
ဂျာမနီနိုင်ငံအလယ်ပိုင်း မဂ်ဒေဘုဂ်မြို့မှာ ဒီဇင်ဘာ ၂၀ ရက်က ခရစ္စမတ် ဈေးရောင်းပွဲ တခု အတွင်း လူအုပ်ထဲကို ကားတစီး ဝင်တိုက်ခဲ့တာကြောင့် လူ ၂ ဦးထက်မနည်း သေဆုံးပြီး အနည်းဆုံး ၆၀ လောက် ဒဏ်ရာရရှိခဲ့ကာ ပြစ်မှုကျူးလွန်တဲ့ သံသယရှိသူ ဆော်ဒီအာရေဗျမှ ဆရာဝန် တယောက်ကို ဖမ်းဆီးထားကြောင်း ဆက်ခ်စနီ အန်ဟော့လ်ထ် ပြည်နယ်၀န်ကြီးချုပ် ရိုင်းနား ဟာဆေလော့ဖှ် က ပြောပါတယ်။
သေဆုံးသူတွေထဲမှာ တယောက်ဟာ ကလေးငယ်ဖြစ်တယ်လို့ ဆိုပါတယ်။
ရဲတပ်ဖွဲ့ကတော့ သံသယရှိသူဟာ ဒီလုပ်ရပ်ကို တကိုယ်တော် ကျူးလွန်ခဲ့တယ်လို့ ပြောကြား ခဲ့ပါတယ်။
မျက်မြင်သက်သေတွေက ကားဟာ ဈေးပွဲတော်ရှိ လူအုပ်ထဲကို မြို့တော်ခန်းမရဲ့ လမ်းကြောင်း အတိုင်း တည့်တည့် မောင်းသွားတာလို့ ပြောဆိုကြပါတယ်။
“အခုသိရသလောက် ပြစ်မှုကျူးလွန်သူဟာ ဆော်ဒီအာရေဗျနိုင်ငံမှ အသက် ၅၀ အရွယ် ဆရာဝန် အမျိုးသား တဦးဖြစ်ပြီး သူဟာ ၂၀၀၆ ခုနှစ်မှာ ဂျာမနီဖက်ဒရယ်သမ္မတနိုင်ငံကို ပထမဆုံးအကြိမ် ဝင်ရောက်လာခဲ့တာ” လို့ ဆက်ခ်စနီ အန်ဟော့လ်ထ်ပြည်နယ် ပြည်ထဲရေး၀န်ကြီး တာမာရာ ဇီရှန်းင်က ပြောပါတယ်။
သူ့မှာ အခြေချခွင့်ပါမစ်နဲ့ အမြဲတမ်းနေထိုင်ခွင့်ရှိပြီး ဘန်းဘုဂ်မြို့မှာ ဆရာဝန်တယောက်အဖြစ် နောက်ဆုံးအလုပ်လုပ်ခဲ့ကြောင်း ခုထိတော့ တခြား ပူးပေါင်းပါဝင်သူ ရှိကြောင်း မတွေ့ရသေးဘူး လို့ ပြောပါတယ်။
မြို့တော်ပြောရေးဆိုခွင့်ရှိသူကတော့ ခရစ္စမတ်အားလပ်ရက်တွေအထိ လူတွေစုရုံး ဆင်နွှဲခဲ့ကြတဲ့ ပွဲဈေးမှာ အကြီးစား စစ်ဆင်ရေးတခုလို့ အတည်ပြုခဲ့ပါတယ်။
ပြီးခဲ့တဲ့လနှောင်းပိုင်းတုန်းက ဂျာမန်ပြည်ထဲရေးဝန်ကြီး နန်စီ ဖယ်ဆာဟာ လူတွေကို ခရစ္စမတ် ဈေးရောင်းပွဲတွေမှာ သတိထားကြဖို့ အကြံပြုခဲ့ပါတယ်။
လွန်ခဲ့တဲ့ ၈ နှစ်တုန်းကလည်း နိုင်ငံရေးခိုလှုံခွင့်မရတဲ့ အစ္စလာမ်စ် အချိတ်အဆက်တွေရှိတဲ့ တူနီးရှားအမျိုးသား အနစ်စ်အမ်မရီဟာ ထရပ်ကားတစီးနဲ့ ဘာလင်မြို့က လူစည်ကားများပြား နေတဲ့ ခရစ္စမတ်ဈေးရောင်းပွဲရှိ လူအုပ်ထဲကို တိုးဝင်မောင်းနှင်ခဲ့တာကြောင့် လူ ၁၂ ဦး သေဆုံးပြီး ဒါဇင်နဲ့ချီပြီး ဒဏ်ရာရရှိခဲ့ဖူးပါတယ်။
Source-Reuters











