
ရခိုင်ပြည်နယ်၊ သံတွဲနဲ့ ဂွမြို့နယ်တို့ကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့လို့ တယောက်သေဆုံး၊ ၂၂ ယောက် ဒဏ်ရာရတယ်လို့ အာရက္ခတပ်တော် (AA) က ထုတ်ပြန်ပါတယ်။
ဩဂုတ် ၂၁ ရက် ညပိုင်းနဲ့ မနက်အစောပိုင်းမှာ သံတွဲနဲ့ ဂွမြို့နယ်ကို စစ်တပ်က လေကြောင်းကနေ ထပ်ပြီး တိုက်ခိုက်ခဲ့တာပါ။
သံတွဲမြို့နယ်၊ ငပလီမြို့ကို ဩဂုတ် ၂၁ ရက် မနက်အစောပိုင်း အများပြည်သူတွေ အိပ်မောကျနေချိန်မှာ ဂျက်တိုက်လေယာဉ် ၈ စင်း၊ Y-12 တစင်း၊ Y-8 တစင်း၊ စုစုပေါင်း လေယာဉ် ၁၀ စင်းနဲ့ ၁ နာရီကျော်ကြာ ဗုံးအလုံးရေ ၁၀၀ ကျော် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
နိုင်ငံရေးစောင့်ကြည့်သူ ရခိုင်အမျိုးသားတယောက်က “တနိုင်ငံနဲ့တနိုင်ငံဖြစ်နေတဲ့ စစ်မှာတောင် ဒီလောက်လေယာဉ်အုပ်စုနဲ့ လာလို့ ဗုံးမကြဲ၊ အခုက ပြည်တွင်းစစ်မှာတောင် ပြည်သူကိုငဲ့ညှာမှုမရှိဘဲ ဒီလောက်ရက်စက်ယုတ်မာသတ်နေတော့ ရခိုင်လူမျိုးတွေအနေနဲ့ သူတို့ရဲ့ ရက်စက်မှုတွေဟာ ရင်ထဲမှာအမြဲရှိသွားမှာပါ” လို့ ပြောပါတယ်။
လေယာဉ်အုပ်စုလိုက်နဲ့ ဗုံးအလုံးရေ ၁၀၀ ကျော် ကြဲချခဲ့တဲ့အတွက် ငပလီမြို့မှာ စစ်ဘေးရှောင်နေတဲ့ အရပ်သားပြည်သူတယောက် သေဆုံးခဲ့ပြီး ၁၄ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ AA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တိုက်ခိုက်မှုဟာ ဩဂုတ် ၂၁ ရက် မနက် ၁ နာရီ ၅၇ မိနစ်ကနေ ၃ နာရီ ၁၈ မိနစ်အထိ တနာရီကျော်ကြာခဲ့တယ်လို့ ဆိုပါတယ်။
ဩဂုတ် ၂၁ ရက် မနက် ၅ နာရီလောက်မှာလည်း ဂွမြို့နယ်၊ ညောင်ချောင်းကျေးရွာကို ဂျက်တိုက်လေယာဉ်တစင်းနဲ့ ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
မနက် ၅ နာရီ ၁ မိနစ်မှာ ညောင်ချောင်းကျေးရွာ အထက်တန်းစာသင်ကျောင်းကို ပေါင် ၅၀၀ ဗုံးတလုံး ကြဲချခဲ့လို့ စာသင်ကျောင်းအတွင်း ခေတ္တစစ်ဘေးရှောင်နေတဲ့ အရပ်သား ၇ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စာသင်ကျောင်းဆောင်တဆောင်လုံးလည်း ပျက်စီးသွားခဲ့ပါတယ်။
နောက်ထပ် မနက် ၅ နာရီ ၅ မိနစ်မှာတော့ ညောင်ချောင်းကျေးရွာရှိ ဓမ္မရက္ခိတဘုန်းကြီးကျောင်းကို ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သားတယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဘုန်းကြီးကျောင်းဆောင်တွေအပြင် အနီးအနားက ပြည်သူတွေရဲ့ နေအိမ် ၃ လုံးနဲ့ ပိုင်ဆိုင်မှုတချို့ ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အခုလို အရပ်သားပြည်သူတွေ နေထိုင်တဲ့နေရာတွေအပေါ် လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ဖြစ်ပွားနေတာကြောင့် အရပ်သားသေဆုံးမှုနဲ့ ထိခိုက်ဒဏ်ရာရရှိမှုတွေ၊ နေအိမ်နဲ့ အဆောက်အအုံတွေ ပျက်စီးဆုံးရှုံးမှုတွေ ပိုများလာနေပြီး ပြည်သူတွေအနေနဲ့ လေကြောင်းနဲ့ ရေကြောင်းကနေ ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေကို အထူးသတိထားကြဖို့ လိုအပ်တယ်လို့ AA က တိုက်တွန်းထားပါတယ်။











