DVB Logo
Home
မြန်မာသတင်း
ပေါက်တောနှင့်ဂွကို စစ်တပ်ဗုံးကြဲ၊ ၁ ဦး သေဆုံးပြီး ၃ ဦးဒဏ်ရာရ
DVB
·
September 21, 2026
Photo : Social
Photo : Social
Donate to DVB

ရခိုင်ပြည်နယ်၊ ပေါက်တော(ခ)ဝီရဌာနီမြို့နယ်နဲ့ ဂွမြို့နယ်ကို စက်တင်ဘာ ၂၁ ရက် ဒီနေ့ စစ်တပ်ကဗုံးကြဲလို့ ၁ ယောက် သေဆုံးပြီး ၃ ယောက် ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ပေါက်တောမြို့မှာ သေဆုံးသွားသူကတော့ ဒေါ်ဝင်းမြတ်အေး  အသက် ၃၀ ကျော်အရွယ်ဖြစ်ပြီး ဒေါ်အေးခင်သိန်း အသက် ၄၀ ကျော်အရွယ်မှာ ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ပေါက်တောမြို့နယ်၊ တောင်ဖူးတောင်ညိုဘုရားရှိတဲ့ တောင်ဖူးရွာနဲ့ဘုရားဝန်းကျင်ကို ဒီကနေ့ စက်တင်ဘာ ၂၁ ရက် မနက်အစောပိုင်း ၁ နာရီကျော်နဲ့ မနက်အရုဏ်တက်အချိန် ၅ နာရီကျော်မှာ စစ်တပ်က ဂျက်ဖိုက်တာနဲ့ဗုံးကြဲခဲ့လို့ သေဆုံး ဒဏ်ရာရခဲ့တာလို့ ဝီရဌာနီဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။

“မနေ့က ည သန်းခေါင်းယံ ၁ နာရီကျော်မှာ တခါလာကြဲတယ်။ အရုဏ်တက်အချိန်မှာ တခါလာကြဲပါတယ်။ ပေါင် ၅၀၀ ဗုံးနဲ့ကြဲလို့ တယောက်သေ တယောက် ဒဏ်ရာရပါတယ်။ အိမ်တချို့ပျက်စီးသွားတယ်။ ဘုရားသိမ်တွေလည်း ပျက်စီးသွားတယ်။ ဆင်းတုတော်တွေလည်း ပျက်စီးသွားပါတယ်။” 

ပေါက်တောမြို့နယ်ဟာ စစ်တွေနဲ့တဘက်တကမ်းမှာရှိပြီး စစ်တပ်ရဲ့ ကြည်း၊ ရေ၊ လေကြောင်းကနေ မကြာခဏ တိုက်ခိုက်ခံရတာကြောင့် ဒေသခံအများစု စစ်ဘေးရှောင်နေရတယ်လို့  သဲခုံကျေးရွာဒေသခံအမျိုးသမီးတယောက်က ပြောပါတယ်။

“ကျမတို့အခု ကိုယ့်အိမ်ကိုမပြန်ရဲသေးလို့ မပြန်သေးပါဘူး။  ပေါက်တောမှာ တိုက်ပွဲဖြစ်ကတည်းက စစ်ရှောင်နေတာပါ။ ရွာကို တခါပြန်ဖူးပေမဲ့ နေဗီက လက်နက်ကြီးကျည်ပစ်တယ်။ စစ်တွေကနေ လက်နက်ကြီးကျည်လှမ်းပစ်တယ်။ တခါတလေ လေကြောင်းဗုံးလာကြဲလို့ မနေရဲလို့ ပြန်ပြီးစစ်ရှောင်နေရပါတယ်။" 

အလားတူ ဂွမြို့နယ်၊ ဆပ်သွားကျေးရွာကို ဂျက်ဖိုက်တာတစီးနဲ့ ဒီနေ့ ဗုံးလာကြဲတာကြောင့် ကလေးတယောက်အပါအဝင် ၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ တာဝန်ရှိသူတယောက်က ပြောပါတယ်။

“မနက် ၁၁ နာရီကျော်မှာ လာပစ်တာ ကံကောင်းလို့ ကားလမ်းထက်ကျတယ်။ ကလေးတယောက်နဲ့ လူကြီးတယောက် ဒဏ်ရာရထားတယ်လို့ ကနဦး သိထားရပါတယ်” လို့ အတည်ပြုပြောပါတယ်။

စက်တင်ဘာ ၂၀ ရက် မနေ့မနက်ပိုင်းကလည်း  ရသေ့တောင်မြို့နယ်၊ မိုးစဲကျွန်းဒေသ ဇီးကိုင်း ကျေးရွာကို  စစ်တပ်က လက်နက်ကြီးပစ်ခတ်ခဲ့တာကြောင့် သားအမိနှစ်ယောက်သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013