
စစ်မှုထမ်းဖို့ ပေါ်တာဆွဲဖမ်းဆီးခံရတဲ့ လူငယ်တွေကို ကျုံပျော်မြို့နယ်ကနေ ကားနဲ့ခေါ်ဆောင်လာတုန်း လူငယ်တချို့ ကားပေါ်ကနေ ခုန်ချထွက်ပြေးသွားလို့ စစ်ကောင်စီတပ်က လိုက်လံရှာဖွေနေတယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
စစ်ကောင်စီတပ်က လူငယ်တချို့ကို ပေါ်တာဆွဲဖမ်းဆီးပြီး ဒီဇင်ဘာ ၂၀ ရက်မနက်ပိုင်းမှာ ကျုံပျော်မြို့နယ်ကနေ ဟိုက်ဂျက်ကားနဲ့ခေါ်ဆောင်သွားတုန်းမှာ ဓနုဖြူမြို့မရောက်ခင် ကျုံပျော်နဲ့ ကျုံတနီးကြား ရေစခန်းကျေးရွာအနီးမှာ ကားပေါ်ကနေ ခုန်ချထွက်ပြေးသွားတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်နဲ့ နီးစပ်သူတယောက်က “ပေါ်တာဆွဲခံထားရတဲ့ လူငယ်အယောက် ၂၀ ကို ကားနဲ့ ခေါ်သွားရင်း ထွက်ပြေးသွားတာလို့ သိရပါတယ်။ ဓနုဖြူတပ်ကနေတဆင့် ရန်ကုန် သင်တန်းကျောင်းကို ပို့ဖို့အတွက် ခေါ်လာရင်းထွက်ပြေးသွားတာ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က ပေါ်တာဆွဲဖမ်းခေါ်လာတဲ့ လူငယ် အယောက် ၂၀ ထဲက ကားပေါ်ကနေ ၆ ယောက် ထွက်ပြေးသွားတာဖြစ်ပြီး ကျုံပျော်မြို့နယ်နဲ့ကျုံတနီးကြားက ကျေးရွာတွေမှာ စစ်ကောင်စီတပ်က ပိုက်စိပ်တိုက်ရှာဖွေစစ်ဆေး နေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၇ ရက်ကလည်း ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ ရွှေမြင့်တင်ကျေးရွာက စစ်ကောင်စီရဲ့ အမှတ် ၆ လေ့ကျင့်ရေးတပ်မှာ စုဆောင်းထားတဲ့ စစ်မှုထမ်းတပ်သားသစ် အယောက် ၅၀ နီးပါး ထွက်ပြေးသွားပြီး ၁၆ ယောက် ပြန်လည်အဖမ်းခံခဲ့ရတယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။











