DVB Logo
Home
မြန်မာသတင်း
ဂွမြို့နယ်တွင် မြေမြှုပ်မိုင်းနင်းမိပြီး အရပ်သား ၂ ဦး ပြင်းထန်ဒဏ်ရာရ
DVB
·
December 23, 2024
ဂွမြို့နယ်တွင် မြေမြှုပ်မိုင်းနင်းမိပြီး အရပ်သား ၂ ဦး ပြင်းထန်ဒဏ်ရာရ
Donate to DVB

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်မှာ ဒီဇင်ဘာ ၁၇ ရက်နဲ့ ၁၈ ရက်က အမျိုးသားတယောက်နဲ့ အမျိုးသမီးတယောက် စစ်ကောင်စီတပ် ထောင်ထားခဲ့တဲ့ မြေမြှုပ်မိုင်းနင်းမိပြီး ၂ ယောက်လုံးမှာ ခြေထောက်ပြတ်တဲ့အထိ ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိခဲ့ကြတယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေတဲ့ အာရက္ခပျိုးခင်း-သံတွဲ အဖွဲ့က ထုတ်ပြန်ပါတယ်။

ဒဏ်ရာရရှိခဲ့သူတွေဟာ ဂွမြို့နယ်၊ ကုလားပြင်ကျေးရွာက မစိုးမိုးစံ (၃၀ နှစ်) နဲ့ ဂွမြို့နယ်၊ ဂျိုင်ကောက်ကျေးရွာက ဦးကျော်စိုးလွင် (၄၇ နှစ်) တို့ဖြစ်ကြပြီး သူတို့ ၂ ယောက်လုံးဟာ လယ်ကွင်းတွေမှာ နင်းမိကြတာဖြစ်ပါတယ်။

ဒီဇင်ဘာ ၁၇ ရက်က လယ်ရိတ်ရင်း မြေမြှုပ်မိုင်းနင်းမိတဲ့ မစိုးမိုးစံမှာ ညာဘက်ခြေ ပြတ်တောက်သွားခဲ့ပြီး ဒီဇင်ဘာ ၁၈ ရက်က နွားလှန်နေစဉ် မိုင်းနင်မိတဲ့ ဦးကျော်စိုးလွင်လည်း ဘယ်ဘက်ခြေ ပြတ်တောက်သွားခဲ့ကာ လက်ရှိမှာ ၂ ယောက်စလုံး ဆေးကုသမှု ခံယူနေကြရ ပါတယ်။

အခုမိုင်းနင်းမိခဲ့ကြတဲ့ ကျေးရွာတွေဟာ စစ်ကောင်စီက အထိုင်ချ တပ်စွဲနေထိုင်ခဲ့တဲ့ ကျေးရွာတွေဖြစ်ပြီး စစ်ကောင်စီက အာရက္ခတပ်တော် (AA) ထိုးစစ်ကို ကြောက်ပြီးတော့ မြေမြှုပ်မိုင်းတွေ နေရာတိုင်းမှာ ထောင်ထားခဲ့တာလို့ ဂွမြို့မှ စစ်ဘေးရှောင်နေရတဲ့ အမျိုးသားတယောက်က ပြောပါတယ်။

“ဂွမှာ ဒီရက်ပိုင်း အမျိုးသားတဦးနဲ့ အမျိုးသမီးတဦး မိုင်းထိပြီးတော့ အပြင်းအထန် ထိခိုက်သွားတယ်လို့ သိထားရတယ်။ အခု မိုင်းထိခိုက်ကြတဲ့ ကျေးရွာတွေက စစ်ကောင်စီတပ်က လနဲ့ချီ အထိုင်ချနေထိုင်ခဲ့တဲ့ ကျေးရွာတွေဖြစ်ပြီး စစ်ကောင်စီက AA ရဲ့ ထိုးစစ်တွေ ကြောက်ပြီးတော့ မိုင်းတွေကို လက်လွတ်စပယ် ထောင်ထားခဲ့တာကြောင့် အခုလို ပြည်သူတွေ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြတာဖြစ်တယ်။”

ဂွတိုက်ပွဲအတွင်းမှာ စစ်ကောင်စီထောင်ထားခဲ့တဲ့ မြေမြှုပ်မိုင်းတွေကြောင့် အရပ်သား သေဆုံးသူ တယောက်နဲ့ ထိခိုက်ဒဏ်ရာရှိသူ ၅ ယောက်အထိ ရှိလာပြီး စစ်ကျန်လက်နက်နဲ့ မြေမြှုပ်မိုင်းတွေအတွက် အသိပညာပေးမှုတွေ ပြုလုပ်နေတယ်လို့ အာရက္ခပျိုးခင်းက ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

လက်ရှိမှာ အာရက္ခတပ်တော်က ဂွမြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေပြီး မြို့ရဲ့ ၃ ပုံ ၂ ပုံခန့်ကို ထိန်းချုပ်ထားပြီဖြစ်တယ်လို့ ဒီဇင်ဘာ ၂၁ ရက်မှာ AA က ထုတ်ပြန်ခဲ့ပါတယ်။

ဂွမြို့နယ်အတွင်းမှာ အာရက္ခတပ်တော်က ဩဂုတ်လကတည်းက ထိုးစစ်ဆင် တိုက်ခိုက်နေတာဖြစ်ပြီး လက်ရှိမှာ ဂွမြို့အခြေစိုက် စစ်ကောင်စီတပ်ရင်းတွေဖြစ်ကြတဲ့ ခမရ ၅၆၂၊ ခမရ ၅၆၃ တပ်ရင်းတွေကို ထိုးစစ်ဆင် တိုက်ခိုက်နေဆဲဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013