
မြန်မာပြည်တွင်းက စစ်ဘေးသင့်ပြည်သူတွေနဲ့ လတ်တလလောဖြစ်ပွားနေတဲ့ ရေဘေးကြောင့် ဒုက္ခရောက်နေတဲ့ ပြည်သူတွေကိုကူညီဖို့ ဥရောပသမဂ္ဂ(EU) က ယူရို ၁၀ ဒသမ ၅ သန်း ကူညီထား တယ်လို့ ဩဂုတ် ၁၄ ရက်မှာ ကြေညာပါတယ်။
အခုထောက်ပံ့မှုဟာ ပဋိပက္ခတွေ၊ နေရပ်စွန့်ခွာရွှေ့ပြောင်းရတာတွေ၊ နိုင်ငံတဝန်းက ရေကြီးရေလျှံနဲ့ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ခံစားနေရသူတွေအတွက် အသက်ကယ်ဆယ်ရေးဆိုင်ရာ အကူအညီတွေ ပံ့ပိုးပေးနိုင်ဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အခုထောက်ပံ့တဲ့ အကူအညီတွေထဲမှာ အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှု၊ စားနပ်ရိက္ခာ၊ အကာအကွယ်ပေးရေး၊ ခိုလှုံရာနေရာတွေအပြင် ရေနဲ့ သန့်ရှင်းရေးပစ္စည်းတွေ ပါဝင်မယ်လို့လည်း EU က သူတို့ရဲ့ ထုတ်ပြန်ချက်ထဲမှာ ပြောထားပါတယ်။
ဥရောပသမဂ္ဂက ဒီနှစ်အတွင်းမှာ မြန်မာနိုင်ငံအတွင်းက အကူအညီလိုအပ်နေတဲ့ ပြည်သူတွေကို ကူညီထောက်ပံ့ပေးနေတာ ယူရို ၄၉ ဒသမ ၁ သန်းအထိ ရှိလာပြီလို့လည်း ဆိုပါတယ်။
ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့(WFP) ကလည်း လတ်တလောဖြစ်ပေါ်နေတဲ့ ရေဘေးနဲ့ ပတ်သက်လို့ ထောက်ပံ့ကူညီမှုတွေ စတင်လုပ်ဆောင်နေပြီး လက်ရှိမှာ ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ် အတွင်းက ရေဘေးသင့်ပြည်သူ (၁၀,၀၀၀) အတွက် အာဟာရဖြည့် ဘီစကွတ် မက်ထရစ်တန်ချိန် ၂၀ ကို ဒေသခံမိတ်ဖက်အဖွဲ့အစည်းတွေဆီ ပေးပို့ထားတယ်လို့ ဩဂုတ် ၁၃ ရက်မှာ ထုတ်ပြန် ကြေညာထားပါတယ်။
WFP အနေနဲ့ မြန်မာနိုင်ငံတဝန်းက ရေဘေးသင့်ဒေသတွေရဲ့ အခြေအနေကို စောင့်ကြည့်နေပြီး တိုင်းနဲ့ ပြည်နယ်အသီးသီးက အလိုအပ်ဆုံးဒေသတွေမှာ အကူအညီတွေ တိုးချဲ့ပေးဖို့ အသင့်ပြင် ထားတယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် ရေဘေးသင့်မိသားစုတွေဆီ အကူအညီတွေ အချိန်မီရောက်ရှိနိုင်ဖို့ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ သွားလာခွင့်နဲ့ အရေးပေါ်ရန်ပုံငွေတွေ အရေးတကြီး လိုအပ်နေသေးတယ် လို့လည်း WFP က သူတို့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။











