DVB Logo
Home
နိုင်ငံတကာ
ရီပတ်ဘလစ်ကန် တင်သွင်းသည့် အသုံးစရိတ် ဥပဒေကြမ်းကို အမေရိကန်အောက်လွှတ်တော် ပယ်ချ
DVB
·
December 20, 2024
ရီပတ်ဘလစ်ကန် တင်သွင်းသည့် အသုံးစရိတ် ဥပဒေကြမ်းကို အမေရိကန်အောက်လွှတ်တော် ပယ်ချ
Donate to DVB

ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ပ် ကျောထောက်နောက်ခံပြုထားတဲ့ ရီပတ်ဘလစ်ကန် အသုံးစရိတ် ဥပဒေကြမ်းကို ဒီဇင်ဘာ ၁၉ ရက်က အမေရိကန်အောက်လွှတ်တော်မှာ ၁၇၄ မဲ - ၂၃၅ မဲနဲ့ ပယ်ချခဲ့တာကြောင့် တစိတ်တပိုင်း အစိုးရပိတ်ချပစ်မှုကို မြန်မြန်ဆန်ဆန် ကြုံလာရနိုင်ပါတယ်။

ဒါကို ရှောင်ရှားတားဆီးနိုင်ဖို့အတွက် ကွန်ဂရက်စ်မှာ ရှင်းလင်းတဲ့ အစီအစဉ်လည်း မရှိသေးပါဘူး။

အစိုးရရန်ပုံငွေဟာ ဒီဇင်ဘာ ၂၀ ​​ရက် ညသန်းခေါင်ယံမှာ သက်တမ်းကုန်ဆုံးမှာ ဖြစ်ပါတယ်။

တကယ်လို့ ဥပဒေပြုအမတ်တွေဟာ အဲဒီရက်ကို သက်တမ်းတိုးဖို့ ပျက်ကွက်တယ်ဆိုရင် နယ်ခြားစောင့်တပ်မှ အမျိုးသားဥယျာဉ်တွေအထိ အရာအားလုံးအတွက် ရန်ပုံငွေထောက်ပံ့မှုကို အနှောင့်အယှက်ဖြစ်ပြီး ဖက်ဒရယ်လုပ်သား ၂ သန်းကျော်အတွက် လုပ်ခလစာတွေကို ဖြတ်ချနိုင်တဲ့ အမေရိကန်အစိုးရရဲ့ ဌာနတွေ တစိတ်တပိုင်း ပိတ်သိမ်းမှု စတင်တော့မှာ ဖြစ်ပါတယ်။

အလုပ်များတဲ့ အားလပ်ရက်ရာသီမှာ ခရီးသွားတွေဟာ လေဆိပ်တွေမှာ အကြာကြီး တန်းစီနေရတာမျိုးတွေ ကြုံရနိုင်တယ်လို့ အမေရိကန် သယ်ယူပို့ဆောင်ရေး လုံခြုံရေး အုပ်ချုပ်မှုအဖွဲ့က သတိပေးထားပါတယ်။

အောက်လွှတ်တော်က ရီပတ်ဘလစ်ကန် ခေါင်းဆောင်တွေက အလောတကြီး စုဝေးလုပ်ဆောင်ထားတဲ့  ဒီအသုံးစရိတ် ဥပဒေကြမ်းဟာ အရင်တုန်းက ထရမ့်ပ်နဲ့ အီလွန်မတ်စ်ခ်တို့ ဒီမိုကရက်တွေကို ပရိုမိုးရှင်းလုပ်တဲ့ အစီအစဉ်ဆိုပြီး ဝေဖန်ပြစ်တင်ခဲ့ဖူးတဲ့ အရင်ဗားရှင်းအဟောင်းနဲ့လည်း အတော်ကြီး ဆင်တူနေပါတယ်။

ထရမ့်ပ် အိမ်ဖြူတော်မှာ ရောက်နေမယ့်အချိန်၊ ရီပတ်ဘလစ်ကန်တွေကလည်း ကွန်ဂရက် လွှတ်တော် ၂ ရပ်လုံးကို ထိန်းချုပ်မယ့်အချိန်ဖြစ်တဲ့ မတ်လအထိ အစိုးရရန်ပုံငွေကို တိုးမြှင့်ပေးမှာ ဖြစ်ပြီးတော့ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးအတွက် ဒေါ်လာ ၁၀၀ ဘီလီယံ ထောက်ပံ့ပေးကာ ကြွေးမြီတွေကို ဆိုင်းငံ့ပေးထားမှာ ဖြစ်ပါတယ်။

ရီပတ်ဘလစ်ကန်တွေဟာ လွှတ်တော်ကိုယ်စားလှယ်တွေအတွက် လစာတိုးပေးခြင်းနဲ့ ပြင်ပပုဂ္ဂိုလ်တွေ ကျန်းမာရေး အကျိုးခံစားခွင့်ဆိုင်ရာ စည်းမျဉ်းအသစ်တွေလို မူရင်းပက်ကေ့ချ်မှာ ထည့်သွင်းထားတဲ့ တချို့အကြောင်းအရာတွေကိုတော့ ဖြုတ်ချထားပါတယ်။

ထရမ့်ပ်ရဲ့ တိုက်တွန်းချက်အရ ဒီဗားရှင်းအသစ်ဟာ နိုင်ငံတော်ကြွေးမြီအပေါ် ကန့်သတ်ချက်တွေကို ၂ နှစ် ဆိုင်းငံ့ထားမှာဖြစ်ပြီး သူ ကတိပြုထားတဲ့ သိသိသာသာ အခွန်ဖြတ်တောက်မှုတွေကို ကျော်ဖြတ်ဖို့ ပိုလွယ်ကူစေတဲ့ လုပ်ဆောင်ချက် ဖြစ်ပြီးတော့ ဖက်ဒရယ်အစိုးရရဲ့ ကြွေးမြီ ဒေါ်လာ ၃၆ ထရီလီယံကို ဆက်တက်သွားစေမယ့် လှုပ်ရှားမှုတခုလည်း ဖြစ်ပါတယ်။

ရွေးကောက်ပွဲမတိုင်ခင်မှာ ဒီမိုကရက်တွေနဲ့ ရီပတ်ဘလစ်ကန်တွေက ကွန်ဂရက်လွှတ်တော်ဟာ အစိုးရကို ပိတ်သွားရစေဖို့ ခွင့်ပြုလိုက်ရင် တခြားပါတီမှာ အပြစ်ရှိလိမ့်မယ်လို့ သတိပေးခဲ့ပါတယ်။

အမေရိကန် လူနည်းစု ကိုယ်စားလှယ်ခေါင်းဆောင် ဟာကီးမ် ဂျက်ဖ်ရီစ် ကတော့ အောက်လွှတ်တော် ရီပတ်ဘလစ်ကန်တွေက ရေးဆွဲတင်သွင်းတဲ့ ဒီဥပဒေကြမ်းဟာ ရုပ်သေးကြိုးဆွဲ ဆရာကြီးတွေ ပါဝင်ပတ်သက်နေပြီး အစွန်းရောက် MAGA ရီပတ်ဘလစ်ကန်တွေက ချမ်းသာသူတွေ၊ ချမ်းသာသူတွေ၊ ပေါင်းသင်းဆက်ဆံရေးကောင်းတဲ့ သန်းကြွယ်သူဌေးတွေနဲ့ ဘီလျံနာ သူဌေးတွေ အမိန့်ပေး ခိုင်းစေတဲ့အတိုင်း လုပ်ဖို့ ဆုံးဖြတ်ခဲ့ကြတာဖြစ်ပြီး အလုပ်သမား လူတန်းစားတွေအတွက် မဟုတ်တာကြောင့် ဘာမဲမှ မပေးဘူးလို့ ပြောဆိုခဲ့ပါတယ်။

Source : Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013