
ဆီးရီးယားအာဏာရှင် သမ္မတ ဘာရှားအလ်-အာဆတ်ကို ဖြုတ်ချခဲ့တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ချီတက်လာချိန်အတွင်း အီရတ်နိုင်ငံမှာ ခိုလှုံခဲ့ကြတဲ့ ဆီးရီးယားစစ်သားအယောက် ၂၀၀၀ နီးပါး ကို ဒီဇင်ဘာ ၁၉ ရက်မှာ သူတို့နိုင်ငံဆီ ပြန်ပို့ပေးခဲ့တယ်လို့ အီရတ်စစ်တပ်က ထုတ်ပြန်ပါတယ်။
ဆီးရီးယားတပ်သားတွေကို သူတို့ရဲ့ တောင်းဆိုချက်အရ ပြန်ခိုင်းခဲ့တာဖြစ်ပြီး အီရတ်နဲ့ ဆီးရီးယားအကြား နယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်ခဲ့ကြောင်းလည်း ဆိုပါတယ်။
ဆီးရီးယားဘက်ခြမ်းက ပါတီတချို့နဲ့ ညှိနှိုင်းပြီးတော့ ဆီးရီးယား အရာရှိတွေနဲ့ စစ်သား ၁,၉၀၅ ဦးကို အာလ်-ကိမ်းမ် နယ်စပ်ဖြတ်ကျော်ဂိတ်က ဆီးရီးယားဘက်ခြမ်းရှိ ကာကွယ်ရေးတပ်ဖွဲ့ဆီကို တရားဝင် လွှဲပြောင်းပေးအပ်ခဲ့ကြောင်းလည်း ထုတ်ပြန်ချက်က ဆိုပါတယ်။
သူတို့ရဲ့လက်နက်တွေကို အီရတ်ကာကွယ်ရေးဝန်ကြီးဌာန လက်ဝယ်မှာ ဆက်လက်ထားရှိ ပြီးတော့ ဆီးရီးယားအစိုးရသစ် ဖွဲ့စည်းပြီးရင် လွှဲပြောင်းပေးအပ်သွားမှာ ဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
အာမဒ် အလ်-ရှာရား ဦးဆောင်တဲ့ ဆီးရီးယား တော်လှန်ရေးတပ်ဖွဲ့တွေ မြို့တော် ဒမတ်စကတ်ကို မသိမ်းပိုက်ရသေးခင်မှာ အရမ်းကို မြန်ဆန်တဲ့ ချီတက်မှုတွေကြောင့် ရုရှားနိုင်ငံကို အာဆတ် ထွက်ပြေးသွားခဲ့ပြီး ဒီဇင်ဘာ ၈ ရက်မှာ အာဆတ်ရဲ့ စစ်တပ်မှ တပ်ဖွဲ့ဝင်တွေဟာ ခုခံ တိုက်ခိုက်ခြင်းမပြုပဲ အီရတ်နိုင်ငံအတွင်းကို နယ်စပ်ဖြတ်ကျော် သွားခဲ့ကြပါတယ်။
ရှာရားဦးဆောင်တဲ့ ဆီးရီးယားစစ်ဌာနချုပ်မှ အိမ်စောင့်အစိုးရ ဖွဲ့လိုက်ပြီး မိုဟာမက် အယ်လ်-ဘာရှားကို ၀န်ကြီးချုပ်အဖြစ် မတ်လအထိ ခန့်အပ်ခဲ့ပါတယ်။
ဆီးရီးယားတပ်ဖွဲ့တွေဟာ ဆီးရီးယားအာဏာပိုင်အသစ်တွေက ထုတ်ပြန်တဲ့ လွတ်ငြိမ်းချမ်းသာခွင့်ထဲမှာ ပါဝင်ခွင့်ပြုဖို့ တောင်းဆိုကြောင်း ကတိပြုစာရေးပြီးနောက်မှာ ဆီးရီးယားတပ်တွေ နိုင်ငံပြန်ခဲ့ကြတာလို့ အီရတ်စစ်တပ်က ပြောပါတယ်။
Source-Reuters











