
ကရင်နီ (ကယား)ပြည်နယ်၊ ဖားဆောင်းမြို့နယ်ထဲက မော်ချီးဘက်သွားတဲ့ ကားလမ်းပိုင်းကို အသေးစား ပြင်ဆင်ထိန်းသိမ်းမှုတွေ ပြုလုပ်မှာဖြစ်လို့ ယာယီပိတ်ပင်ထားတယ်လို့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) က အသိပေးထားပါတယ်။
ကရင်နီပြည်ရဲ့ အဓိက ကုန်စည်စီးဆင်းရာ လမ်းကြောင်းတခုဖြစ်တဲ့ မော်ချီးကားလမ်းကြောင်းဟာ မိုးအဝင်စောတာကြောင့် လမ်းပျက်စီးနေပြီး အဲဒီလမ်းပိုင်းကို အသေးစား မွမ်းမံထိန်းသိမ်းမှုတွေ ပြုလုပ်ဖို့အတွက် လမ်းကြောင်းကို ယာယီပိတ်ပင်ထားတယ်လို့ IEC အတွင်းရေးမှူး (၂) ဗညားခွန်အောင်က ပြောပါတယ်။
ကျန်းမာရေး၊ စစ်ရေးနဲ့ အုပ်ချုပ်ရေးဆိုင်ရာ သွားလာမှုတွေကို ခွင့်ပြုထားပေမဲ့ မလိုအပ်တဲ့ စီးပွားရေးနဲ့ တခြားသွားလာမှုတွေကိုတော့ ယာယီပိတ်ထားတာလို့ IEC ဘက်က ဆိုထားပြီး ဘယ်နှရက်အထိ ပိတ်ထားမယ်ဆိုတာတော့ မသိရသေးပါဘူး။
IEC အတွင်းရေးမှူး ၂ ဗညားခွန်အောင်က “ရာသီဥတုအတွက်ကြောင့်ပါ။ အထူးသဖြင့် ရာသီဥတုက အခုနှစ်က မိုးအဝင်စောတော့ လမ်းတော်တော်ပျက်သွားတယ်။ အဲဒါကြောင့် အဲဒါကို အသေးစားပေါ့ နည်းနည်းပါးပါး ပြန်ပြီးတော့ မွမ်းမံထိန်းသိမ်းဖို့အတွက် ရှိပါတယ်။ အဲဒီပေါ်မှာ အခြေခံပြီးတော့ တချို့ခရီးလမ်းပိုင်းကိုတော့ ပိတ်ပင်ထားပါတယ်။ တချို့ယာဥ်တွေ မပြေးဆွဲဖို့အတွက်ပေါ့။ ဒါပေမဲ့ လိုအပ်ချက်အရဖြစ်တဲ့ ပညာရေး၊ ကျန်းမာရေး၊ အုပ်ချုပ်ရေးနဲ့ စစ်ရေးအရ သွားလာမှုကိုတော့ ကျနော်တို့က ဘာမှပြောစရာမရှိပါဘူး၊ ခွင့်ပြုထားပါတယ်။ လူထု စားဝတ်နေရေးအတွက်လည်း သွားလို့ရပါတယ်။ အဓိက တကူးတက ကျနော်တို့ မလိုအပ်ဘဲ တကူးတက စီးပွားရေးလုပ်ငန်းအရ သို့တည်းမဟုတ် တချို့သော ကိစ္စရပ်တွေကို သွားလာခွင့် ယာယီပိတ်ထားခြင်း ဖြစ်ပါတယ်။ ကာလတခုပါပဲ” လို့ ပြောပါတယ်။
ဒါပေမဲ့ IEC ရဲ့ အဆိုပါ လမ်းပြင်ဆင်မှုဟာ မိုးမကျမီကတည်းက စနစ်တကျ ကျောက်တန်း၊ ကျောက်ချစနစ်နဲ့ မဟုတ်ဘဲ အခုလို မိုးရွာချိန်မှ အသေးစား မြေသားဖာထေးနေတာဟာ ရေရှည်အတွက် ထိရောက်မှုမရှိဘူးလို့ မော်ချီးဘက်ကို လမ်းကြောင်းပြေးဆွဲနေတဲ့ လိုင်းကားမောင်းသူတွေက ထောက်ပြဝေဖန်ကြပါတယ်။
မော်ချီး ကားလမ်း ကားပြေးဆွဲနေသူတယောက်က “ပွင့်ပွင့်လင်းလင်း ပြောရင်တော့ ပိုက်ဆံကုန်သွားတာပဲ ဖြစ်မယ်ထင်တယ်။ ဘာလို့လဲဆို အစောကတည်းက ပြင်ဆင်ရမဲ့ နေရာပေါ့နော်။ ပြီးရင် ဘယ်လိုပြောရမလဲ၊ ကျောက်တန်း ချကိုချမှပဲ အဆင်ပြေမဲ့နေရာမျိုး ဖြစ်နေတဲ့အတွက်ကြောင့် အခုချိန်မှ သွားလုပ်လိုက်တော့ ပိုက်ဆံပိုကုန်တာပဲ မြင်မှာပေါ့။ ပြင်ပြီးတော့လည်း သွားမှမရတာ။ ဒီနေရာက မိုးရာသီက မဖြစ်နိုင်တဲ့ နေရာမှန်း ကြိုသိတယ်။ ကြိုသိရဲ့သားနဲ့ မလုပ်ကြဘူး။ အခုချိန်မှ သွားလုပ်တော့ ခုနကပြောသလိုပဲ ပိုက်ဆံ အလကားကုန်တာပဲ အဖတ်တင်တယ်။ ဒီလမ်းကို ကောင်းကောင်းမွန်မွန်နဲ့ ဖြတ်သန်းလို့ရဖို့ဆိုရင် ဒီမိုးရာသီ မတိုင်ခင် အစောကတည်းက ကျောက်တန်းတွေချမှ အဆင်ပြေတာပေါ့” လို့ ပြောပါတယ်။
မော်ချီးဒေသတွင်းမှာတော့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ လမ်းခရီးအခက်အခဲတွေကြောင့် အခြေခံစားသောက်ကုန် ကုန်ဈေးနှုန်းတွေ ထိုးတက်သွားနေပြီး တခြားတဖက်မှာလည်း ဒေသထွက် ခဲဈေးနှုန်းတွေ ထိုးကျနေတာကြောင့် စားဝတ်နေရေး ပိုမိုကျပ်တည်းလာတယ်လို့ မော်ချီးဒေသခံတယောက်က ပြောပါတယ်။
“ဈေးတွေက အရင်ကထက် ပိုကြီးလာတယ်။ ဆန်တအိတ်ကို ၅ သိန်းခွဲအထိ ဖြစ်လာနေပြီ။ စီးပွားရေးက ပုံမှန်အတိုင်းပဲ လုပ်နေရတယ်။ ကုန်ဈေးနှုန်းတက်ပြီးတော့ ခဲဈေးက ထိုးကျသွားလိုက် ကျန်တဲ့ဟာတွေ အကုန်လုံးက ပုံမှန်ပါပဲ။ ကုန်ဈေးနှုန်းနဲ့ ပတ်သက်တာ အကုန်လုံးက အကျဆိုတာ မရှိဘူး။ တော်တော်များများ ဈေးကြီးပေးပြီး ဝယ်သုံးနေရတာ များတယ်။ ခဲဈေးကလည်း ပုံမှန်မရှိဘူး၊ ကျရင်လည်း လုံးဝထိုးကျသွားတာ၊ အဲဒီလိုမျိုး တခါတလေကျရင် ဝယ်တဲ့သူတောင် မရှိဘူး၊ အဲဒီလိုဖြစ်သွားတာ။”
ဒေသခံတွေနဲ့ လမ်းကြောင်းအသုံးပြုနေသူ အများစုက IEC အနေနဲ့ အသေးစား ဖာထေးမှုတွေ လမ်းကြောင်းတွေ ပိတ်နေတာထက် ပြည်သူတွေရဲ့ စားဝတ်နေရေးနဲ့ ကုန်စည်စီးဆင်းမှု လွယ်ကူစေဖို့ အစီအစဥ်တခု သတ်မှတ်ဖို့ ဒါမှမဟုတ် ပွင့်လင်းရာသီမှာ ရေရှည်ခိုင်ခံ့မဲ့ လမ်းပြင်ဆင်မှုတွေကို စနစ်တကျ လုပ်ပေးဖို့ တောင်းဆိုနေကြပါတယ်။











