက ရှေ့တန်းပို့ဖို့ လိုအပ်ချက်အတွက် သင်တန်းသားအသစ်တွေကို စုဆောင်းနေတာဖြစ်ပြီး တရပ်ကွက်ကို ၂ ယောက်နှုန်းနဲ့ ခေါ်ယူတာ၊ မဲနှိုက်ရွေးချယ်တာတွေအပြင် အခုလို မတရားဖမ်းဆီးတာမျိုးတွေအထိပါ လုပ်ဆောင်လာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကတည်း သင်္ဃန်းကျွန်း၊ သာကေတ၊ မြောက်ဒဂုံ စတဲ့ မြို့နယ်တွေ အပါအဝင် ဆူးလေလို မြို့လယ်ကောင်တွေမှာတောင် ညဘက်နဲ့ နေ့ဘက်တွေမှာ လူငယ်တွေကို အရပ်ဝတ်တွေက စစ်ကားပေါ် အတင်းခေါ်ယူတင်သွားတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

သင်္ဃန်းကျွန်းမြို့နယ် ဒေသခံတယောက် “သင်္ဃန်းကျွန်းမှာဆို ခုရက်ထဲ တအားကိုဖမ်းနေတာ၊ လူငယ်တွေကိုပေါ်တာဆွဲတာ။ ရှေ့တပတ်ထဲမှာပဲ ကျိုက္ကဆံဘုရားနားမှာ လာဆွဲတာ၊ လူငယ်တွေ ၄ ယောက်လောက် ပါသွားတယ်တဲ့ ကိုယ်တိုင်တွေ့ခဲ့တဲ့သူက ပြောတာ။ အနားတော့ သွားမကြည့်ရဲဘူးလေ၊ မိန်းကလေး တယောက် ပါတာ ပိုက်ဆံနဲ့ လာပြန်ရွေးခိုင်းတယ်တဲ့။ ညဘက်တွေဆို ပိုဆိုးတယ်၊ ဟိုနား ဒီနားမှာအနှံ့ပဲ သတင်းတွေ ကြားနေရတယ်၊ အခုတလော အခြေအနေတွေက တော်တော်ဆိုးတယ်” လို့ ပြောပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီက အမှတ်စဉ် ၈ အတွက် တပ်သားသစ်တွေ ခေါ်ယူစုဆောင်းနေကာ အမှတ် စဉ် ၁ ကနေ ၆ အထိ သင်တန်းသား ၂၀၀၀၀ ကျော် စုဆောင်းထားနိုင်ပြီး ရှေ့တန်း ပို့လွှတ်ခံနေတဲ့ သင်တန်းသားတွေထဲ သေဆုံးသူတွေ ရှိနေတယ်လို့ ဗမာ့ရေးရာနှင့်ပဋိပက္ခလေ့လာရေး (BACS) က ထုတ်ပြန်ထားပါတယ်။ 

စစ်ကောင်စီပြောခွင့်ရအရာရှိတွေကတော့ စစ်မှုထမ်းအတွက် တပ်သားသစ် စုဆောင်းရာမှာ ငွေပေးရတာ၊ ပေါ်တာဆွဲတာတွေ လုပ်ဆောင်တာမရှိဘူးလို့ ငြင်းဆိုထားပေမဲ့ မြေပြင်မှာတော့ လူငယ်တွေ ဖမ်းဆီးခံရပြီး ရှေ့တန်းထိ ပို့လွှတ်ခံနေရပါတယ်။

 ဝေဝေ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013