DVB Logo
Home
နိုင်ငံတကာ
နယူးယောက် မြေအောက်ရထားပေါ်တွင် အမျိုးသမီး ၁ ဦး မီးရှို့သတ်ခံရ
DVB
·
December 23, 2024
နယူးယောက် မြေအောက်ရထားပေါ်တွင် အမျိုးသမီး ၁ ဦး မီးရှို့သတ်ခံရ
Donate to DVB

နယူးယောက် မြေအောက်ရထားပေါ်မှာ ခရီးသည် အမျိုးသမီးတယောက်ကို မီးရှို့သတ်ဖြတ်ခဲ့တဲ့ သံသယရှိသူကို ဖမ်းမိပြီလို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ဒီဇင်ဘာ ၂၂ ရက် မနက် ၇ နာရီခွဲလောက်မှာ သံသယရှိသူဟာ ရထားတွဲထဲမှာ အမျိုးသမီးတယောက်ဆီ ချဉ်းကပ်လာပြီး တမင်တကာ မီးရှို့ကာ ထွက်ပြေးသွားခဲ့တယ်လို့ နယူးယောက်ရဲဌာန (NYPD) က ထုတ်ပြန်ပါတယ်။

ဖြစ်စဉ်မှာ သံသယရှိသူနဲ့ သေဆုံးသူတို့ဟာ ဘရွတ်ကလင်းက စတီးဝဲလ်ရိပ်သာလမ်းအထိ ပြေးဆွဲတဲ့ F ရထားကို စီးနင်းလာခဲ့ကြတာ ဖြစ်ပါတယ်။

သေဆုံးသူရဲ့ အဝတ်အစားတွေကို သံသယရှိသူက မီးခြစ်နဲ့  မီးရှို့ခဲ့ပြီး စက္ကန့်ပိုင်းအတွင်း လုံးဝလောင်ကျွမ်းသွားတာဖြစ်တယ်လို့ ရဲမင်းကြီး ဂျက်ဆီကာ တစ်ရှ်က ပြောပါတယ်။

ရဲတွေက ညှော်နံ့နဲ့ မီးခိုးတွေ တွေ့ရလို့ သွားကြည့်တဲ့အခါ မီးရှို့ခံရတဲ့ အမျိုးသမီးကို တွေ့ရတာဖြစ်ပြီး မီးငြှိမ်းသတ်ခဲ့ကြပေမဲ့ အသက်မမီခဲ့ပါဘူး။

မီးလောင်တဲ့အမျိုးသမီးကို သွားကြည့်ချိန်မှာ သံသယရှိသူဟာ အဲဒီရထားတွဲရဲ့ အပြင်က ပလက်ဖောင်းပေါ်က ခုံတန်းမှာ အေးအေးလူလူ ထိုင်နေခဲ့ပြီး ရဲတွေရဲ့ ကိုယ်တပ်ကင်မရာမှာ သူ့ပုံတွေကိုပါ ထင်ထင်ရှားရှား မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ အဲဒီအချိန်မှာ ကျူးလွန်သူမှန်း ရဲတွေက မသိခဲ့ကြပါဘူး။

မီးရှို့ခံရချိန်မှာ အဲဒီအမျိုးသမီးဟာ အိပ်ပျော်နေသလား ဘာကြောင့်လဲ မသိပေမဲ့ မလှုပ်မရှက် ဖြစ်နေခဲ့တယ်လို့ ဆိုပါတယ်။

ရထားတွဲထဲက ဗီဒီယိုကို ပြန်ကြည့်လိုက်တော့မှ အမျိုးသမီးခြုံထားတဲ့ စောင်ကို မီးတင်ရှို့ခဲ့သူဟာ အစောပိုင်းက ခုံတန်းမှာ ထိုင်နေသူဖြစ်မှန်း သိခဲ့ရတာဖြစ်ပါတယ်။

ကျူးလွန်သူ ဘယ်သူလဲ သိချိန်မှာတော့ ရှိမနေတော့တဲ့အတွက် ရဲအရာရှိတွေရဲ့ ကိုယ်တပ်ကင်မရာနဲ့ လုံခြုံရေးကင်မရာ မှတ်တမ်းတွေက ပုံတွေကို အများသိအောင် ထုတ်ပြန်ပေးခဲ့ပြီး လိုက်လံရှာဖွေခဲ့ပါတယ်။

တွေ့ရှိတဲ့ အထက်တန်းကျောင်းသား ၃ ယောက်က ရဲကို သတင်းပို့တဲ့အတွက် အခင်းဖြစ်ပြီး ၈ နာရီအကြာမှာ  မန်ဟက်တန်၊ ဟာရဲလ်စကွဲက နောက်ထပ်ရထားတစီးပေါ်မှာ သံသယရှိသူကို ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။

ရဲတွေက ဒီဖြစ်စဉ်ကို လူသတ်မှုအဖြစ် စုံစမ်းစစ်ဆေးနေပြီး သေဆုံးသူရဲ့အမည်ကို မသိရသေးပါဘူး။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013