
အီရတ်နဲ့ ဆီးရီးယားမှာ အစ္စလာမစ် နိုင်ငံတော်အမည်ခံ IS စစ်သွေးကြွအဖွဲ့အုပ်ချုပ်ချိန်က ယာဇီဒီ မိန်းကလေး ၂ ယောက်အပေါ်ကို ကျွန်ပြုခဲ့တဲ့အတွက် IS အဖွဲ့ဝင်ဟောင်း ၂ ယောက်ကို ဂျာမန် တရားရုံးတခုက ဇူလိုင် ၁၃ ရက်မှာ လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။
အမျိုးသားတယောက်ကို ထောင်ဒဏ်တသက်နဲ့ သူ့ဇနီးဟောင်းကို ထောင်ဒဏ် ၉ နှစ်နဲ့ ၆ လ ပြစ်ဒဏ် ချမှတ်ခဲ့တာပါ။
တရားခံတွေဟာ IS အဖွဲ့ ထိန်းချုပ်ထားတဲ့ နယ်မြေမှာနေချိန်က ယာဇီဒီကလေး ၂ ယောက်ကို ကျွန်အဖြစ် ဖမ်းဆီးထားခဲ့တာကို မြူးနစ်မြို့ အဆင့်မြင့် ဒေသဆိုင်ရာတရားရုံးက တွေ့ရှိခဲ့ပါတယ်။
တရားရုံးရဲ့ တွေ့ရှိချက်တွေအရ အမျိုးသားဟာ မိန်းကလေးတွေကို အကြိမ်ကြိမ် မုဒိမ်းကျင့်မှုနဲ့လည်း ပြစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။
ရာဇဝတ်မှုတွေကို အီရတ်နဲ့ ဆီးရီးယားမှာ ကျူးလွန်ခဲ့တာ ဖြစ်ပေမဲ့ ဘယ်နေရာမှာ ကျူးလွန်ခဲ့တယ် ဆိုတာကို လျစ်လျူရှုပြီး အပြင်းထန်ဆုံး နိုင်ငံတကာ ရာဇဝတ်မှုတွေကို စစ်ဆေးခွင့်ပြုတဲ့ တရားစီရင်ပိုင်ခွင့်ဆိုင်ရာ မူအရ ဂျာမန်အာဏာပိုင်တွေက တရားရုံးတွေမှာ အမှုကို တရားစွဲဆိုနိုင်ခဲ့ပါတယ်။
အီရတ်နဲ့ ဆီးရီးယားရဲ့ အစိတ်အပိုင်း အမြောက်အမြားကို ထိန်းချုပ်ထားပြီး ယာဇီဒီတိုင်းရင်းသားတွေ အပါအဝင် လူနည်းစုအသိုင်းအဝိုင်းတွေအပေါ် ကျယ်ကျယ်ပြန့်ပြန့် ရက်စက်ကြမ်းကြုတ်ခဲ့တဲ့ IS အဖွဲ့ဝင်တွေအဖြစ် သူတို့ ၂ ယောက်ကို ပြည်ထောင်စုရှေ့နေရုံးက တရားစွဲဆိုခဲ့ပါတယ်။
အရှေ့အလယ်ပိုင်းပဋိပက္ခတွေအတွင်း ကျူးလွန်ခဲ့တဲ့ နိုင်ငံတကာရာဇဝတ်မှုတွေမှာ သံသယရှိသူတွေကို ပစ်မှတ်ထားတဲ့ တရားရုံး ဆုံးဖြတ်ချက်ဟာ ဂျာမနီမှာ တရားစွဲဆိုမှုတွေအတွင်း နောက်ဆုံး ထွက်ပေါ်လာတဲ့ ဆုံးဖြတ်ချက်လည်း ဖြစ်ပါတယ်။
အီရတ်မြောက်ပိုင်းက ဘာသာရေးလူနည်းစုဖြစ်တဲ့ ယာဇီဒီလူမျိုးတွေဟာ ၂၀၁၄ ခုနှစ်မှာ IS အဖွဲ့က သူတို့ရဲ့ အသိုက်အဝန်းတွေကို ထိုးစစ်ဆင်ပြီးတဲ့နောက် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၊ အတင်းအကျပ် နေရာရွှေ့ပြောင်းမှု၊ ကျွန်ပြုမှုနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို ခံခဲ့ရပါတယ်။
ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေက IS တွေရဲ့ လုပ်ရပ်ကို လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် ဖော်ပြခဲ့ကြပါတယ်။ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို အယူခံဝင်နိုင်ပါတယ်။
Source: Reuters










