DVB Logo
Home
မြန်မာသတင်း
စစ်သား ၂ ဦးနှင့် ရဲ ၂ ဦး CDF ထံ အလင်းဝင်
DVB
·
December 22, 2024
စစ်သား ၂ ဦးနှင့် ရဲ ၂ ဦး CDF ထံ အလင်းဝင်
Donate to DVB

ချင်းပြည်နယ်၊ တီးတိန်မြို့မှာတာဝန်ကျနေတဲ့  စစ်ကောင်စီလက်အောက်ခံ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ CDF ဆီကို အလင်းဝင်လာကြတယ်လို့ CDF Civic Defense Militia (CDF CDM SIYIN) က ဒီဇင်ဘာ ၂၁ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

CDF CDM SIYIN ရဲ့ ပြန်ကြားရေးတာဝန်ခံက “တီးတိန်မြို့မှာတာဝန်ကျနေတဲ့ စစ်သား ၂ ယောက်နဲ့ ရဲ ၂ ယောက်တို့ အလင်းဝင်လာကြတာဖြစ်ပါတယ်” လို့ ပြောပါတယ်။

အလင်းဝင်ရောက်လာကြသူတွေဟာ ဖလမ်းမြို့အခြေစိုက် ခလရ ၂၆၈ တပ်ရင်းက အသက် ၂၃ နှစ်အရွယ် စစ်ပိုင်ဖြိုး နဲ့ အသက် ၂၇ နှစ်အရွယ် ရာဇာထက်၊ တီးတိန်မြို့မရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေဖြစ်ကြတဲ့ အသက် ၂၅ နှစ်အရွယ် အောင်ပြည့်ဖြိုး နဲ့ အသက် ၃၀ အရွယ် ဒါလ်းဒုံးလျန် တို့ဖြစ်ကြတယ်လို့ ဆိုပါတယ်။

CDF CDM SIYIN စစ်ဦးစီးချုပ် ထောင်းပူ က “သူတို့ ၄ ယောက်ထဲမှာ ၃ ယောက်က ကျနော်တို့ဆီကိုရောက်နေတာ ၃ လလောက်ရှိပြီ။ အဲဒီ ၃ ယောက်ဆီကို ဆက်သွယ်ပြီး နောက် ၁ ယောက်က ထပ်ပြီး အလင်းဝင်လာတာဖြစ်ပါတယ်။ သူ့ကိုတော့ မြို့ထဲအထိ သွားခေါ်ခဲ့ရတာပေါ့။ အခွင့်အရေးရလို့ လက်နက်ပါလာတယ်။ ကျန်တဲ့ ၃ ယောက်ကတော့ လက်နက်ပါမလာကြဘူး။ အခုတော့ သူတို့ သွားချင်တဲ့နေရာတွေကို ပို့ပေးထားတယ်။ ဘယ်မှမသွားချင်ဘူးဆိုရင်တော့ နောက်တန်းတနေရာမှာပဲ နေကြတယ်။ နောက်ထပ် အလင်းဝင်ချင်တဲ့သူတွေကိုလည်း သူတို့ကတဆင့် ဆက်သွယ်ပေးနေတယ်။ စစ်တပ်အောက်ကနေ စွန့်ခွာချင်တဲ့သူတွေ အားလုံးကိုလည်း လက်ခံကြိုဆိုနေပါတယ်။ အလင်းမဝင်ဘဲ ကျန်နေတဲ့သူတွေလည်း နောက်ဆုံးကျ ကျနော်တို့နဲ့ တွေ့ရမှာပါပဲ” လို့ DVB ကို ပြောပါတယ်။

အလင်းဝင်ရောက်လာသူတွေထဲမှာ စစ်ကောင်စီတပ်သား စစ်ပိုင်ဖြိုး ဟာ သေနတ် ၁ လက်နဲ့ ကျည်တွေနဲ့အတူ အလင်းဝင်ရောက်လာတာ ဖြစ်တဲ့အတွက် ဆုကြေးငွေ သိန်း ၁၀၀ ချီးမြှင့်နိုင်ဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့လည်း သူက ဆက်ပြောပါတယ်။

ချင်းပြည်နယ်ထဲမှာ ချင်းညီနောင်တပ်ဖွဲ့တွေက Operation CB အဖြစ် ဖလမ်းမြို့နဲ့ မင်းတပ်မြို့တွေမှာ မြို့သိမ်းတိုက်ပွဲတွေ ဖော်ဆောင်နေပြီး တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅၀ နီးပါး လက်နက်ချ အညံ့ခံထားတယ်လို့လည်း သိရပါတယ်။

ချင်းညီနောင်တပ်ဖွဲ့တွေဟာ ချင်းပြည်နယ်အတွင်းက မြို့နယ် ၁၂ မြို့နယ်ကို  သိမ်းပိုက်ရရှိထားပြီး ထန်တလန်၊ ဟားခါး၊ တီးတိန် နဲ့ ကန်ပက်လက်မြို့နယ်က စစ်ကောင်စီတပ်စခန်းတွေကို ဆက်လက်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013