DVB Logo
Home
နိုင်ငံတကာ
မသန်စွမ်းသူများ လမ်းပြန်လျှောက်နိုင်ရန် ‘Iron Man’ ပုံစံ စက်ရုပ်တီထွင်
DVB
·
December 23, 2024
မသန်စွမ်းသူများ လမ်းပြန်လျှောက်နိုင်ရန် ‘Iron Man’ ပုံစံ စက်ရုပ်တီထွင်
Donate to DVB

တောင်ကိုရီးယား သုတေသီအဖွဲ့က ကိုယ်တပိုင်းသေနေသူတွေ အလွယ်တကူဝတ်ဆင်ကာ လမ်းလျှောက်နိုင်မယ့် စက်ရုပ်တခုကို တီထွင်လိုက်​ပါတယ်။

အဲဒီစက်ရုပ်က လမ်းမလျှောက်နိုင်သူတွေဆီကို အရောက်လာပြီး သူတို့ကိုယ်ထည်နဲ့ ချိတ်ဆက်ပေးမှာ ဖြစ်ပါတယ်။

အခုလိုမျိုး ချိတ်ဆက်ဝတ်ဆင်ပြီးတဲ့အခါ ခန္ဓာအောက်ပိုင်း မသန်စွမ်းသူတွေက လမ်းလျှောက်တာတွေ၊ အတားအဆီး ဖြတ်ကျော်တာတွေနဲ့ လှေကားတက်ရောက်တာမျိုးကိုပါ လုပ်ဆောင်နိုင်ပါတယ်။

အဆင့်မြင့် ကိုရီးယား သိပ္ပံနဲ့နည်းပညာဆိုင်ရာ အင်စတီကျု (KAIST) ရဲ့ စမ်းသပ်ရေးအဖွဲ့ကတော့ သူတို့ရည်မှန်းချက်ဟာ မသန်စွမ်းသူတွေရဲ့ နေ့စဉ်ဘ၀အတွက် အဆင်ပြေစွာ အသုံးပြုနိုင်မယ့် စက်ရုပ်တခုကို ဖန်တီးပေးနိုင်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

KAIST အဖွဲ့ဝင်လည်းဖြစ်၊ မသန်စွမ်းတယောက်လည်းဖြစ်တဲ့ ကင်မ်ဆောင်ဟွမ်က တနာရီ ၂ မိုင်နှုန်းနဲ့ လမ်းလျှောက်ရင်း ရှေ့ပြေးစက်ရုပ်စမ်းသပ်မှုကို သရုပ်ပြခဲ့ပါတယ်။

“စက်ရုပ်ရဲ့  အထူးခြားဆုံးအချက်တွေထဲက တခုဟာ ကျနော် ဘယ်နေရာမှာပဲ ရှိနေရှိနေ​၊ ဘီးတပ်ကုလားထိုင်ပေါ် ထိုင်နေရင်တောင်မှ ကိုယ့်ဆီကိုလျှောက်လာပြီး မတ်တပ်ရပ်ဖို့ တပ်ဆင်ပေးနိုင်ပါတယ်” လို့ ကင်မ်က မှတ်ချက်ပြုပါတယ်။

Walk-ON Suit F1 ဆိုပြီး အမည်ပေးထားတဲ့ ဒီစက်ရုပ်ဟာ အလူမီနီယံ၊ တိုက်တေနီယံတို့နဲ့ ပေါင်းစပ်ဖွဲ့စည်းထားတာကြောင့် အလေးချိန် ၅၀ ကီလိုဂရမ်သာ ရှိတဲ့အတွက် ပေါ့ပါးတယ်လို့ ဆိုရမှာပါ။

ဒါ့အပြင် လူ့အရိုးအဆစ်တွေရဲ့ လမ်းလျှောက်မှုပုံစံအတိုင်း အသွင်ယူထားတဲ့ လျှပ်စစ်မော်တာ ၁၂ လုံးလည်း စက်ရုပ်မှာ ပါဝင်ပါတယ်။

KAIST ရဲ့ နောက်ထပ်အဖွဲ့ဝင်ဖြစ်သူ ပတ်ခ်ဂျောင်ဆူ ကတော့ “Iron Man” ရုပ်ရှင်ကိုကြည့်ရင်း စိတ်ကူးရခဲ့တာဖြစ်ကြောင်း အခုလိုပြောပြပါတယ်။

“Iron Man ကြည့်ပြီးသွားတဲ့အခါ တကယ့်လက်တွေ့ဘဝမှာလည်း လူတွေကို စက်ရုပ်နဲ့ကူညီနိုင်ရင် အလွန်ကောင်းမှာပဲလို့ စဉ်းစားမိခဲ့တယ်” လို့ ပတ်ခ်က ပြောပါတယ်။

ဒီလိုမျိုး လမ်းလျှောက်တဲ့အခါ ဟန်ချက်ညီစေဖို့အတွက် စက်ရုပ်ခြေဖဝါးနဲ့ ကိုယ်ထည်အပေါ်ပိုင်းမှာ အာရုံခံကိရိယာတွေ တပ်ဆင်ထားပြီး အသုံးပြုသူက ဘယ်လိုလှုပ်ရှားချင်တယ် ဆိုတာမျိုးကိုပါ ကြိုတင်ခန့်မှန်းပေးနိုင်ပါတယ်။

စက်ရုပ်အရှေ့မှာ တပ်ဆင်ထားတဲ့ မှန်ဘီလူးတွေကလည်း မျက်လုံးလိုမျိုး အလုပ်လုပ်နိုင်တဲ့အပြင် ပတ်ဝန်းကျင်မှာရှိနေတဲ့ အတိုင်းအတာနဲ့ အတားအဆီးကိုပါ ဆန်းစစ် တွက်ချက်ပေးနိုင်ပါတယ်။

ကင်မ်က “ကျနော့်သားကို ပြောပြလိုတာဟာ အရင်တုန်းက အဖေလည်း လမ်းလျှောက်နိုင်ခဲ့တယ် ဆိုတာကိုပါ။ သားနဲ့အတူ ကွဲပြားခြားနားတဲ့ အတွေ့အကြုံတွေ မျှဝေပေးချင်ပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။

Source : Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013