
မကွေးတိုင်း၊ စလင်းမြို့နယ်ထဲမှာ တိုက်ပွဲတွေပြင်းထန်နေတဲ့အတွက် စလင်းမြို့နယ်ထဲက လမ်းပိုင်းတွေကို ဒီဇင်ဘာ ၂၀ ရက်ကစပြီး Local PDF က သွားလာခွင့်ယာယီပိတ်ပင်လိုက်တယ်လို့ သိရပါတယ်။
စလင်းမြို့နယ်အတွင်းက ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တယောက်က “စလင်းမြို့နယ်ထဲမှာ စစ်တပ်စစ်ကြောင်းနဲ့ ကျနော်တို့ Local PDF တွေ တိုက်ပွဲပြင်းထန်နေလို့ သူတို့ရဲ့ အဓိကလမ်းကြောင်းဖြစ်တဲ့ ဆင်ဖြူကျွန်း-တညောင်-စလင်းလမ်းပိုင်းကို ယာယီသွားလာခွင့် ပိတ်ပင်လိုက်ရတာဖြစ်ပါတယ်ဗျ” လို့ ပြောပါတယ်။
အဲဒီလမ်းပိုင်းတွေကိုပိတ်ပင်ထားချိန်အတွင်း ဒေသခံပြည်သူတွေအနေနဲ့ ကျန်းမာရေးအပြင် တခြားရေးကြီးတဲ့ကိစ္စတွေနဲ့ လမ်းအသုံးပြုလိုကြရင် ဒေါင်းစစ်အောင် Local PDF ဆီကို ကြိုတင်ဆက်သွယ်အကြောင်းကြားနိုင်တယ်လို့လည်း ဆိုပါတယ်။
Local PDF အဖွဲ့ဖြစ်တဲ့ ဒေါင်းစစ်အောင် LPDF ရဲ့ တာဝန်ခံ ကိုထူးလေး က “စလင်းမြို့နယ်ထဲက တညောင်တိုက်နယ်ထဲကို စစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်တာတွေလုပ်နေတယ်။ စစ်ကြောင်းလည်း ထိုးနေတယ်ဗျ။ နောက်ပြီးတော့လည်း တညောင်နဲ့ ဆင်ဖြူကျွန်းကြားမှာလည်း စစ်တပ်စစ်ကြောင်းတွေနဲ့ တိုက်ပွဲတွေက ဆက်တိုက်ဖြစ်နေတယ်။ သူတို့ဘက်က အရပ်သားကားတွေ သုံးပြီးတော့လည်း ရိက္ခာ လက်နက်နဲ့ လူအင်အားတွေပို့နေတယ်ဆိုတာ စစ်ဆေးတွေ့နေရတယ် ဆိုတော့ တိုက်ပွဲတွေကဆက်ပြီးလည်း ဖြစ်လာနိုင်တယ်။ အဲဒီလမ်းတွေပေါ်မှာ တိုက်ပွဲတွေက ဆက်တိုက်ဖြစ်နေတာကို ပြည်သူတွေကလည်း မဆင်မခြင်သွားလာနေကြတယ်။ တိုက်ပွဲတွေကြားထဲမှာ ပြည်သူတွေထိခိုက်မှုဖြစ်သွားရင် ကျနော်တို့ကိုပဲ အပြစ်ပြောကြမှာလေ။ အဲ့ဒါကြောင့်မို့ ပြည်သူတွေမထိခိုက်စေချင်တာကြောင့် အခုလိုပိတ်ပင်လိုက်ရတာဖြစ်ပါတယ်ဗျ” လို့ DVB ကိုပြောပါတယ်။
အခု ပိတ်ပင်ထားတဲ့ ဆင်ဖြူကျွန်း-တညောင်-စလင်းလမ်းပိုင်း ပြန်လည်အသုံးပြုနိုင်မယ့်အချိန်ကို ထပ်မံကြေညာပေးသွားမှာဖြစ်တယ်လို့လည်း သူကဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၁ ရက်နေ့ကစတင်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၂ဝဝ နီးပါးပါဝင်တဲ့ စစ်ကောင်စီစစ်ကြောင်းဟာ စလင်းမြို့နယ်၊ တညောင်တိုက်နယ်ထဲကကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်ပြီး ကျေးရွာတွေကိုမီးရှို့ဖျက်ဆီးနေတဲ့အတွက် ဒေသခံပြည်သူ ထောင်ချီပြီး နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့လည်း ဒေသခံတွေဆီကနေ သိရပါတယ်။











